Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၁ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၂

◾️ (၂) ဆတိုးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် 
စစ်အာဏာသိမ်းပြီးနောက်တနှစ်အကြာမှာ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ဒုက္ခသည် ၂ ဆတိုးလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်လိုက်ပါတယ်။ စစ်အာဏာမသိမ်းမီက ၃ သိန်း ၇ သောင်းခန့်ရှိတဲ့ စစ်ဘေးရှောင်တွေ အရေအတွက်ဟာ အခု ၁ နှစ်ကြာတဲ့အချိန်မှာ နောထက်ထပ် ၄ သိန်းကျော်တိုးလာခဲ့ပြီး ၈ သိန်းကျော်သွားပြီဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု စစ်တပ်က အာဏာကိုထိန်းချုပ်ထားလိုမှုတွေက လက်နက်ကိုင်တွန်းလှန်ရေးကို အစပြုစေခဲ့တာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ ကယားပြည်နယ် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အဆိုးရွားဆုံးတိုက်ပွဲတွေ သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပြီး စစ်ကောင်စီက အရပ်သားနဲ့ ပီဒီအက်ဖ်ကို ခွဲခြားပြီး ဖမ်းဆီးတာမဟုတ်ပဲ ကျေးရွာတွေမှာ လူငယ်တွေဆို အားလုံးကို ပီဒီအက်ဖ်လို့ ယူဆတာ၊ နေအိမ်တွေက ပစ္စည်းတွေလုယူတာ မဆင်မခြင် သတ်ဖြတ်မှုတွေက မိမိတို့နေရပ် ကျေးရွာနဲ့ မြို့တွေပါ စွန့်ခွာပြေးရတဲ့အခြေအနေတွေ ဖြစ်လာနေတာပါ။ ထန်တလန်မြို့လို၊ လွိုင်ကော်မြို့လို မြို့တွေက စွန့်ခွာရတဲ့အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် ၇၀ အတွင်းတကြိမ် အနေအထားနဲ့ ဖြစ်ပွားတာမျိုး ဖြစ်ပါတယ်။
 
အခုစစ်အာဏာသိမ်းမှုတွေ မတိုင်ခင်က ရှိနေခဲ့တဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေဟာ ကချင်ပြည်နယ်၊ ရှမ်းမြောက်နဲ့ ကရင်ပြည်နယ် ကယားပြည်နယ်တို့မှာ ဆယ်စုနှစ် ၂ ခု ၃ ခုအတွင်း ဖြစ်ပျက်တဲ့ တိုက်ပွဲတွေရဲ့ အကျိုးဆက် ဖြစ်ပြီး အခု နောက်ထပ် တဆသော စစ်ဘေးရှောင်တွေက တနှစ်တာအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေ ရက်စက်တဲ့သတ်ဖြတ်မှုတွေကြောင့် ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

ကုလသမဂ္ဂက အခုလို ထုတ်ပြန်ချိန်မှာပဲ နေ့စဥ်သတင်းတွေထဲ ကြားနေရတဲ့ ကျေးရွာက လူနေအိမ်မီးရှို့မှု အရပ်သား သတ်ဖြတ်မှုတွေ ဆက်ဖြစ်ပွားနေခဲ့တာပါ။ ဒီးမော့ဆိုမှာ ကျေးရွာတခုကို စစ်ကောင်စီတပ်တွေ ဝင်ပြီးနောက် အရပ်သား ၂ ဦးရဲ့ အလောင်းတွေ မီးရှို့ထားတာတွေ့ရတယ်ဆိုတဲ့ သတင်း၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က ကျေးရွာတွေမှာ လူနေအိမ်တွေ ရာနဲ့ချီမီးရှို့ခံရတယ်ဆိုတဲ့ သတင်းတွေ ဒီနေ့သတင်းထဲ ဖတ်ရှုရပါတယ်။ 

လူ့အသက်တွေ ဆုံးရှုံးနေတဲ့သတင်းတွေ နေ့စဥ်လိုလို ဖတ်ရှုနေကြရလို့ လူအရေအတွက် အချို့ သေဆုံးတဲ့သတင်းတွေက ထူးခြားတဲ့သတင်းတောင် မဟုတ်တော့သလို ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ 

အခုလို အသက်ဆုံးရှုံးနေကြရတဲ့ သတင်းတွေကို နေ့စဥ်ဖေါ်ပြနေကြရတဲ့ သတင်းထောက်တွေ အဖို့လည်း ကြာရှည်လာတဲ့အခါ စိတ်ဒဏ်ရာရနိုင်တာ ဖြစ်ပါတယ်။ အဖြစ်အပျက်ကို မျက်စေ့နဲ့ မြင်ရမတွေ့ရပေမယ့် ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ရတာတောင်မှ သူတို့ရဲ့ ခံစားချက် စိတ်ဒဏ်ရာတွေက ကြားရသူကို ကူးစက်စေတာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ဆုံးသတင်းတပုဒ်ကတော့ ဖားအံမြို့မှာ ကျောင်းသားလူငယ်တွေ ၉ ဦးကို ထောင် ၁၂နှစ် ၁၃ နှစ်စီချမှတ်လိုက်တဲ့ သတင်းဖြစ်ပါတယ်၊ မနှစ်က မတ်လအတွင်းမှာ မွန်ပြည်နယ် ဘီးလင်းတိုးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားလူငယ်တွေ ဖြစ်ပြီး ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီး ၁၂၄ (ဂ) တို့အပြင် သွင်းကုန်ထုတ်ကုန် ပုဒ်မနဲ့ပါ စွဲဆိုအပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar