ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ ကြင်စိုးကို ထားရစ်ခဲ့ [၆]
ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ ကြင်စိုးကို ထားရစ်ခဲ့ [၆]
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၂
‘ရာဇဝတ်အိုးထဲမှာ ကြင်စိုးကို ထားခဲ့ရမလား၊ သာဝကိုထားခဲ့ရမလား’
ဆိုပြီး ‘ဝကီလိခ်’ အဖွဲ့သားများ ဦးနှောက်စားနေရတာမို့ လူထုကြားဆင်း စစ်တမ်းကောက်နေရပါတယ်။
အဲဒီတော့မှ သာဝ နံမည်က လွယ်လွယ်နဲ့ ကိစ္စမပြတ်နိုင်မှန်း ပိုသိလာရပါတယ်။ တစ်ယောက်က
ပြန်မေးတယ်၊ ‘ကြင်စိုး ဆိုတာ အဝီစိ’ကို ပြောတာလားတဲ့၊ အဝီစိရောက်မှာ သေချာတာမို့
သူကတော့’အဝီစိ’လို့ပဲ ခေါ်တော့သတဲ့။ နောက်တစ်ယောက် ကျပြန်တော့ ‘ငရဲဇောက်ထိုး
ငကြင်စိုး’လားတဲ့၊ ဒါလည်း ဟုတ်ပြန်တာပဲ။ ဘေးနားက လူက ကြိုးစင်ပေါ်မှာ ကိစ္စမပြီးခင်
ကျဥ်စက်နဲ့အရင် အားရပါးရ နေရာအနှံ့ တို့ဦးမှာဖြစ်လို့ ‘ကျဥ်စက်ကြင်စိုး မအလ’
ဆိုပြီး သူကတော့ သံနေသံထားနဲ့ ခေါ်ပါသတဲ့။ တချို့ကတော့ ‘ဒီဆီကုန်မြေလေး’ နံမည်များ
အချိန်ကုန်ခံမနေပါနဲ့တဲ့ လေသံက ခပ်ပြတ်ပြတ်၊ ငရဲက ဆီပူအိုးထဲ သုံးရမယ့်ဆီကိုတောင်
နှမြောနေကြတာ။ ‘ဖိုးအင်ဝမ်း(4 in 1)’လို့ ခေါ်တဲ့သူကို နံမည်ပေး
သိပ်မရင့်သီးတာကြောင့် ဟိုဘက်ရပ်ကွက်ကလားလို့တောင် အစက ထင်မိပါသေးတယ်၊ သူ ပြန်ရှင်းပြတော့မှ
ဟစ်တလာ၊ မူဆိုလီနီ၊ ဆဒမ်ဟူစိန်နဲ့ ကဒါဖီ လေးယောက်ပေါင်းထက်တောင် ယုတ်မာ အောက်တန်းကျတယ်လို့
သတ်မှတ်ထားတာကြောင့် အဲသလို ခေါ်တယ် ဆိုတာကို သိလိုက်ရတယ်။
‘ဝကီလိခ်’ရဲ့ လှည့်လည်မေးမြန်းမှုကတော့
သက်ကြီးရွယ်ကြီးတို့ရဲ့ စကားဝိုင်းတစ်ခုမှာပဲ အဆုံးသတ်ခဲ့ရ ပါတယ်၊ နံမည် ဘယ်လိုခေါ်ဝေါ်နေကြသလဲလို့မေးရုံရှိသေးတယ်
‘ဒီအကောင့်နံမည် ခေါ်ရမှာ ပါးစပ်သနတယ်’ ဆိုပြီး အဖိုး၊ အဖွား၊ ဦးကြီး၊ ဒေါ်ကြီးအားလုံးက
မတ်တတ်ထရပ်ပြီးတော့ ‘ဒီအကောင်ကို ငါတို့က ဟောဒီလိုပဲ ခေါ်တယ်’ဆိုကာ ပုဆိုး ထဘီ လှန်ပြဖို့
လုပ်ကြလို့ အတင်းတောင်းပန်ပြီး အမြန်ပြန် ထွက်လာခဲ့ရလို့ပါ။ အချိန်နဲ့အမျှ ပိုလို့ဆိုးဝါးတဲ့
နံမည်သစ်တွေ ထပ်ရနေဦးမှာဆိုတာ ရိပ်စားမိပေမယ့် လောလောဆယ်မှာတော့ လူပြောသူပြောပိုများပြီး၊
စာမျက်နှာပေါ်မှာ ကြည့်ပျော်ရှုပျော်ပိုရှိတဲ့ ကြင်စိုး အမည်သစ်ကိုပဲ နှစ်သစ်မှာ
စသုံးလိုက်ပါမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကြင်စိုးကတော့
တနိုင်ငံလုံး ‘မအလ’နေကြတာကို မမြင်ရက် မကြားရက်တဲ့ မြူးမြူးကြွကြွ သူ့’အဝှာ’မ၊
မြိုင်မြိုင်ဆိုင်ဆိုင် သူ့’အဝှာ’ကိုင်ကြတဲ့ တသိုက်က နံမည်သစ်လှလှတစ်ခု
ရှာပေးလိုက်တာလို့ အစက ထင်ထားတာပါ။ ဘာကိုဘာမှ စေ့စေ့စပ်စပ် ရှိသူမဟုတ်တော့
‘ကြင်စိုး’ကို ဘယ်လိုစာလုံးပေါင်းလဲ ဆိုတာတောင် သေသေချာချာ မစစ်ဆေးဘဲ ထင်ချင်တာ ကောက်ထင်လိုက်တယ်။
ကြင်စိုးက ယပလက်နဲ့ ’ကျင်’တဲ့ အသံထွက်လို့ ထင်နေတာ၊ သူ့’အဝှာ’’မ'တဲ့ ‘ကိုင်’တဲ့တသိုက်က အိမ်နီးနားချင်း
ပေါက်ဖေါ်သူကြီးရဲ့ နံမည်နဲ့ဆင်အောင်၊ ဂုဏ်ပြုအမွှမ်းတင်လိုက်တာလို့ ထင်ပြီး
သီချင်းတောင် လုပ်ပြီးညည်းနေလေရဲ့။
♪ လုက’ကျင်ပင်း’ ဝက’ကျင်စိုး’♬
♫ ခိုးတာတွေ အားလုံးရောင်းမယ်♪
♪ ဝက’ကျင်စိုး’ လုက’ကျင်ပင်း’♬
♫ ကြိုက်တာကို ရွေးစမ်း ကိုယ့်လူ♪
အယူအင်မတန်သည်းတဲ့
ကြင်စိုးကို စာလုံးပေါင်းမှန်၊ အဓိပ္ပာယ်မှန် ပြောပြပြန်ရင်လည်း ကြောက်လန့်တကြား ချောက်ချားတဲ့စိတ်နဲ့
လိုဏ်ဂူထဲ သောင်းကျန်းနေမှာဆိုတော့၊ သူ့ဘာသာသူပဲ နောက်မှ သိပါစေတော့ ဆိုပြီး
မဒမ်ကြင်စိုးက မပြောဘဲ ထားလိုက်ပါတော့တယ်။
သိပ်တော့လည်း
မကြာလိုက်ပါဘူး၊ ကြင်စိုး အဓိပ္ပာယ်မှန်ကို သိသွားလေရဲ့။ တစ်နေ့ ကျည်ကာကားထဲ၊ ကျည်ကာ
ဝတ်ပြီး လူမမြင်အောင် ခေါင်းကိုဝှက်၊ ကိုယ်ကိုပုပြီး ခရီးသွားလေ့ရှိတဲ့ ကြင်စိုး
မြင်ဖြစ်အောင် မြင်လိုက်တာက ဂျန်ဇီလေးတစ်ယောက် ကိုင်ထားတဲ့
‘ကြင်စိုး’ဆိုင်းဘုတ်ကိုပါ၊ ‘အံမယ် ငါ့ကို အားပေးထောက်ခံတဲ့ ဂျန်ဇီလည်း
ရှိပေသားပဲ’ ဆိုပြီး သဘောကျနေတုန်း၊ နံဘေးက ဂျန်ဇီလေး ထပ်မြှောက်လိုက်တဲ့ ’ကြိုးစင်’ဆိုတဲ့
ဆိုင်းဘုတ်ကိုမြင်လိုက်တော့မှ အသက်ရှူတောင် ရပ်မတတ် ဖြစ်သွားတယ်၊ ကြည့်စမ်း’
ကြင်စိုး’ဆိုတာ ‘ကြိုးစင်’ ကို ပြောတာပါလားဆိုပြီး။
အဲဒီနောက်
ကြင်စိုးတစ်ယောက် ရမ်းပါတော့တယ်၊ လမ်းမှာတွေ့သမျှ ’ကြင်’ပါတဲ့ ဆိုင်းဘုတ်တွေ၊ ဆိုင်တွေဆိုရင်
ဆိုင်းဘုတ်ဖြုတ်၊ ရန်လုပ်ပါတော့တယ်။ ဒုက္ခအရောက်ဆုံးကတော့’ဒေါ်ကြင်မုန့်ဟင်းခါး’၊
‘ဦးကြင်ချဥ်ဖတ်’ ဆိုတာမျိုးပါပဲ၊ သူ့ကို တမင်စောင်းပါးရိပ်ခြည်လုပ်တာဆိုပြီး
အကြည်အညိုပျက်အောင် လုပ်မှုတွေ ဘာတွေတောင် ဖြစ်ကုန်ပါရော။ ဒါနဲ့တင် ဘယ်ကလေဦးမလဲ၊ ကြင်စိုး
ပြောခိုင်း လိမ်ခိုင်းသမျှ အကုန်လိုက်လုပ်ပေးတဲ့ ‘ရုပ်လိမ်သံမှား’ ဌာနတောင်
အဆစ်ပါသွားသေးတယ်။ အဲဒီညက ပြလက်စရုပ်ရှင်ကိုတောင် အဆုံးမသတ်နိုင်ဘဲ တဝက်တပျက်နဲ့ ရပ်လိုက်ရသတဲ့၊
စီစဥ်သူလည်း အလုပ်ပြုတ်တယ် ဆိုပဲ။ ကြင်စိုးတို့ လင်မယား စိတ်ဆိုးမယ်ဆိုလည်း
ဆိုးစရာ၊ ဇာတ်ကားနံမည်က “အကြင်တို့ လင်မယား”တဲ့လေ။
ကြင်စိုးတစ်ယောက်
ဘယ်လောက်အယူသည်းသလဲဆိုရင် အဲဒီစိတ်ကြောင့် နေပြည်တော်က အခမ်းအနား တစ်ခုတောင် ပျက်သွားရတယ်ဆိုတာ
‘ဝကီလိခ်’ကရထားတဲ့ ဗီဒီယိုကလစ်ကြောင့် သိလိုက်ရတယ်။
ဖြစ်ပုံက
ဒီလိုပါ၊ မှတ်မိကြပါလိမ့်အုံးမယ် ကြင်စိုးတို့ရပ်ကွက်က နေကြာဝတ်စုံကိုယ်စီနဲ့
သီတင်းကျွတ် ကာလကို။ အသေအချာ ပြန်စဥ်းစားကြည့်ကြပါ၊ တွေ့ရမြင်ရတဲ့အထဲမှာ
မဒမ်ကြင်စိုး အပါအဝင် အမှုတွဲကြီးကြီး၊ နှစ်ကြီးသမား (တချို့ကတော့
‘ကတော်ကြီးကြီးတွေလို့ပဲ အလွယ်ရေးလိုက်ကြတယ်)တွေ နေကြာဒီဇိုင်းနဲ့ ပုံတွေတင်၊
ပုံတွေ မြင်ခဲ့ရသလား ဆိုတာကို။ အောက်ပိုင်းကသူတွေလောက်သာ နေကြာဝတ်စုံနဲ့ လူအမြင်ကတ်အောင်
ကဲခဲ့ကြတာပါ၊ ဘာ့ကြောင့် မဒမ်ကြင်စိုးတို့အဆင့်မျိုးတွေ မပါခဲ့တာ ဆိုတာကို
ဆက်ဖတ်ကြည့်ရင် သိရပါလိမ့်မယ်။ အချိန်အခါသင့်တဲ့တစ်နေ့ ဗီဒီယိုကလစ်ပါ
တင်ပေးပါ့မယ်၊ အခုတော့ မြင်ယောင်သာ ကြည့်လိုက်ကြပါတော့။
သီတင်းကျွတ်
ကန်တော့ပွဲကို နေပြည်တော်မှာ ခမ်းခမ်းနားနားလုပ်ဖို့ စီစဥ်ခဲ့ပါတယ်၊ ကြင်စိုးကို ကန်တော့မယ့်
အဖွဲ့တွေက ခန်းမတစ်ခု၊ မဒမ်ကြင်စိုးကို ကန်တော့မယ့် အဖွဲ့တွေက ခန်းမတစ်ခုဆိုပြီး
ခွဲထားလေရဲ့။ မဒမ်ကြင်စိုးတို့ ခန်းမမှာတော့ မဒမ်ကြင်စိုး အပါအဝင် အားလုံးက
နေကြာဝမ်းဆက် ကိုယ်စီနဲ့ပါ၊ ဒါဆို ဘာ့ကြောင့် အဲဒီပုံတွေ တက်မလာသလဲ၊ မတွေ့ရသလဲ
ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ ဆက်ဖတ်ပေးစေလိုပါတယ်။
ကြင်စိုးဟာ
‘ကြင်စိုး-ကြိုးစင်’ ဆိုတာ သိခဲ့ရပြီးတဲ့နောက် စကားလုံးတွေကို ပိုသတိထားလာပါတယ်၊ ’နေကြာ-နာကြေ’
ဆိုတဲ့အနက်ကို သတိထားမိတဲ့အတွက် သိပ်တော့အစာမကြေရှာပါဘူး၊ စိတ်ထဲ ခို့လို့ခုလုနဲ့ပေါ့။
ဖြစ်ဖြစ်မြောက်မြောက် မစီမံ၊ မအုပ်ချုပ်နိုင်တဲ့ အမည်ခံ စီမံအုပ်ချုပ်ရေးကောင်စီကို
ဦးဆောင်နေရတော့ ကြင်စိုးတစ်ယောက် ညညဆိုရင် အိပ်တောင်မပျော်ရှာပါဘူး၊ ဒါ့ကြောင့် အခမ်းအနား
မစသေးလို့ စောင့်နေရတုန်း မှေးခနဲ ဖြစ်သွားလေရဲ့၊ အင်္ကျီမှာ
ကြိုးမဲ့မိုက်ကရိုဖုန်းအသေးစားလေး လာချိတ်ပေးသွားတာတောင် မသိလိုက်ဘူး။
ကြင်စိုး
အိပ်ပျော်သွားတာက ပြဿနာမဟုတ်၊ အိပ်မက်မက်တာကသာ တကယ့်ပြဿနာပါ။ အိပ်မက်ထဲမှာ
ကြင်စိုးက ခွဲစိတ်ခန်းထဲက ခုတင်ပေါ်မှာ ရောက်နေတယ်၊ အိပ်မက်ဆိုတော့
သူဘာဖြစ်တာလဲဆိုတာကလည်း ဝိုးတို့ဝါးတား။ သူ့နံဘေးနားရောက်လာတဲ့ ဆရာဝန်လိုလူက ‘ကိုကြင်စိုး၊
ဘာမှမကြောက်နဲ့ဗျ ကျွန်တော်က ခင်ဗျားကိုယ်က ရှိသမျှအရိုးအားလုံး
ဖြတ်တောက်ခွဲထုတ်ပေးမယ့် အရိုးဆရာဝန်ကြီးဗျ’ဆိုပြီး အေးစက်စက် အသံကြီးနဲ့
ပြောလာတယ်။ ’ဟင် အဲသလိုဆို ငါ့တစ်ကိုယ်လုံး ဘာအရိုးမှမကျန်တော့ဘူးပေါ့’ ဆိုပြီး
ကြင်စိုး တွေးလိုက်တယ်။ အေးစက်စက် အသံကြီးကပဲဆက်ပြီး ‘ခင်ဗျားတို့ နေကြာရပ်ကွက်သားတွေရဲ့
‘နာကြေ’ ချင် တဲ့ ဆန္ဒပြည့်စေရမယ် ‘နာရစေမယ်၊ ကြေရစေမယ် ဟော့ဒီမှာကြည့်’ဆိုပြီး
သူ့လက်ထဲက ချွန်မြနေတဲ့ ကြင်စိုးအရပ်လောက်ရှိမယ့် ပုဆိန်သွားကြီးကို မြှောက်ပြလိုက်တယ်၊
ကြင်စိုးလည်း ရင်ထဲတလှပ်လှပ် ခုန်သွားပြီး
ကူပါ ကယ်ပါလို့ ဘေးကလူတွေကို ပြောမယ်ကြံတော့၊ အေးစက်စက်ဆရာဝန်ကြီးကို ကူညီမယ့် ခွဲခန်းဝတ်စုံနဲ့သူတွေကလည်း
ဧရာမလွှကြီး၊ တူကြီး၊ ကတ်ကြေးကြီးတွေကိုင်လို့၊ ဝတ်စုံတွေမှာလည်း PDF ဆိုပြီး ရေးထားလေရဲ့၊ ဒါနဲ့ပဲ
‘မနေကြာတော့ပါဘူး’၊ ’မနာကြေပါရစေနဲ့’ လို့ အသံကုန်အော်ဟစ်ပြီး ကြင်စိုးတစ်ယောက်
လန့်နိုးလာတယ်၊ရင်တုန်ပန်းတုန်နဲ့ ချွေးစေးတွေကပြန်၊ ကတုန်ကယင် ဖြစ်လို့ပေါ့။
အခမ်းအနားမစခင်
ရှုပ်ယှက်ခတ်နေတော့ ကြင်စိုး ဖြစ်ပျက်နေတာ ဘယ်သူမှ သတိမထားမိလိုက်ကြပါဘူး၊ အယူသည်းတဲ့
ကြင်စိုးအတွက်တော့ နိမိတ်မကောင်းတဲ့ ‘နေကြာ’ အိပ်မက်ဆိုပြီး ဆုံးဖြတ်ချက်
တစ်ခုချလိုက် တယ်။ ‘မနာကြေ’ဖို့ ‘မနေကြာ’ဖို့ လိုတယ်ဆိုပြီးပေါ့။အဲဒီနောက်တော့
ကြင်စိုးတစ်ယောက် နေကြာဝတ်စုံဆင် တူတွေရှိတဲ့ မဒမ်ကြင်စိုးကို အကန်တော့ခံမယ့်
ခန်းမဆီ အပြေးထွက်လာခဲ့တယ်။ ဖြစ်ချင်တော့ ဟိုဘက်မှာက အခမ်းအနားစနေပြီ၊
မဒမ်ကြင်စိုးက ထိပ်မှာထိုင်နေပြီး အကန်တော့ခံနေတယ်။ ဒါ့ကြောင့် ကန်တော့နေတဲ့သူတွေနောက်နားက
အသာရပ်ပြီး မဒမ်ကြင်စိုးကို ခြေဟန်လက်ဟန် ပြနေရတယ်။ မဒမ်ကြင်စိုးက မြင်ပေမယ့်
ကြင်စိုး ဘာကိုဆိုလိုမှန်း မသိဘူး၊ ကြင်စိုး ပြောချင်တာက ‘နေကြာအင်္ကျီ၊ နေကြာထဘီကို
ချွတ်ပြီး သွားလဲလိုက်’ ဆိုတာကိုပါ။ နားမလည်တဲ့အတွက် မထူးတော့ဘူးဆိုပြီး ကြင်စိုးက
သူ့အင်္ကျီနဲ့ လုံချည်ကို ချွတ်ပြလိုက်တယ်၊ ကိုယ်ပေါ်မှာ စွပ်ကျယ်၊ ခါးမှာတော့ အာကာထွန်း
ဘောင်းဘီကျန်ပါသေးတယ်။ အားလုံးက ရှေ့မှာ ထိုင်နေတဲ့ မဒမ်ကြင်စိုးကို ထိုင်ကန်တော့ပြီး
တိုင်ပေးတာကို ကျောပေးရက်သား လိုက်ဆိုနေကြတော့၊ သူတို့နောက်က
ကြင်စိုးအဖြစ်အပျက်ကို မမြင်မိလိုက်ကြ။ ကြင်စိုးတစ်ယောက် အင်္ကျီကျွတ်
လုံချည်ကျွတ်နဲ့ ဖြစ်နေတာကို မြင်ပေမယ့် မဒမ်ကြင်စိုးက အဓိပ္ပာယ်မပေါက်လေတော့
ကြင်စိုးက ထပ်ပြီးလေသံနဲ့ ‘အင်္ကျီချွတ် ထဘီချွတ်
’ဆိုပြီး ပြောလိုက်ရတယ်။
ပြဿနာက
ဒီမှာစတာပါ၊ ကြင်စိုးက လေသံလေးနဲ့ပြောလိုက်ပေမယ့် အင်္ကျီမှာတပ်ထားတဲ့ မိုက်ကရိုဖုန်း
ကြောင့် ကြင်စိုးကို ကန်တော့ဖို့ စောင့်နေကြတဲ့ ခန်းမထဲမှာ
ကြင်စိုးရဲ့‘အင်္ကျီချွတ်၊ ထမီချွတ် ဆိုတဲ့ အသံကြီးက စပီကာကနေ ဟိန်းထွက်နေလေရဲ့။ ဒါနဲ့ပဲ
လက်ဖက်ခြောက်တို့၊ မဲလုံးတို့အဖွဲ့တွေ ကြင်စိုးရှိရာဆီ အပြေးလိုက် လာကြတယ်။
အင်္ကျီကျွတ် လုံချည်ကျွတ်နဲ့ ကြင်စိုးကိုမြင်တယ်ဆိုရင်ပဲ၊ လက်ဖက်ခြောက်က
အကွက်ပဲလို့ တွေးပြီး ‘ဒါဗိုလ်စောမောင်လို ဖြစ်သွားပြီ၊ သေနတ်သိမ်း (အဲ)လုံချည်သိမ်းလိုက်’ဆိုပြီး
သူ့ လူတွေကို အမိန့်ပေးလိုက်တယ်။ လုံချည်အသိမ်းခံလိုက်ရတဲ့ ကြင်စိုးက
ဝူးဝူးဝါးဝါးနဲ့ သူ့အဖြစ်အပျက်၊ သူ့အိပ်မက်ကို ရှင်းပြပါတော့တယ်။
အဲဒီတော့မှ
အယူကသည်း အတိတ်နိမိတ်ကို အသေယုံကြသူတသိုက်ဟာ ကိုယ့်ဆိုင်ရာ နေကြာဝတ်စုံတွေကို အပြေးချွတ်ဖို့
ခန်းမထဲဝင်သွားကြတယ်။ ဖြစ်ချင်တော့ အားလုံးကဆင်တူတွေဖြစ်နေတော့ သူ့ဇနီး၊
ကိုယ့်ဇနီး ရုတ်တရက် မခွဲနိုင်ကြပေဘူး၊ လက်ဖက်ခြောက်က ဘယ်တုန်းက အကြံစပြီးရှိနေလဲမသိ၊
မဒမ်ကြင်စိုးဆီကို အပြေးသွားလေရဲ့၊ လုံချည်အသိမ်းခံလိုက်ရတဲ့ ကြင်စိုးကတော့
မလိုက်နိုင်ဘဲ လက်ဖက်ခြောက်ရဲ့ ခြေလှမ်းတွေ မြင်တာနဲ့ မဲလုံးကို ‘မင်းက မဒမ်လက်ဖက်ခြောက်ကို
သွားချွတ်’လို့ အော်ပြောလိုက်တယ်။ အဲဒီတော့
လက်ဖက်ခြောက်လူတွေကလည်း လက်တုံ့ပြန်ဖို့ မဒမ်မဲလုံးဆီ အပြေးသွားကြတာပေါ့။
အားလုံး
ဝရုန်းသုန်းကားနဲ့ ပြေးကြလွှားကြ၊ ကျော်ကြခွကြနဲ့၊ လဲတဲ့သူကလဲ၊ အော်တဲ့သူကအော်၊
ဖြစ်ပျက်နေပုံများက မူကြိုကျောင်း ကလေးကစားကွင်းထဲ ရောက်နေသလိုမျိုး။ အနောက်ကလိုက်နေကြတဲ့
သူတွေရဲ့ စိတ်ထဲမှာ တူညီတာ တစ်ခုကတော့ သူတို့ကို ‘နာကြေ’ဒုက္ခရောက်စေမယ့်
‘နေကြာ’အဆင်တွေကို မမြင်ချင်ကြ၊ မမြင်ရဲကြတာပါ။ ကဲ ဒီလောက်ဆိုရင်
မဒမ်ကြင်စိုးတို့တသိုက်ရဲ့ နေကြာဝတ်စုံဆင်တူ ဓာတ်ပုံတွေ မတွေ့ မြင်လိုက်ရတဲ့
အကြောင်းရင်းကို သိကြပြီထင်ပါတယ်။
ဇာတ်လမ်းက
သိမ်းမယ်ဆိုရင် သိမ်းလို့ရပေမယ့် နောက်ဆက်တွဲ ကျန်နေတာလေးကို ရေးရပါဦးမယ်။
ဒီလိုပါ ကြက်ခြံသွားရ၊ ငှက်ပျောပင်စိုက်ဖို့ ပြောရ၊ ကိုဗစ်ကာကွယ်ဆေးဖော်ဖို့ စဥ်းစားရနဲ့
အလုပ်ကို ဇယ်စက်သလို လုပ်နေရသူ ကြင်စိုးက ကန်တော့ခံ အခမ်းအနားပြီးရင်
သူ့ဝန်ကြီးမတစ်ယောက်နဲ့ တွေ့ဖို့ အချိန်ကိုက်စီစဥ်ထားပါတယ်။ အလုပ်ကိစ္စတော့ မဟုတ်၊
ပြေးကြတဲ့အခါ သယ်သွားဖို့ စိန်ရွှေကိစ္စတွေ ဆွေးနွေးဖို့ပါ။ အချိန်သိပ်မရှိလေတော့
အာကာထွန်းဘောင်းဘီနဲ့ပဲ ‘သွက်သွက်ခါ’ကို လက်ခံတွေ့လိုက်ပါတော့တယ်။ ဒါက ပြဿနာ မဟုတ်၊
သွက်သွက်ခါ’ကသာ ပြဿနာဖြစ်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ သွက်သွက်ခါကလည်း ‘နေကြာ’ဝမ်းဆက်ဝတ်လာလို့ပါ။
ဒါကိုမြင်တာနဲ့
ကြင်စိုးတစ်ယောက် မျက်စိမျက်နှာပျက်ပြီး အခုနကခန်းမထဲမှာ သူ့လူတသိုက်နဲ့ မဒမ်
ကြင်စိုးအဖွဲ့ ဖြစ်ခဲ့သလိုမျိုး သွက်သွက်ခါရဲ့ နေကြာဝတ်စုံကို အတင်းလိုက်ချွတ်ပါလေတော့တယ်။
အစက တော့ ကြင်စိုး စနောက်နေတယ် ထင်ပြီး ‘သွက်သွက်ခါ’က ကလူ၏သို့၊ မြူ၏သို့ လုပ်ကာပြေးပြပါတယ်၊
နောက်တော့မှ ကြင်စိုး သဲကြီးမဲကြီး လိုက်ချွတ်နေတာမြင်ပြီး အူယားဖားယားနဲ့
လွတ်အောင်ပြေးရပါ တော့တယ်။
အရေးထဲ
ဖုန်းက ဝင်လာပါတယ်၊ ဖွင့်မကြည့်နိုင်ပေမယ့် ညီမတော်ဆီကဆိုတာ ဖုန်းသံကြားတာနဲ့
ချက်ချင်း သိလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူ ဆိုထားတဲ့‘မချစ်ရင်မနေနိုင်တာကလွဲလို့’ဆိုတဲ့
ဖုန်းမြည်သံကို သူမ အတွက် သီးသန့်လုပ်ပေးထားတာကြောင့်ပါ။ ဖုန်းမကိုင်မချင်း
‘မချစ်ရင်မနေနိုင်တာကလွဲလို့’သီချင်းက ဆက်တိုက်မြည်နေသလို၊ ကြင်စိုးရဲ့ ‘မချွတ်ရင်
မနေနိုင်တာကလွဲလို့’ဆိုပြီး အသံကွဲကြီးနဲ့ အနောက်က လိုက်ဆိုသံကလည်း စပီကာတွေက ဟိန်းထွက်နေပြီး
ခန်းမတစ်ခုလုံး ဆူညံပွက်နေလေရဲ့။
နေကြာကရှေ့၊
အာကာထွန်းကနောက် စိန်ပြေးတမ်းဖြစ်ရာကနေ၊ အာကာထွန်းကရှေ့၊ နေကြာကနောက်
ကဘောက်တိကဘောက်ချာ ဖြစ်ရင်လည်း ဖြစ်သွားပြန်ပါရော၊ သတိရတော့မှ
ရှေ့နောက်ပြန်တည့်ကြနဲ့ မြန်မာပေါကားရိုက်နေကြသလားတောင် ထင်မှတ်ရပါတယ်။
ပေါကားတွေမှာတော့
အခုလိုအခြေအနေမျိုးမှာ ကူညီပါရစေဆိုပြီး ပေါက်ချလာတတ်သူတွေ ရှိပါတယ်။
အခုတစ်ခါမှာတော့ သဲအိတ်တွေရဲ့နောက်မှာ ပိတ်မိနေလို့လားမသိ၊ မဒမ်ကြင်စိုးကိုယ်တိုင်
အခြေအနေကို လာရောက်ထိန်းသိမ်းသွားပါတယ်။
သွက်သွက်ခါကိုလည်း
အကျိုးအကြောင်းရှင်းပြလိုက်တဲ့အတွက် စိန်စျေး၊ ရွှေစျေးကိစ္စနောက်မှ ပြောတော့မယ် ဆိုပြီး
နေကြာဝတ်စုံကိုပြန်လဲဖို့ အမြန်ပြန်သွားလေရဲ့၊ မဒမ်ကြင်စိုး စိတ်တိုတိုနဲ့
ဗိုက်ခေါက်လိမ်ဆွဲတာ ခံထားရတဲ့ ကြင်စိုးကတော့ အာကာထွန်းဘောင်းဘီကို ဆွဲတင်ရင်း
မဒမ်ကြင်စိုး နောက်ကနေ မျက်နှာသေလေးနဲ့ ကုပ်ချောင်း ကုပ်ချောင်း လိုက်ပါသွားလေသတဲ့။
ဆားပုလင်းသာပိန်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar