Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၅ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၂

◾️တဖက်မှာ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့ထိုးစစ်ရှိန်မြှင့်လာတဲ့ စစ်ကောင်စီ 
စစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်က ကမ္ဘောဒီးယားဝန်ကြီးချုပ်လာတဲ့ခရီးစဥ်အတွင်း စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ထိုးစစ်မပြုလုပ်ဖို့ တဖက်သတ်အပစ်ရပ်တာကို ဖေဖေါ်ဝါရီလကုန်ထိ ကြေညာထားပြီး အဆိုပါကြေညာချက်ကို နှစ်ကုန်အထိ သက်တမ်းတိုးမယ်လို့ ခရီးစဥ်အတွင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ 

အလားတူပဲ ကယားပြည်နယ်နေ့ အခမ်းအနားသဝဏ်လွှာမှာလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ သတင်းစကားဖေါ်ပြထားပါတယ်။ အဲဒီလိုသာ သဝဏ်လွှာတွေ နိုင်ငံခြားကိုယ်စားလှယ်တွေကို ပြောနေပေမယ့် မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာက အင်အားတိုးပြီး PDF ရှင်းလင်းရေးတွေ ကိုတိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လတ်တလော ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆို တဝိုက်မှာ တိုက်ပွဲတွေနေ့စဥ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာ လေကြောင်းအကူအညီယူပြီး ပစ်တာ ကြဲတာတွေ လုပ်နေတာ ဖြစ်သလို ချင်းပြည်နယ်မှာလည်း မင်းတပ်ကနေ မတူပီဘက်ကို တပ်တွေတက်သွားပြီး တိုက်ပွဲတွေဖြစ်နေသလို ကလေးကတဆင့် ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်ဘက်ကိုလည်း တပ်တွေတက်သွားကာ တိုက်ပွဲဖြစ် နေအိမ်တွေမီးရှို့တာတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ချင်းနဲ့ ကယားပြည်နယ်တင်မကပဲ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာလည်း စစ်ရှိန်မြင့်တက်နေတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ် လေးကေ့ကော်မှာ ယခင်လလယ်ကတည်းကတိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက အခုချိန်ထိ အဆိုပါဒေသက ကျေးရွာတွေမှာ တပ်စွဲထားဆဲဖြစ်ပြီး အနီးနားက ဒီကေဘီအေစခန်းတခုကိုပါ ခုရက်အတွင်း တိုက် ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ 

 စစ်ကောင်စီဘက်က PDF တွေနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ဆိုထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာဆွေးနွေးမယ့် သဘောမျိုး တကြိမ်မက ထုတ်ပြော ခဲ့တာလည်း သတိပြုမိပါတယ်။ 

ဒီလိုသဘောထားမျိုးကို ရခိုင့်တပ်တော် AA ကိုလည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ပေါ်လာတဲ့ လက်နက်ကိုင် အဖွဲ့မို့လို့ ဆွေးနွေးဖို့မရှိဘူးလို့ပြောခဲ့ဖူးတာ ရှိပါတယ်။ စစ်အာဏာသိမ်းပြီး ပေါ်လာတဲ့ PDF အဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အတွက် လက်နက်ကိုင် တိုက်ခိုက်တာမျိုးထက် စစ်တပ်က နိုင်ငံရေးအာဏာမှာ ပါဝင်နေတာကို အပြီးတိုင်ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ကြတာဖြစ်လို့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ စကားလုံးဟာ PDF တွေအကြား ရေပန်းမစားပါဘူး။ 

လက်နက်ကိုင် တိုက်ပွဲတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပွားတဲ့ အခြေအနေမှာ ဆွေးနွေးပွဲစကားဝိုင်းမှာ စကားပြောတဲ့အခါ အထက်စီးရအောင်  မဆွေးနွေးခင်  အင်အားအစွမ်းကုန်သုံးပြီး ဖိတိုက်ကြတဲ့ နည်း ပရိယာယ်တွေလည်း ရှိပါတယ်။ အခု အခြေအနေကို စစ်ကောင်စီဘက်ကတော့ အဲဒီလို အမြင်မျိုး ယူဆချက်မျိုးကနေ ရည်ရွယ်သလားဆိုတာတော့ မရှင်းလင်းပါဘူး။ 

ဒါပေမယ့် အပစ်ရပ်ဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတွေက မြန်မာနိုင်ငံမှာ အခုလောလောဆယ် ရေပန်းမစားတာအမှန်ပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အင်အားစုအများအပြားက အပြီးတိုင်ဖယ်ရှားမယ် ချေမှုန်းမယ်ဆိုတာမျိုး ၊ လူငယ်ထုက စစ်တပ်ကို နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားမယ် ဆိုတဲ့ ကြွေးကြော်သံ ရည်မှန်းချက်နဲ့ ပြောဆို စုဖွဲ့နေကြတဲ့ အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ နဲ့ NUG ခေါင်းဆောင်တွေအနေနဲ့ စေ့စပ်ဆွေးနွေးရေးဆိုတဲ့ စကားလုံးကို မသုံးနှုန်း အဲဒီလမ်းကြောင်းကို လောလောဆယ် ပယ်ချထားတဲ့ သဘောလို့ ခန့်မှန်းရပါတယ်။ 

လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း ဆွေးနွေးကြတဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုးမှာ အင်အားကြီးသူက အသာစီးနဲ့ ဆွေးနွေးလေ့ရှိတာမို့ အထက်က နည်းပရိယာယ်က ပုံသေနည်းတရပ်လို ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေက ဘယ်လို ရလဒ်ထွက်မလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲနေဦးမှာဖြစ်ပြီး အဖြူအမဲ ဘက်နှစ်ဖက် ဆိုတာထက် တိုင်းရင်းသားလူမျိုးစုတွေ၊ သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အင်အား နဲ့ လှုပ်ရှားနိုင်မှု ရှုမြင်ချက်တွေကလည်း အရေးပါလိမ့်မယ် ထင်မြင်မိပါတယ်။ 

တိုက်ပွဲတွေ နဲ့ ဟန်ဆောင်ထားတဲ့ ငြိမ်းချမ်းရေး စကားလုံးတွေအကြောင်းအပြင် ဒီနေ့သတင်းတွေထဲမှာတော့ ရန်ကုန်မြို့မှာ ထူးကုမ္ပဏီပိုင် ဓါတ်ဆီဆိုင်ကို ရန်ကုန်မြို့ပြ PDF အဖွဲ့တဖွဲ့က ဗုံးခွဲခဲ့ပြီး မီးလောင်ပျက်စီးခဲ့တဲ သတင်းဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ထက်က အခွင့်ရေးပေးခံရပြီး စစ်ခေါင်းဆောင်တွေနဲ့ စီးပွားဖက်ဖြစ်ခဲ့တဲ့ ဦးတေဇပိုင်တဲ့ ထူးကုမ္ပဏီရဲ့ ဓါတ်ဆီဆိုင်ကို ပစ်မှတ်ထားပြီး ဖောက်ခွဲခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။ 

၂၀၁၀ နောက်ပိုင်းမှာတော့ ထူးကုမ္ပဏီဟာ အရင်ကာလတွေလို လုပ်ငန်းတိုးချဲ့တာတွေ မရှိတော့ဘဲ ၂၀၁၅ နောက်ပိုင်း ရှိရင်းစွဲလုပ်ငန်းတွေ အပြင်ထပ်မံတိုးချဲ့လုပ်ကိုင်တာ လုံးဝမရှိတော့သလောက် ဖြစ်လာခဲ့တာ တွေ့ရပါတယ်။
 
ခရိုနီလို့ သတင်းမီဒီယာနဲ လူထုတွေက ခေါ်ဆိုကြတဲ့ အာဏာရသူတွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေဟာလည်း စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲမှာ ပစ်မှတ်ဖြစ်လာတဲ့သဘောလို့ ယူဆရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar