Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၈ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၈ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၂

​​◾️စနစ်ဟောင်း ခေတ်ဟောင်းတွေ တော်လှန်မယ့်ခေတ်မှာ
 နေ့စဥ်သတင်းတွေ ဖတ်ကြည့်တဲ့အခါ မူးယစ်ဆေးဝါးတွေသယ်ဆောင်တဲ့ကားတွေကို မြို့အသီးသီးမှာ ဖမ်းဆီးမိနေတဲ့ သတင်းတွေ၊ ရှမ်းပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် စသဖြင့် နေရာအသီးသီးမှာ သိန်းပေါင်း ရာဂဏန်းကနေ သိန်းသောင်းဂဏန်းအထိ ဖမ်းဆီးမိနေတဲ့သတင်းတွေ ဖတ်နေရပါတယ်။ ဒါတွေက ဖမ်းဆီးမိတဲ့ သတင်းတွေပဲဖြစ်ပြီး မမိလိုက်တဲ့ သတင်းမှာမပါတဲ့ သယ်ယူမှုက သတင်းမှာပါတဲ့ပမာဏထက် ဘယ်နှဆလောက်ဖြစ်မယ်ဆိုတာ မှန်းရခက်ပါတယ်။ 

အလားတူပဲ ယခင်က ရွှေတူးခွင့်မရှိတဲ့နေရာတွေ မြစ်ချောင်းတွေမှာ အရေးယူနိင်တဲ့ အနေအထားမဟုတ်တော့ တာကြောင့် အလွန်အကျွံတူးနေကြပြီး စစ်ကိုင်းတိုင်း ဥရုချောင်းတလျှောက် သဘာဝအနေအထားတွေ ပျက်စီးနေတဲ့ သတင်း၊ အဲဒီရွှေထွက်ရာဒေသနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာလည်း စစ်အာဏာသိမ်းပြီး နိုင်ငံရေး စစ်ရေးပြဿနာတွေ ရှုပ်ထွေးနေချိန်မှာ ခွင့်မပြုထားတဲ့နေရာတွေမှာ ကျောက်စိမ်းတူးယူနေကြတာတွေ စက်ကြီးတွေနဲ့ နေ့ရော ညပါ တူးယူနေကြတာလည်း သတင်းမီဒီယာအချို့မှာ ရေးသားဖေါ်ပြနေကြပါတယ်။ 

တွင်းထွက်သယံဇာတချည်းမဟုတ်ပဲ သစ်တောထွက် သစ်တွေခိုးထုတ်နေတာလည်း စစ်ကိုင်းတိုင်း မုံရွာအနောက်မြောက်ဘက်တခွင်၊ ကချင်ပြည်နယ်၊ ပဲခူးရိုးမ၊ ရခိုင်စသဖြင့် နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 
 
အုပ်ချုပ်ရေးက ရှိသလို မရှိသလို ဖြစ်နေချိန် ဥပဒေစိုးမိုးမှုမရှိတာကြောင့် ဒေသအလိုက် သစ်ခိုးထုတ်တာ၊ ရွှေခိုးတူးတာ၊ ကျောက်စိမ်းခိုးတူးတာ၊ မူးယစ်ဆေးသယ်တာတွေအပြင် အခုလပိုင်းမှာ မြို့ထဲမှာ လက်နက်နဲ့ လုယက်တာတွေ ရွှေဆိုင်ဓါးပြတိုက်တာတွေ ဆက်တိုက်ဆိုသလို ဟိုမြို့သည်မြို့တွေမှာ ဖြစ်ပွားနေတာကြားသိနေရပါတယ်။ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်တာလည်း ရှိသလို မဖမ်းဆီးနိုင်တာလည်း အများအပြားရှိပါတယ်။ 

တဖက်မှာ စီးပွားရေးဆိုးရွားစွာ ကျဆင်းနေခြင်းက ရာဇဝတ်မှုမြင့်တက်လာမယ့် အကြောင်းရင်းခံအချက် တချက်ဖြစ်ပါတယ်။ သို့ပေမယ့် ရွှေဆိုင် ဓါးပြတိုက်တဲ့ ကိစ္စမျိုးတွေကတော့ စားဝတ်နေရေးကြပ်တည်းခြင်းထက်ပိုလွန်တဲ့ ဥပဒေစိုးမိုးမှုမရှိခြင်းအခြေအနေကြောင့် ဖြစ်ပွားတယ်လို့ ယူဆစရာ ရှိပါတယ်။ 

မန္တလေးမြို့မှာ အချို့သောနေရာတွေမှာ နေ့ခင်းမှာတောင် ဆိုင်ကယ်နဲ့သွားသူကို လုယူတာတွေ မရရင် အသက်အန္တရာယ်ပြုတာတွေ ရှိနေတယ်လို့ သတင်းတွေထဲ ဖတ်ရှုရပါတယ်။
 
ရာဇဝတ်မှုတွေ တိုးလာတာ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးစေမယ့် အလွန်အကျွံသယံဇာတတူးဖေါ်တာတွေ ဖြစ်ပွားနေတာအပြင် ကိုယ့်ပတ်ဝန်းကျင်တွေမှာလည်း အရင်က မြောင်းတွေ၊ ချောင်းတွေထဲ အမှိုက်မပစ်ကြပဲ စည်းကမ်းလိုက်နာခဲ့ကြရာက အခုလပိုင်းမှာ မြောင်းတွေ ချောင်းတွေထဲ နေအိမ်ကထွက်တဲ့အမှိုက်တွေ အလွယ်တကူ ပစ်ချကြတာတွေ ပိုပြီးတွေ့လာနေရပါတယ်။ ခါတိုင်းနှစ်တွေက သန့်ရှင်းနေတဲ့ ရေမြောင်းက အခုလပိုင်းမှာ အမှိုက်တွေ ပြည့်နှက်နေတဲ့ ရေမြောင်းဖြစ်လာနေတာမျိုးပါ။ 

တရားဥပဒေ စိုးမိုးခြင်းဆိုရာမှာ အုပ်ချုပ်သူအကျိုးအတွက် ပြဌါန်းထားတဲ့ ဥပဒေအကြောင်းအရာတွေ အထူးသဖြင့် နိုင်ငံရေးရည်ရွယ်ချက်ပါဝင်တဲ့ ဥပဒေစိုးမိုးခြင်းမျိုးကို ဒီအချိန်မှာ ထိန်းသိမ်းထားစရာမလိုပေမယ့် လူထုအချင်းချင်းအကြား နိုင့်ထက်စီးနင်းမှု၊ ပိုင်ဆိုင်မှုလုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဓါးပြတိုက်ခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် သယံဇာတတွေ အလွန်အကျွံထုတ်ယူခြင်းမျိုး စတာတွေကိုတော့ အာဏာတရပ်ရပ်နဲ့ အစားထိုးပြီး တားဆီးတာ၊ သတိပေးတာတွေ အရေးယူတာတွေ လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အချို့သောကိစ္စတွေက တဖက်စစ်အာဏာရှင်တွေက အခြေအနေကို ပိုမိုယိုယွင်းပျက်စီးအောင် အခြေအနေပိုမိုရှုပ်ထွေးအောင် လူထုက ဒီလိုကျီးလန့်စာစား အခြေအနေကို စိတ်ပျက်ပြီး ရဲတွေ၊ စစ်တပ်တွေကို အားကိုးလာအောင် လမ်းကြောင်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၈၈ ခုနှစ်အရေးအခင်းကာလတုန်းက ၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်း ဖေဖေါ်ဝါရီ မတ်လဆန်းကာလတွေမှာ ဒီလိုနည်းနာတွေ စစ်အာဏာရှင်တွေဘက်က သုံးခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ 

အခြေအနေရှုပ်ထွေးအောင် ဒီအခြေအနေကို လူထုက စိတ်ပျက်အောင် တဖက်ကတမင်လုပ်တာမျိုးကိုလည်း မိမိတို့ဘက်က ထိန်းသိမ်းနိုင်တယ် လူထုကို စည်းရုံးနိုင်တယ်ဆိုတဲ့ အစွမ်းအစ လုပ်ဆောင်နိုင်မှုကို ပြသဖို့လိုမယ် ထင်ပါတယ်။ ဆင်းရဲကြပ်တည်းမှုကို အချင်းချင်းကူညီကြတဲ့နည်းနဲ့ ဖြေရှင်းပြီး ရာဇဝတ်မှုတွေ ကျဆင်းအောင် ထိန်းသိမ်းဖို့လိုအပ်မှာ ဖြစ်ပြီး၊ အချင်းချင်း စောင့်ရှောက်ကြတာ လူမှုအသိုင်းအဝိုင်းကို စံနှုန်းတွေ တန်ဖိုးတွေ မစွန့်လွှတ်လိုက်ကြပဲ ကူညီယိုင်းပင်းထိန်းသိမ်းကြဖို့အတွက် ရှင်းလင်းပြောဆိုပြီး လမ်းကြောင်းမလွဲအောင် လုပ်ကြဖို့ လိုအပ်လိမ့်မယ် လို့မြင်ပါတယ်။ 

စနစ်ဟောင်း ခေတ်ဟောင်းတွေကို တော်လှန်မယ်ဆိုရာမှာ အုပ်ချုပ်ရေးအာဏာ အစားထိုးဖို့ နေရာဝင်ယူဖို့ လိုအပ်သလို အစားထိုးနေရာဝင်မယူခင် လူထုအချင်းချင်းအကြားက မျှတမှု၊ တန်ဖိုးတွေ ပိုင်ဆိုင်မှုတွေ အသိအမှတ်ပြုဖို့ လိုအပ်မယ်ထင်ပါတယ်။ တော်လှန်ရေးဆိုတာနဲ့ မင်းမဲ့အယူအဆ၊ မင်းမဲ့ဝါဒတို့ မတူကွဲပြားတာကိုလည်း ရှင်းလင်းစွာ သိရှိနားလည်ကြဖို့ အရေးကြီးတယ် ထင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar