Breaking News

အောင်ဒင် - အမေရိကားမှ စည်းလုံးခိုင်မာမှုများဖြင့် (From the United States with Solidarity)

အောင်ဒင် - အမေရိကားမှ စည်းလုံးခိုင်မာမှုများဖြင့် 
(From the United States with Solidarity)
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၂၂

မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူခဲ့တာ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှာ ၁ နှစ်ပြည့်ပါပြီ။ ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်စိန်ခေါပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် အပြီးတိုင်အဆုံးသတ်ရေးကို တိုက်ပွဲဝင်နေကြတဲ့ပြည်သူများရဲ့ "နွေဦးတော်လှန်ရေးကြီး" လည်း တစ်နှစ်ပြည့်ပါပြီ။ နွေဦးတော်လှန်ရေး တစ်နှစ်ပြည့်တဲ့နေ့မှာ ပြည်သူအများက အသံတိတ်သပိတ်၊ လက်ခုတ်တီးသပိတ်များနဲ့ နွေဦးတော်လှန်ရေးကို ဂုဏ်ပြုကြဖို့ တော်လှန်ရေးဖက်တော်သားများက စည်းရုံးလှုံ့ဆော်နေကြသလို ဖက်ဆစ်စစ်တပ်ကလည်း ပြည်သူများရဲ့ အသံတိတ်သပိတ်ကို ကြောက်လန့်တကြား လိုက်လံတားဆီးနေကြပါတယ်။ အဲဒီလို အချိန်ကာလမှာ အမေရိကန်ပြည်ထောင်စုအစိုးရက မြန်မာပြည်သူများရဲ့ နွေဦးတော်လှန်ရေးကြီးကို ထောက်ခံမှုနဲ့ မြန်မာပြည်သူများဘက်က ခိုင်ခိုင်မာမာရပ်တည်မှုတွေကို အလေးအနက် ထုတ်ဖော်ပြသတဲ့ လှုပ်ရှားမှု ၂ ခုကို ဆောင်ရွက်လိုက်ပါတယ်။ တစ်ခုက စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ သတိထားသင့်တဲ့ အချက်အလက်များကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာတာဖြစ်ပြီး နောက်တစ်ခုကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အဆင့်မြင့်အရာရှိများက အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်များနဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးကြတာ ဖြစ်ပါတယ်။  

(၁) မြန်မာနိုင်ငံပတ်သက်သည့် စီးပွာရေးလုပ်ငန်းများဆိုင်ရာ အကြံပြုချက်
ခေါင်းစဉ်က "မြန်မာနိုင်ငံပတ်သက်သည့် စီးပွာရေးလုပ်ငန်းများဆိုင်ရာ အကြံပြုချက်" (Business Advisory for Burma) လို့ ဆိုထားပေမယ့် တကယ့်ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်နေတဲ့ သို့မဟုတ် လုပ်ချင်တဲ့ စီးပွာရေးအဖွဲ့အစည်းများကို သတိပေးတာဖြစ်ပြီး ပိုပြီးလေးနက်မှုရှိအောင် ဒီကြေညာချက်ကို အမေရိကန်အစိုးရရဲ့ ဝန်ကြီးဋ္ဌာန ၆ ခုက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။ ပါဝင်တဲ့ ဝန်ကြီးဋ္ဌာနတွေက အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန (State)၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန (Commerce)၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန (Treasury)၊ ပြည်တွင်းလုံခြုံရေးဝန်ကြီးဋ္ဌာန (Homeland Security)၊ အလုပ်သမားဝန်ကြီးဋ္ဌာန (Labor) နဲ့ ဝန်ကြီးဋ္ဌာနအဆင့်ရှိတဲ့ အမေရိကန်ကုန်သွယ်ရေး အထူးကိုယ်စားလှယ်ရုံး (U.S. Trade Representative) တို့ဖြစ်ပါတယ်။ ဒါက အမေရိကန်အစိုးရအတွင်းမှာ မြန်မာဖက်ဆစ်စစ်တပ်ကို စီးပွာရေးပိတ်ဆို့မှုတွေနဲ့ အရေးယူရာမှာ အားလုံးပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြတယ်ဆိုတာကို ထင်ရှားစေပါတယ်။
ဒီအကြံပြုချက်က မလွဲမသွေလိုက်နာရမယ့် အမိန့်မဟုတ်ပါဘူး။ ဥပဒေမဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ စီးပွားရေးအရဆက်ဆံရာမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့၊  မြန်မာဖက်ဆစ်တပ်ကို အကျိုးရှိစေမယ့် လုပ်ငန်းမျိုးတွေကို ရှောင်ကြဉ်ကြဖို့နဲ့ မြန်မာဖက်ဆစ်တပ်ကို အားပေးအားမြှောက်မပြုကြဖို့ သတိပေးတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ဆောင်မှုတွေဟာ အမေရိကန်အစိုးရက မြန်မာဖက်ဆစ်တပ်အပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို ချိုးဖောက်ရင် သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ အရေးယူခံရမယ်။ ဆန်ရှင်ကန့် သတ်ချက်တွေကို မချိုးဖောက်ရင်တောင်မှ မြန်မာဖက်ဆစ်တပ်ရဲ့ အကြမ်းဖတ်သတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အားပေးရာရောက်မယ်ဆိုရင် သက်ဆိုင်ရာစီးပွားရေးအဖွဲ့အစည်းများအနေနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာလိမ့်မယ် ဖြစ် ကြောင်း သတိပေးထားပါတယ်။ ဒီနေရာမှာ ထည့်သွင်းရေးမထားပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးတယ်လို့ နံမည်ပျက်စာရင်းသွင်းခံရတဲ့ စီးပွားရေးလုပ်ငန်းများအနေနဲ့ အမေရိကန်အစိုးရထံက ကန်ထရိုက်တွေ၊ အကူအညီတွေ၊ စီးပွားရေးအခွင့်အလမ်းတွေ ရနိုင်တော့မှာမဟုတ်ဘူးဆိုတာ အားလုံးက နားလည်ကြပါတယ်။ 

ဒီအကြံပြုချက်မှာ မြန်မာဖက်ဆစ်တပ်ကို အကျိုးရှိစေမယ့် စီးပွာရေးလုပ်ငန်းအမျိုးအစား ၄ ခု ဖော်ပြထားပါတယ်။ အဲဒါတွေက ...
(၁) နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ
(၂) ကျောက်မျက်ရတနာနှင့် သတ္တုတွင်းလုပ်ငန်းများ
(၃) ဆောက်လုပ်ရေးနှင့် အဆောက်အအုံရောင်းဝယ် ငှါးရမ်းခြင်းလုပ်ငန်းများ
(၄) လက်နက်ခဲယမ်းများ၊ စစ်တပ်အသုံးအဆောင်ပစ္စည်းများနဲ့ ဆက်စပ်ဆောင်ရွက်မှုများ ဖြစ်ပါတယ်။ 

ဒီလုပ်ငန်းတွေအားလုံးဟာ မြန်မာစစ်တပ်ရဲ့ ငွေကြေးအရင်းအမြစ်တွေဖြစ်ပြီး အဲဒီ လုပ်ငန်းအတော်များများအပေါ်မှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဩစတြေလျ၊ ကနေဒါ၊ နယူးဇီလန်၊ ကိုရီးယားနဲ့ ယူနိုက်တက်ကင်းဒမ်း (UK) နိုင်ငံများက ဒဏ်ခတ်အရေးမှုများ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာဖက်ဆစ်တပ်က ဆန်ရှင်ကို ရှောင်လွှဲနိုင်တဲ့ တရားမဝင်နည်းလမ်းများကိုအသုံးချပြီး ဒီလုပ်ငန်းများကနေ အကျိုး အမြတ်ဆက်လက်ရရှိဖို့ ကြိုးစားနေတာမို့ စီးပွားရေးလုပ်ငန်းရှင်များ အထူးသတိပြုဖို့ လိုတယ်လို့ ဆိုပါတယ်။ 

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကဏ္ဍမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း (MME) ၁၊ ၂ နဲ့ ၃၊ မြန်မာ့သစ်လုပ်ငန်း (MTE)၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း (MGE)၊ မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း (MPT) များကို အလေးပေးဖော်ပြထားပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ MOGE နဲ့ MPT ကလွဲရင် ကျန်တဲ့လုပ်ငန်းတွေကို အမေရိကန်အစိုးရက ဆန်ရှင်ချမှတ် အရေးယူထားပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က ဆန်ရှင်ချမှတ်ထားတဲ့ကြားကနေ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံအချို့ဟာ မြန်မာနိုင်ငံက ကျွန်းသစ် တန်ပေါင်းများစွာကို ကြားပွဲစားတွေကတဆင့် ဝယ်ယူတင်သွင်းခဲ့ကြောင်း Justice for Myanmar အဖွဲ့က အထောက်အထားမှတ်တမ်းတွေနဲ့ ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကြေညာချက်ဟာ ဆန်ရှင်ကို သွယ်ဝိုက်ကျော်လွှားနေတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေကို အထူးသတိပေးလိုက်တာပါ။ ပြီးတော့ ပြင်သစ်အခြေစိုက် တိုတယ် (Total) ရေနံကုမ္ပဏီနဲ့ အမေရိကန်အခြေစိုက် ရှယ်ဗရွန် (Chevron) ရေနံကုမ္ပဏီတို့က မြန်မာနိုင်ငံကနေ ထွက်ခွါဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ အဲဒီကုမ္ပဏီကြီးများရဲ့ နေရာကို အစားထိုးဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ ထိုင်း၊ မလေးရှားနဲ့ ကိုရီးယားနိုင်ငံများက ရေနံကုမ္ပဏီများကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။  

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ စုံစမ်းတွေ့ရှိချက်များအရ "ကျောက်မျက်ရတနာနှင့် သတ္တုတွင်းလုပ်ငန်းများ" ဟာ မြန်မာနိုင်ငံ ဂျီဒီပီ (GDP)  ရဲ့ ၅၀% လောက်ရှိပြီး စစ်တပ်ပိုင်စီးပွားရေးအဖွဲ့အစည်းများ (MEHL၊ MEC) နဲ့ စစ်တပ်အလိုတော်ရိ ခရိုနီလုပ်ငန်းရှင်များက လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ ကလေးလုပ်သားအသုံးပြုမှုတွေ၊ အဓမ္မလုပ်အားခိုင်းစေမှုတွေအပြင် ငွေကြေးခဝါချမှုတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းနဲ့ အခြားကျောက်မျက်ရတနာအရိုင်းတုံးတွေဟာ မြန်မာနိုင်ငံကနေ ထိုင်း၊ တရုတ်၊ ဟောင်ကောင် စတဲ့နိုင်ငံများကိုရောက်ရှိပြီး အဲဒီနိုင်ငံများမှာ ဖြတ်တောက်၊ ပြင်ဆင်၊ အရည်အသွေးမြှင့်တင်ပြီး တရုတ်နိုင်ငံ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံများရဲ့ ထုတ်ကုန်ပစ္စည်းများအဖြစ် နိုင်ငံတကာဈေးကွက်ထဲကို ရောက်ရှိနေတာမို့ လုပ်ငန်းရှင်များ သတိပြုကြဖို့ တိုက်တွန်းထားပါသေးတယ်။ ဒီကျောက်မျက်ရတနာတွေရဲ့ မူလပင်ရင်းနိုင်ငံအစစ်အမှန်ကို သေသေချာချာမလေ့လာပဲ အမေရိကန်နိုင်ငံထဲကို တင်သွင်းလာခဲ့ရင် ဆန်ရှင်ကို ချိုးဖောက်မှုနဲ့ အရေးယူခံရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။ 

ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကြည့်မယ်ဆိုရင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ စုံစမ်းတွေ့ရှိချက်အရ ပျဉ်းမနားစက်မှုဇုံ၊ Golden City Residential Development၊ ဆူးလေ ရှန်ဂရီလာဟိုတယ်နှင့် ဆူးလေစကွဲရား စီးပွားစီမံကိန်းများဟာ မြန်မာဖက်ဆစ်တပ်ကပိုင်ဆိုင်တာ သို့မဟုတ် ထိန်းချုပ်ထားတာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ ကြီးမားတဲ့အဆောက်အအုံလုပ်ငန်းကြီးများအားလုံးလိုလိုဟာ စစ်တပ်ပိုင် MEHL နဲ့ MEC တို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး စစ်တပ်အတွက် အကျိုးဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီး မြန်မာနိုင်ငံကိုစီးဆင်းနေတဲ့ လက်နက်ရောင်းဝယ်တင်ပို့မှုများကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ အထွေထွေညီလာခံဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်မဟုတ်ပေမယ့် ဒီဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ထောက်ခံအတည်ပြုခဲ့တာမို့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ဒီဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်တယ်။ မြန်မာဖက်ဆစ်တပ်ကို လက်နက်ရောင်းချတဲ့လုပ်ငန်းများနဲ့မပတ်သက်မိအောင် သတိကြီးကြီးထား ဆင်ခြင်သင့်တယ်လို့ အကြံပြုထားပါတယ်။ 

ပြန်ချုပ်ပြောရရင်တော့ အမေရိကန်အစိုးရက ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ "မြန်မာနိုင်ငံ ပါတ်သက်သည့် စီးပွာရေးလုပ်ငန်းများဆိုင်ရာ အကြံပြုချက်" ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာဖက်ဆစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုများကို ထပ်မံအတည်ပြုတာဖြစ်ပြီး ဒီအရေးယူမှုများကို အပြည့်အဝ လိုက်နာကြဖို့ အမေရိကန်နဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များအားလုံးကို သတိပေးလိုက်တာဖြစ်လို့ မြန်မာပြည်သူများနဲ့ နွေဦးတော်လှန်ရေးအတွက် အကျိုးရှိတဲ့ အမေရိကန်အစိုးရရဲ့ အချိန်ကိုက်လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။

(၂) အမေရိကန်အစိုးရနှင့် အမျိုးသားညွန့်ပေါင်းအစိုးရ (NUG) တွေ့ဆုံခြင်း
ဇန်နဝါရီ ၂၇ ရက်နေ့မှာ အမေရိကန်အစိုးရကိုယ်စားလှယ်များနဲ့ အမျိုးသားညွန့်ပေါင်းအစိုးရကိုယ်စားလှယ်များ တစ်နာရီကြာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး ဌာန အတိုင်ပင်ခံ ဒဲရက်ချောလက် (Counselor Derek Chollet)၊ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကင်မွိုင် (Kim Moy) တို့ပါဝင်ပြီး NUG ဘက်က ယာယီသမ္မတ ဒူးဝါးလရှီလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ပါဝင်ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အမေရိကန်ဘက်က မနေ့က ထုတ်ပြန်ခဲ့တဲ့ "မြန်မာနိုင်ငံ ပါတ်သက်သည့် စီးပွာရေးလုပ်ငန်းများဆိုင်ရာ အကြံပြုချက်" ကို ထပ်မံရှင်းပြခဲ့သလို NUG အပေါ် အမေရိကန်အစိုးရရဲ့ ထောက်ခံမှုကိုလည်း ပိုပြီးသိသာထင်ရှားစေခဲ့ပါတယ်။ 

(၃) အမေရိကားမှ စည်းလုံးခိုင်မာမှုများဖြင့် (From the United States with Solidarity)
အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများက အမေရိကန်အစိုးရအနေနဲ့ မြန်မာဖက်ဆစ်တပ်အပေါ် ပို၍ ပို၍ တိုးမြှင့်အရေးယူဖို့ တောင်းဆိုနေကြတာပါ။ တရုတ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယား စတဲ့ မကောင်း ဆိုးဝါး မဟာမိတ်တွေရဲ့ အထောက်အပံ့အကူအညီတွေရနေတဲ့ မြန်မာဖက်ဆစ်တပ်ကို ဆန့်ကျင်တော်လှန်ကြရာမှာ ကျနော်တို့ဘက်ကလည်း ကျနော်တို့ကိုထောက်ခံတဲ့ အမေရိကန်အစိုးရအပါအဝင် မိတ်ဆွေနိုင်ငံများက နွေဦးတော်လှန်ရေးအပေါ် ပို၍ပို၍ ကူညီအားပေးဖို့၊ မြန်မာဖက်ဆစ်တပ်အပေါ် ပို၍ပို၍ ဖိအားပေးဖို့ တောင်းဆိုကြတာ သဘာဝကျပါတယ်။ အဲဒီတောင်းဆိုချက်တွေထဲမှာ အဓိကကျတဲ့ ၃ ချက်က (က) မြန်မာနိုင်ငံဆိုင် ရာ အထူးသံတမန်တစ်ဦး ခန့်အပ်တာဝန်ပေးဖို့၊ (၂) ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ဝင်ငွေတွေကို တားမြစ်နိုင်ရန်အတွက် MOGE ကို ဒဏ်ခတ်အရေးယူဖို့နဲ့ (၃) NUG ကို တရားဝင်အသိအမှတ်ပြုဖို့ဆိုတာတွေ ပါဝင်ပါတယ်။ အဲဒီအချက်တွေဟာ အခု ကွန်ဂရက်လွှတ်တော်မှာ မူကြမ်းအဖြစ် တင်သွင်းထားတဲ့ "The Burma Act" ထဲမှာ ပါဝင်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ အမေရိကန်အစိုးရရဲ့ အထက်ဖော်ပြပါ ဆောင်ရွက်ချက် ၂ ခုက အဆိုပါ တောင်းဆိုချက် ၃ ခုနဲ့ ပါတ်သက်ပြီး အဆင့်တစ်ဆင့် ပိုနီးစပ်လာပြီလို့ ဖော်ပြလိုက်သလိုပါ။ NUG နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အ တိုင်ပင်ခံ ဒဲရက်ချောလက်ဟာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာ တတိယအဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး မြန်မာ နိုင်ငံအရေးကို တာဝန်ယူဆောင်ရွက်ရန် အထူးတာဝန်ပေးထားတယ်လို့ ယူဆရပါတယ်။ သူဟာ NUG  နဲ့ အရင်ကလည်း တွေ့ခဲ့ဘူးပြီး အရှေ့တောင်အာရှနိုင်ငံများရဲ့ အစိုးရများနဲ့လည်း မြန်မာ့အရေး တာဝန်ခံဆွေးနွေးနေသူ ဖြစ်ပါတယ်။ သူ့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တရားဝင် နံမည်တပ်မထားပေမယ့် အမေရိကန်အစိုးရရဲ့ ကိုယ်စား မြန်မာနိုင်ငံအရေးကိစ္စတွေကို ဦးဆောင်ဆွေးနွေးနေတာ တွေ့ရပါတယ်။ MOGE ကို ဒဏ်ခတ်အရေးယူဖို့ဆိုတာလည်း ပိုပြီး နီးစပ်လာပြီလို့ ဆိုနိုင်ပါတယ်။ အမေရိကန်အစိုးရရဲ့ ထိပ်တန်းခေါင်း ဆောင်များက NUG နဲ့ မကြာခဏတွေ့ဆုံဆွေးနွေးခြင်း၊ တွေ့ဆုံမှုများကို တရားဝင်သတင်းထုတ်ပြန်ခြင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာဖက်ဆစ်ကိုယ်စားလှယ် နေရာယူခွင့်မရအောင် တားဆီးခြင်းများဟာလည်း အမေရိကန်အစိုးရက NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားတယ်ဆိုတာ ထင်ရှားတယ်လို့ ဆိုချင်ပါတယ်။

ဇန်နဝါရီ ၂၈၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar