မောင်မောင်စိုး - အေအေခေါင်းဆောင်နဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနအင်တာဗျူး ကောက်နုတ်ချက်
အေအေခေါင်းဆောင်နဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနအင်တာဗျူး ကောက်နုတ်ချက်
မောင်မောင်စိုး
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၂
ဘင်္ဂလားဒေ့ရှ် သတင်းဌာန Prothom Alo သတင်းမီဒီယာ နှင့် ရခိုင်တွင် ဩဇာလွှမ်းမိုးမှုရှိနေသော ULA/AA အဓိကခေါင်းဆောင်၏ အင်တာဗျူး တခုအား အများစိတ်ဝင်စား ဖတ်ရှုလေ့လာသုံးသပ်နေသည်ကို တွေ့ရသည်။ အဆိုပါ အင်တာဗျူးမှ တွေ့ရှိရသည့် ကောက်နုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ လက်ခံသူ လက်မခံသူ၊ ကြိုက်နှစ်သက်သူ မကြိုက်နှစ်သက်သူတော့ ရှိပေလိမ့်မည်။
၁။ လက်ရှိ AA အနေနနှင့် ယာယီအပစ်ရပ်ထားသော်လည်း တရားဝင်ဆွေးနွေးသဘောတူညီမှု ရရှိထားသည်မရှိ။ လက်ရှိတွင် ULA/AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့် ပတ်သက်ပြီး ကန့်ကွက်မှုရှိနေသော်လည်းဆက်လက်လုပ်ဆောင်သွားမည်။
၂။ ULA/AA အနေနှင့် ရခိုင်နိုင်ငံရေးအခင်းအကျင်းကို မိမိအစီအစဉ်အတိုင်းသွားမည်။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်ရေးကြိုးပမ်းသည့်ကာလမှသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကာလအထိ ဗမာနိုင်ငံရေးသမားများနောက်လိုက်ခဲ့သော်လည်း ရခိုင်အတွက်ထူးခြားမှုမရှိ၍ ဖေါက်ထွက်ရမည်ဟု ယူဆသည်။ တိတိကျကျဆိုရလျင် ဗမာနိုင်ငံ ရေးသမားများနောက်သို့မလိုက်တော့။ ကိုယ့်လမ်းကြောင်းနှင့်ကိုယ်သွားမည်။ ထိုအချက်သည် အရေးကြီးသည်။ ဗမာနိုင်ငံရေးသမားများ၏ ခေါင်းဆောင်မှုနောက်သို့ မလိုက်ဟု AA ကဲ့သို့ ထုတ်ဖေါ် ကြေညာခြင်းမရှိသော် လည်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များမှာလည်း အလားတူပင်ကိုယ်လမ်းကိုယ်ဖေါက်နေကြသည်ဟုဆိုရမည်။
၃။ ULA/AA ၏ ရည်မှန်းချက်သည် ရခိုင် အချုပ်အခြားအာဏာ ပြန်လည်ရရှိရေးဖြစ်သည်။
၄။ လက်ရှိ AA တွင် အင်အား ၃၀၀၀၀ (သုံးသောင်း) ခန့်ရှိနေပြီး ရခိုင်လွတ်မြောက်ရေးအတွက် အင်အား ၃၀၀၀၀ (သုံးသောင်း) မှ ၅၀၀၀၀ (ငါးသောင်း) ခန့်အထိ လိုအပ်သည်။ ထို့အတွက်ကြိုးစားမည်ဆိုသည့် သဘောကို တွေ့ရသည်။ လူအင်အားသာမက လက်နက်ခဲယမ်းအင်အားပါ ဖြည့်တင်းရန် အခက်အခဲကြားကလုပ်ဆောင်နေသည်ဟု ဖေါ်ပြသည်။
၅။ " ရိုဟင်ဂျာ" ဟုဆိုနေသူများကို " ရခိုင်ပြည်နယ်ရှိ မူစလင်များအဖြစ်" ခေါ်ဝေါ်သတ်မှတ်ပြီး ၎င်းတို့၏လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးအားအသိအမှတ်ပြုသည်။ ၎င်းတို့ဒေသအုပ်ချုပ်ရေး အဖွဲ့များတွင် ထည့်သွင်းဖွဲ့စည်းမည်။ ၎င်းတို့အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ့်နှင့် ဆွေးနွေးရန် အသင့်ရှိသည်။
၆။ လက်ရှိမြန်မာပြည် ပြည်တွင်း နိုင်ငံရေးအကြပ်အတည်းတွင် လိုအပ်သည့် ကူညီမှုပေးသည့်အဆင့်တွင်သာ ရပ်တည်နေသည်။
ဤသဘောထားများနှင့်ပတ်သက်၍ အမြင်မတူသူများရှိမည်ဖြစ်သည်။ မည်သို့ဖြစ်စေ ဤသဘောထားမှာ လက်ရှိ ရခိုင်တွင် အင်ကြီးအားကြီးဖြင့်ရပ်တည်နေသော လက်နက်ကိုင်အဖွဲ့တခု၏ အဓိကခေါင်းဆောင်၏ လက်တွေ့ဖေါ်ဆောင်နေသောသဘောထားဖြစ်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar