Breaking News

မောင်တူး - နွေဦးတော်လှန်ရေးကဗျာတေးများ

မောင်တူး - နွေဦးတော်လှန်ရေး ကဗျာတေးများ 
(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၂၂

နွေဦးကာလ၊ တော်လှန်ကြသော်
ဖေဖော်ဝါရီ၊ လဆန်းသည်မှ
ဆန္ဒပြ၍၊ အုံကြွအာခံ
ပြည်လုံးညံလာ၊ ကမ္ဘာကျော်ပြီ
NUG နှင့် CDM PDF တိုးတက်ဒီလှိုင်း
သွေးမုန်တိုင်းတိုက်ခတ်ပြီဟေ့။ ။

ကဗျာတွေဟာ နေ့စဉ်ဘဝထဲမှာ အမြဲရှိနေတယ်တဲ့။ ဒီနေ့ ကျနော်တင်ပြချင်တာကတော့ နွေဦးတော်လှန်ရေးကာလအတွင်းက ကဗျာများပါပဲ။ နွေဦးကာလ ကဗျာစတွေဆိုတာ များမှ များပါပဲ။ ဒါပေမဲ့ ကျနော် မောင်တူးနဲ့ DVB ကို မလွဲမရှောင်သာ ဝင်တိုး ထိတွေ့  ရှောင်မရတဲ့ ကဗျာတွေကို ရွေးမယ်လေ။ နေ့စဉ်သတင်းတွေ တင်ဆက်ရင်းက DVB ရုပ်မြင်သံကြားကို ပို့လာတဲ့ပရိတ်သတ်တွေရဲ့ ကဗျာတွေပေါ့။ တချို့က စာရိုက်ပို့လာတယ်။ တချို့ဆို ဗွီဒီယိုနဲ့ပို့လာ အသံဖိုင်နဲ့ ပို့လာတာတွေလဲရှိသပေါ့။ ပထမဆုံး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွာပေါင်းစုံ သပိတ် စစ်ကြောင်းကနေပို့လာတဲ့ “မြင်ယောင်မိသေးတယ်” ကဗျာကို ဖော်ပြလိုက်ပါရဲ့။ နွေဦးတော်လှန်ရေးထဲ မပါပဲလျှက် သက်သာသလိုနေကြသူများကို ခပ်လှောင်လှောင်နဲ့ စည်းရုံးလိုက်တဲ့ ကဗျာလို့ ဆိုနိုင်သပေါ့ဗျာ။  


မြင်ယောင်သေးတယ် 
(ဖိုးစနေ)
====

မြင်ယောင်သေးတယ်။ 
မြင်ယောင်သေးတယ်။
PDF တွေကြောင့် ငါတို့ရွာနာရတယ်ဆိုတဲ့သူတွေ
တော်လှန်ရေးအောင်တဲ့အခါ
အားကြိုးမာန်တက် အောင်ပွဲခံကြမှာ
မြင်ယောင်သေးတယ်။ 
သပိတ်စစ်ကြောင်းတွေ
ရူးလို့ထွက်နေတာ ဆိုတဲ့သူတွေ
တော်လှန်ရေးအောင်တဲ့အခါ
အားကြိုးမာန်တက် အောင်ပွဲခံကြမှာ
မြင်ယောင်သေးတယ်။ 
တော်လှန်ရေးကာလ ငွေကြေးပြည့်စုံသူတွေ
PDF လဲမလှူ အချင်းချင်းလဲ မကူ
တော်လှန်ရေးအောင်တဲ့အခါ
စားပွဲသောက်ပွဲတွေခင်း ပွဲကျင်းကြမှာ
မြင်ယောင်သေးတယ်။ 
တော်လှန်ရေးအောင်တဲ့အခါ
လွတ်လပ်ခြင်းရဲ့ အနှစ်သာရကိုခံစား
အသက်ပေးသွားတဲ့သူရဲကောင်းတွေကို
မေ့သွားကြမှာ မြင်ယောင်သေးတယ်။ 
NLD ရွေးကောက်ပွဲနိုင်တုန်းက အောင်ပွဲခံခဲ့သလို
လူထုအင်အားကောင်းကောင်းနဲ့ 
ဆက်တော်လှန်နေရင် သိပ်ကောင်းမှာပဲ။
တော်လှန်ရေးအောင်နိုင်တဲ့အခါ
ဖောက်ပြီးသားလမ်းပေါ် တက်လာကြမဲ့
နေသာသလို နေနိုင်ခဲ့ကြတဲ့ လူထုတွေကို 
တကယ်ကို မြင်ယောင်မိသေးတယ်။
မြင်ယောင်မိသေးတယ်။ 
မြင်ယောင်မိသေးတယ်။ 

ဒီကဗျာကို ဖတ်ရင်းက သတိရမိတဲ့ပုံပြင်လေးကို ပြောပြပါမယ်။ ဒီပုံပြင်က ကျနော်ငယ်စဉ် သုံးခွမြို့မှာနေတုန်းက ဆရာ ရန်ကြီးအောင် ဦးစိန်ဝင်းပြောပြခဲ့တာပါ။ ပုံပြင်ကတော့ “ငါတယောက်” လို့ ခေါင်းစဉ်တပ်ထားတယ်။ ဟိုးရှေးရှေးတုန်းက ရွာကြီးတရွာမှာ ပွဲသဘင်တခုကျင်းပတယ်တဲ့။ ရွာရဲ့ အကြီးအကဲက အိမ်တိုင်းစေ့ လူတိုင်းက နို့စစ်စစ်တအိုးစီ ရွာလယ်က သတ်မှတ်ထားတဲ့အိုးကြီးထဲမှာ လာထည့်ရမယ်လို့ အမိန့်ထုတ်သတဲ့။ ပွဲတော်အတွင်း ရပ်နီး ရပ်ဝေးဧည့်သည်တွေနဲ့ ကိုယ့်ရွာသားတွေ ကိုယ်တိုင်လည်း သောက်ဖို့ပေါ့။ ဒီမှာ ကိုဖြူ ဆိုတဲ့လူတယောက်က စဉ်းစားသတဲ့။  “ငါ့တအိမ်က မိသားစုဝင် လေးငါးယောက်လောက် နို့ငါးအိုးလောက် အစား ရေငါးအိုးသွားထည့်တာနဲ့တော့ ပြဿနာ မရှိနိုင်ပါဘူးပေါ့။” စဉ်းစားသလိုပဲ အိုးကြီးထဲကိုလည်း နို့မသွားမထည့်ပဲ ရေတွေသာထည့်သတဲ့။ ပွဲကျင်းပချိန်ရောက်တော့ သောက်ဖို့ အိုးထဲကိုခပ်လိုက်တော့ ရေတွေချည်း ဖြစ်နေပါရောလား။ တကယ်တန်းက ကိုဖြူစဉ်းစားသလို ရွာရှိလူအားလုံးက “ငါ ရေတအိုးထည့်ယုံနဲ့ ဘာမှ မဖြစ်နိုင်ဘူး။ ကျန်လူတွေ နို့ထည့်ကြမှ” လို့ ထင်ခဲ့ကြတာကိုး။ ကုန်ကုန်ပြောရရင် ရွာရဲ့ အကြီးအကဲ သူကြီးကတောင် “ငါ့အမိန့်ကိုကြောက်ရတဲ့ တရွာလုံး နို့တအိုးစီထည့်ကြမှာ ငါတယောက်ရေထည့်ယုံနဲ့ ဘာမှ ပြဿနာမရှိဘူး” လို့ စဉ်းစားပြီး သူလည်း ရေတအိုးသာ ထည့်ခဲ့တယ်ပေါ့။ 

အခုလည်း နွေဦးတော်လှန်ရေးမှာပါဝင်ရတာ ခက်ခဲကြမ်းတမ်းလွန်းတော့ “ငါတယောက်” မပါယုံနဲ့ ဘာမှ မဖြစ်ပါဘူးဆိုတဲ့စဉ်းစားချက်နဲ့ နေသာသလို နေနေကြသူတွေကို “မြင်ယောင်မိသေးတယ်” ကဗျာက သတိပေးလိုက်သလိုပါ။ ကဲ နွေဦးတော်လှန်ရေးမှာ အားလုံးပါမှ နို့ထည့်အိုးက ရေတွေသက်သက် ဖြစ်မသွားမှာနော်။  “ငါတယောက်” ပုံပြင်ကို မှတ်ထားကြပေါ့။

နောက်ထပ်ကဗျာကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က Silent Strike တိတ်ဆိတ်ငြိမ်သက် သပိတ်ကြီး ခေါ်လိုက်တာ မှတ်မိကြမှာပါ။ ဘယ်မမှတ်မိပဲနေမှာလဲ။ ငါတို့ ဆူချင်ဆူမယ်။ ငါတို့ ငြိမ်ချင်ငြိမ်မယ်ဆိုပြီး Silent Strike နေ့က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သက်ငြိမ်လုပ်လိုက်ကြတာပေါ့။ ညီလိုက်ပါတဲ့ တို့ရဲ့ပြည်သူ ကြည်ဖြူတယ်ဆို သဘောပိုပိုပေါ့ဗျာ။ ပြည်သူတင်းရင် ဘယ်မင်းမှ မခံနိုင်ပါ။ Silent Strike မှာ တိတ် ဆိတ်လိုက်ကြပုံများ စစ်ကောင်စီတင်မက ကမ္ဘာတခုလုံးကပါ ချီးကျူးခဲ့ကြပါသော မြန်မာနိုင်ငံသားတွေရဲ့ ညီချက်ပေါ့။ Silent Strike နေ့ကို ပုံဖော်ရေးသားစပ်ဆိုခဲ့တဲ့ “အသံတိတ်ကဗျာ” ခေါင်းစဉ်နဲ့ကဗျာလေးပါ။ 

အသံတိတ်ကဗျာ
သက်ငြိမ်ဟိန်းညံ
====

"ပဲပြုတ်" တွေတောင် အသံတွေတိတ်လို့
ငြိမ်သက်တိတ်ဆိတ် အသံတိတ်သပိတ်...
"အမှိုက် အမှိုက်" အော်နေတတ်တဲ့ 
ချစ်တဲ့ကလေး တို့သွေးချင်းလည်း 
ငြိမ်သက်သပိတ် အသံတွေတိတ်လို့...
"ဆိုက်ကားဆရာ" ဦးသပိတ်လည်း
တာဝန်သိစိတ် ဂိတ်ကြီးပိတ်လို့ ...
"မှတ်တိုင်" တက်ဆင်း ဆွေးမျိုးရင်းလည်း 
ရှင်းလင်းငြိမ်ဆိတ် သပိတ်ပိုက်လျက်...
"ကားဆရာ ကိုဘသောင်း" လည်း
ကားသော့ကိုချိတ် တိတ်တိတ်ဆိတ်ဆိတ်...
"ဈေး" နားနီးနီး အ‌ဒေါ်ကြီးလည်း
ဈေးဗန်းကိုပိတ် အံကိုကျိတ်လို့ 
သပိတ်သပိတ် ညည်းနေလေရဲ့...
"တစ်နိုင်ငံလုံး" အသံတွေတိတ်လျက်
ငြိမ်သက်တိုက်ခိုက် SILENT STRIKE . . . . ။ ။

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တိုင်ပင်ခေါ်ခဲ့တဲ့ တိတ်ဆိတ်ငြိမ်သက် သပိတ် Silent Strike ဟာ နွေဦးတော်လှန်ရေးအောင်ပွဲရဲ့ ရှေ့ပြေးနိမိတ်လို့ဆိုပါလျှင် သဘောတူကြသူတွေ များကြလိမ့်မည် ထင်ပါတယ်။ 

အခုဆိုရင် စစ်ကောင်စီ အာဏာသိမ်းထားတာကလည်း ၁ နှစ် ပြည့်ပါတော့မယ်။ ဒါပေမဲ့ “လုံးဝအုပ်ချုပ်ခွင့် မရစေရ” လို့ သပိတ်မှောက် ဆန္ဒပြပွဲတွေမှာ ကြွေးကြော်ခဲ့ကြသလို အုပ်ချုပ်ခွင့်မရသေးပါဘူး။ လျှပ်စစ်မီတာခတွေတောင် သေနတ်နဲ့ချိန်ပြီး တောင်းနေရတဲ့ အခြေအနေပါ။ ရန်ကုန်၊ မန္တလေး၊ ဖားကန့်၊ ရွှေဘို၊ ယင်းမာပင်၊ဆားလင်းကြီး၊ ကလေး၊ မြိုင်နဲ့ ကိုရီးယား ဂျပန်စသဖြင့် မြို့နယ်ပေါင်း နှစ်ဆယ် အစိတ်လောက်မှာ နေ့စဉ် သပိတ်စစ်ကြောင်းတွေ ရှိနေဆဲပါ။ သပိတ်တိုက်ပွဲများပေါ့။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ကချင် ကရင် ချင်း ကယား (ကရင်နီ) စတဲ့ တိုင်းရင်သားတပ်တွေကလဲ စစ်ကောင်စီကို အရှိန်မြှင့် ခုခံ တိုက်ခိုက်နေဆဲ ပါပဲ။ လက်နက်ကိုင် တိုက်ပွဲပေါ့။ ဒါ့အပြင် NUG အစိုးရနဲ့ မဟာမိတ်အင်အားစုတွေကလည်း နိုင်ငံတကာ မျက်နှာစာ မှာ တိုက်ပွဲတွေဝင်ဆဲပါ။ အောင်မြင်မှုတွေလဲ ရနေဆဲပါ။ သံတမန်ရေးတိုက်ပွဲ။ သတင်းသမားတွေ စာပေ အနုပညာသမားတွေကို ဖမ်းနေ သတ်နေတဲ့ကြားက သတင်းလက်နက် စာပေ အနုပညာလက်နက်တွေနဲ့လည်း တိုက်နေကြဆဲပါ။ ဒီထဲမှာ ကဗျာတွေရေးသားကြသူတွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရတဲ့ ကဗျာဆရာတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီးခံနေရတဲ့ ကဗျာဆရာတွေ၊ ပုန်းနေရတဲ့ ကဗျာဆရာတွေ၊ ပြည်ပရောက် ကဗျာဆရာတွေလည်း ရှိခဲ့ပါတယ်။ 

ဟုတ်ပါတယ် ဒီလိုအခြေအနေမှာ နွေဦးတော်လှန်ရေး ကဗျာလေးတွေထဲကမှ DVB ကိုပို့လာတဲ့ ကဗျာတွေကို ကျွန်တော်တို့ ခံစားနားလည်မိသလို ပြန်လည် ဖော်ပြလိုက်တာပါ။ နောင်လည်း အလျဉ်းသင့်သလို ဖော်ပြ တင်ပြပေးပါဦးမယ် ခင်ဗျာ။ ကျွန်တော်မောင်တူးပါ။  


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar