စေတ - ကဗျာဆရာ၊စာရေးဆရာတယောက်ဖြစ်ဖို့ဆိုတာ ...
ကဗျာဆရာ၊စာရေးဆရာတယောက်ဖြစ်ဖို့ဆိုတာ ...
စေတ
(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၂၂
ကဗျာဆရာ၊ စာရေးဆရာတယောက်ဖြစ်ဖို့ဆိုတာ ..
တခါကစာပေလောမှာ(အထူးသဖြင့်ကဗျာလောကမှာ)ကျွန်တော်စိုးရိမ်မိတာတခုရှိဖူးတယ်။ အမှောင်ခေတ်ရယ် .. အာဏာရှင်စနစ်ရယ်..ငွေဖောင်းပွမှုရယ်.. ကုန်စျေးနှုန်းမတန်တဆမြင့်တက်နေမှုရယ်..မပြောပလောက်တဲ့စာမူခရယ်..စာဖတ်သူရှားပါးမှုရယ်ကြောင့် ကဗျာဆရာတွေစာရေးဆရာတွေလုံးပါးပါးပြီး ပျောက်ကွယ်သွားနိုင်တယ်ဆိုပြီး ...။
အခုဒီနေ့မှာကျွန်တော့်အထင်လွဲသွားပါတယ်။ စာပေအပေါ်စစ်မှန်တဲ့စေတနာထားပြီး ခေတ်ဆိုးကြီးရဲဒဏ်ကိုတောင့်ခံရေးနေသူတွေလည်း ကွယ်ပျေက်မသွားဘဲ ပါရမီအခံရှိသူကဗျာဆရာမျိုးဆက်အသစ်တွေ ဆက်၍ဆက်၍ ပေါ်ထွန်းလာခဲ့လို့ပါပဲ။
ကမ္ဘာ့စာပေမှာပဲကြည့်ကြည့် ဗမာ့စာပေမှာပဲကြည့်ကြည့် ကဗျာဆရာစာရေးဆရာတယောက်ဟာ ကိုယ့်ရဲ့စာဖတ်ပရိတ်သတ်အခိုင်အမာရအောင် ထူထောင်နိုင်ဖို့၊ (established poet ဖြစ်လာဖို့ ) နှစ်ကာလအတန်ကြာ ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ရဲ့ရိုက် ခတ်မှုပြင်းတဲ့ လှိုင်းဒဏ်လေဒက်ကိုခုခံပြီး ကိုယ်ကိုယ်တိုင်မြန်မာရေ ာနိုင်ငံတကာစာပေပါနှံ့စပ်အောင်ဖတ်မှတ်ရပြီး ကိုယ်တိုင်ရေးသားမယ့်စာပေအနုပညာတရပ်ကို ဖန်တီးရေးသားရတာဖြစ်ပါတယ်။
အမေရိကန်စာရေးဆရာမကြီးမာဂရက်မစ်ချယ်လိုတပုဒ်တည်းရေးပြီး တပုဒ်တည်းနဲ့ကမ္ဘာ့စာဖတ်ပရိတ်သတ်ကြီးကိုဖမ်းစားထားနိုင်တဲ့ "Gone with the wind" လိုမျိုးနိုဗယ်ဝတ္ထုကြီးတပုဒ်ရေးနိုင်သူမျိုးကတော့ ချွင်းချက်ပေါ့လေ။ သူ့ရဲ့အတွေ့အကြုံတွေကလည်း အံ့မခန်းနိုင်လောက်ပါတယ်။
ခုအချိန်မှာ ကျွန်တော်တီု့ဆီကစာရေးသူစာဖတ်သူတွေကို လေ့လာဆန်းစစ်ကြည့်ဖို့ စူးစမ်းရှာဖွေရမယ့် မေးခွန်းတချို့ ခေါင်းထဲပေါ်လာခဲ့ပါတယ်။
စာရေးဆရာတယောက်ရဲ့စာရေးတဲ့သူ့ရည်ရွက်ချက်က ဘာလဲပေါ့။ စာဖတ်သူဖတ်ချင်နေတာကရောဘာလဲပေါ့။
ဒီနေရာမှာ စာရေးသူရောစာဖတ်သူပါ အမျိုးအစား ကွဲပြားစွာ ရှိနေနိုင်တာ တွေ့ရနိုင်ပါတယ်။
အဲဒီစာရေးဆရာရဲ့ဝမ်းစာက ဘာတွေလဲပေါ့။ အဲဒီစာရေးဆရာကိုယ်တိုင်က ဘယ်လိုစာပေအမျိုးအစားကို ဖတ်သလဲပေါ့။
ပြည်တွင်းပြည်ပရသစာပေကို ထဲထဲဝင်ဝင်ဖတ်လာသူဟာ သူရေးတဲ့စာဟာ ဒေါသသင့်တဲ့စာမဖြစ်ဘဲ စာရေးသူရဲ့ကြည်လင်တဲ့အမြင်နဲ့ စေတနာဟာ စာဖတ်သူရဲ့ရင်ထဲကို စီးဆင်းသွားမှာ အမှန်ပါပဲ။
အချိန်ကာလနှစ်ပေါင်းမျးစွာမှောင်မည်းလာတဲ့ခေတ်ဟာ ပျက်ယွင်းမှုတခုဆီကိုကြောက်ခမန်းလိလိ ဦးတည်နေသလိုခံစားရပါတယ်။ ဒါကခုမှ ချက်ချင်းထဖြစ်တာမျိုးတော့မဟုတ်ဘဲ အချိန်ကာလအတန်ကြာကတည်းက အကြောင်းရင်းတွေ စုဆောင်းလာခဲ့တာဖြစ်နိုင်ပါတယ်။
စာဖတ်ပရိတ်သတ်ဆိုတာကလည်း ဘယ်လိုစာမျိုးတွေဖတ်တဲ့စာဖတ်ပရိတ်သတ်လဲ။ ကိုယ်ဖတ်ချင်တဲ့စာက entertainment လား creation လား နှစ်ခုလုံးများလား ...စသဖြင့်ပေါ့။
ဒီနေ့ဗမာပြည်မှာတကယ့်စာရေးဆရာကဗျာဆရာတွေဟာ audience အရေအတွက်များများရဖို့ မလွယ်ဘူးဆိုတာ တကယ့်လက်တွေ့မှာ အထင်အရှားပါပဲ။
လူဦးရေသန်း ၅၀ သန်း ၆၀ ရှိတဲ့ဗမာပြည်မှာ ကဗျာရော ဝတ္ထုရော အုပ်ရေ ၁၀၀၀ ရောင်းရဖို့ အိပ်မက်တောင်မက်လို့မရနိုင်ပါဘူး။
ဒါပေမဲ့တခါမှမရေးဖူးတဲ့ နိုင်ငံရေး၊ ရုပ်ရှင်၊ ဂီတ နယ်ပယ်တွေထဲက celebrity တယောက် စာပေအမျိုးအစားတခုခုကို ချက်ချင်းထရေးရင် စောင်ရေအများအပြားတက်သွားမှာ သေချာပါတယ်။ အတိတ်ကိုပြန်ကြည့်လည်း ပူပူနွေးနွေးဖြစ်ခဲ့တာတွေ တွေ့နိုင်ပါတယ်။
အံ့အားသင့်စရာကောင်းလှအောင် စာဖတ်ပရိတ်သတ်အရေအတွက်နည်းပါးတဲ့ ကဗျာအမာခံကဗျာသမားတွေအတွက်တော့ ကိုယ့်ရဲ့စစ်မှန်တဲ့အလုပ်တွေနဲ့ကိုယ့်အလံကိုယ်ဆက်လက်ထူထားရမှာပါပဲ။ တကယ်တော့ ကျွန်တော်တို့ဟာ တကယ့်တိုက်ပွဲထဲ ရောက်နေတာပါ။
အများသိပြီးသားကိစ္စတွေတော့ ဘာညာမပြောလိုတော့ပါဘူး။ ပြောရင်လည်း ကောင်းကွက်တခုမှပါမှမဟုတ်လို့ပါပဲ။ ပြီးတော့ ကဗျာက နတ်ကြီးပါတယ်။ကဗျာဆရာတယောက်ကိုအချိန်ကစီရင်ဆုံးဖြတ်ပေးပါလိမ့်မယ်။
ကျွန်တော်တို့အစ်ကိုကြီးကဗျာဆရာမောင်ချောနွယ်(ကွယ်လွန်)အပါအဝင် ကဗျာဆရာတွေပြောခဲ့တာရှိပါတယ်။ လောကကြီးမှာလူတွေ (လူလည်တွေ) ဟာသူတို့ရဲ့ရာထူးဂုဏ်ဒြပ်စည်းစိမ်ဥစ္စာအတတ်ပညာတွေ ဘယ်လောက်ကြီးကြီး မတင်းတိမ်ကြဘူး။ မသေခင်တချိန်ချိန်မှာ ကဗျာဝတ်ရုံကိုလာပြီး ခြုံကြည့်တတ်ကြပါတယ်။ ကဗျာဆိုတာတန်ဖိုးဖြတ်လို့မရတဲ့အရာတခုမဟုတ်လား။
စေတ
စာကြွင်း။ ။ ကဗျာဆရာတွေရဲ့တကယ့်ဘဝဟာ အလွန်ခက်ခဲကြမ်းတမ်းပါတယ်။
Edited on 21- 8 -2021
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar