Breaking News

ဖိုးစနေ - တော်လှန်ရေးမီးစာကို အရှိန် မြှင့်ကြ

ဖိုးစနေ - တော်လှန်ရေးမီးစာကို အရှိန် မြှင့်ကြ
(မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၂၂

{အေးစက်နေတဲ့ တော်လှန်စိတ်တွေ အသက်ပြန်ဝင်ဖို့အတွက် စာလေးကို ပြီးဆုံးအောင် ဖတ်ပေးကြပါဗျ} 

ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ခဲ့တဲ့ အာဏာသိမ်းမှုဟာ ယခုဆိုလျှင် အာဏာသိမ်းကာလ ၁၁ လဆိုတဲ့ အချိန်အတိုင်းအတာတစ်ခုကို ရောက်ရှိလာပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို စစ်ကောင်စီက လူမဆန်တဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ကြပါတယ်။ လူပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့တဲ့ လူသတ် အကြမ်းဖက်စစ်သူပုန်များဟု ပြောမယ်ဆိုလျှင်လည်း မှားလိမ့်မယ် မထင်မိပါဘူး။ 

နိုင်ငံရဲ့ အကြီးအကဲများ အပြစ်မဲ့ ပြည်သူများ ကျောင်းသားလူငယ်များကိုလည်း ရာဇဝတ်သားများသဖွယ် လူမဆန်စွာ ဖမ်းစီးနှိပ်ဆက်မှုတွေ ယခုအချိန်ထိ ပြုလုပ်နေခဲ့ပါတယ်။ ညဖမ်းသွားပြီး မနက်ကျရင် အလောင်းပြန်ရခဲ့ရတဲ့ ရင်နင့်ဖွယ်အဖြစ်ဆိုးတွေကလည်း မနည်းမနောပါပဲ။ သားတွေ သမီးတွေ ထောင်ထဲရောက်နေချိန် အိမ်မှာကျန်ခဲ့တဲ့ မိဘတွေက စိတ်ဆင်းရဲမှုများစွာနဲ့ သေဆုံးရတဲ့ အဖြစ်အပျက်တွေလည်း များစွာရှိပါလိမ့်မယ်။ လိုချင်တဲ့သူကိုမရလို့ မိသားစုကို ဖမ်းဆီးခဲ့တဲ့အနေအထားမှာ လူလားမမြောက်သေးတဲ့ ကလေးသူငယ်တွေပါ ပါဝင်လာခဲ့ပါတယ်။ 

ဒါဟာ တရားဥပဒေနဲ့ လုံးဝဆန့်ကျင်နေတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်ဆိုတာလည်း ငြင်းဆန်လို့ လုံးဝမှမရတဲ့ အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ စစ်သူပုန်တွေရဲ့ လူမဆန်မှု ယုတ်မာဇာတ်ခင်းနေမှုတွေဟာ ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းတယ် သက်ကြီးဘိုးဘွားတွေ တိရစ္ဆာန်တွေ မီးတောက် မီးလျှံတွေကြားမှာ ရင်နင့်ဖွယ် သေကြေပျက်စီးကြရတယ်။ ပြီးတော့ စစ်သူပုန်တွေဟာ အမျိုးသမီး ကြီးငယ်မရွေး မုဒိန်းကျင့်တယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စိတ်ပါလက်ပါ ပြုလုပ်တယ်။ ဒီလုပ်ရပ်တွေဟာ သည်းခံနိုင်စရာ တစ်ကြောင်းမှမရှိပါဘူး။ စစ်သူပုန်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ဆန့်ကျင်တော်လှန်ဖို့အတွက် G Z လူငယ်များဟာ မိသားစုကိုစွန့် အလုပ်အကိုင်တွေအားလုံးကိုစွန့် သံယောဇဉ်မှန်သမျှကို စွန့်လွှတ်ပြီး တောတွင်းမှာ မိမိတို့အသက်ကို ပဓာနမထားပဲ အနေဆင်းရဲ အစားဆင်းရဲနဲ့ တူမီးသေနက်တွေကိုင် မောင်းပြန်သေနတ်တွေကို အန်တုပြီး တော်လှန်တိုက်ပွဲဝင်​နေ ကြပါတယ်။ 

ထိုနည်းတူပါပဲ လက်ချိုးရေတွက်လို့ရတဲ့ မြန်မာနိုင်ငံက သပိတ်စစ်ကြောင်းတွေဟာလည်း မြေအောက်တော်လှန်ရေးသမားများနဲ့အတူ ရပ်တည်ကာ မြေပေါ်လူထုလုပ်ရှားမှုကို ပြုလုပ်​နေ ကြပါတယ်။ ​လက်နက်ကိုင်တော်လှန်ရေးဟာ အရေးကြီးသလို နိုင်ငံတကာရဲ့ထောက်ခံမှုကိုရရှိဖို့အတွက် မြေပေါ်ကနေ NUG ကိုထောက်ခံကြောင်း CRPH ကိုထောက်ခံကြောင်း PDF တွေကို အလေးပြုကြောင်း CDM ဝန်ထမ်းတွေကိုလေးစားကြောင်း ဆက်လက်လုပ်ဆောင်​နေကြရမှာ ဖြစ်ပါတယ်။ မြေပေါ် မြေအောက်ရဲဘော်များ အားလုံးသာ ညီညွတ်ကြမယ်ဆိုလျှင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ လျှင်မြန်စွာ အောင်ပွဲရ ပြီးဆုံးမှာ ဖြစ်ပါတယ်။ 

တကယ်လို့သာ မိမိတို့ဟာ သွေးအေးပြီး လက်လျှော့လိုက်မယ်ဆိုရင် စစ်သူပုန်တွေရဲ့ရက်စက်ယုတ်မာမှုတွေကို ပြန်လည်မြင်ယောင်ပေးပါ။ အလုပ်တွေကို စွန့်လွှတ်ခဲ့ရတဲ့ CDM သူရဲကောင်းတွေကို စာနာထောက်ထားပေးပါ။ ဒီပွဲနိုင်ပါမှ အိမ်ကိုပြန်ခွင့်ရမယ့် PDF သူရဲကောင်းတွေကို အားနာပေးပါ။ 

စွန့်လွှတ်ခဲ့ရတဲ့ အသက်တွေအတွက် အလွယ်တကူအရှုံးပေးလိုက်ခြင်းဟာ အင်မတန် ရှက်စရာကောင်းတယ်ဆိုတာ ခံယူထားပေးပါ။ အဖမ်းဆီးခံ အပြစ်မဲ့ပြည်သူတွေဟာ ကျွန်တော်တို့ တော်လှန်နေမှ အမြန်ဆုံး လွတ် မြောက်မှာဖြစ်ပါတယ်။  ကျွန်တော်တို့ လူထုတွေ ဆက်တောင့်ခံပေးထားကြပါ။ ဆက်တော်လှန်ပေးကြပါ။ အေးစက်နေတဲ့ တော်လှန်စိတ်တွေကို အသက်သွင်းပေးကြပါ။တော်လှန်ရေးမီးစာကို အရှိန်မြှင့်ပေးကြပါ။ 

အရေးတော်ပုံအောင်ဖို့ လူထုရဲ့ တော်လှန်ရေး သက်လုံက အဓိကကြပါတယ်။ တော်လှန်ရေး သက်လုံဟာ ရဲရင့်မှု၊ ညီညွတ်မှုနဲ့ ပြင်းပြတဲ့ လွတ်မြောက်လိုစိတ်က အဓိကပါပဲ။ ဒါကြောင့် အဆုံးသတ်တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်တော်လှန်ရင်း အောင်ပွဲဆီ ချီတက်ကြပါစို့။ ။ အရေးတော်ပုံအောင်ရမည်။ ။

မှတ်ချက်။
ဆောင်းပါးရှင် ဖိုးစနေသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းမြောက်ခြမ်း ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ ကော်မတီဝင်တဦး ဖြစ်ပါတယ်။ 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar