သားကြီးမောင်ဇေယျ - နှင်းဆီနီနီ (ချစ်သူများနေ့အမှတ်တရ)
(မိုးမခ) ဖေဖော်၀ါရီ ၁၁၊ ၂၀၂၂
နှင်းဆီနီတပွင့် ထောင့် ငါးရာ ။ အဖိုးကြီးတွေ အဖွားကြီးတွေ ယုံချင်ယုံ မယုံချင်နေ။ ဒီနေ့ ဒီအခါ မှာတော့ ခင်ဗျားတို့ရဲ့ သားသမီးတွေ မြေးတွေကတော့ နီးစပ်ရာ ဆူပါမတ်ကတ်တွေ၊ စတိုးဆိုင်တွေမှာ အဲဒီနှင်းဆီပန်းအနီတွေကို အလုအယက် ၀ယ်နေကြပြီ။
ဘာကြောင့်ပါလဲ။ နှင်းဆီပန်းနီနီကလေးတွေဟာ ဖေဖဝါရီ လလယ်မှာကျရောက်မယ့် ဗယ်လင်တိုင်းဒေး အမှတ်တရလက်ဆောင်ဖြစ်လို့ပါ။ တနည်းပြောရရင် ဗယ်လင်တိုင်းဒေးဆိုတာ ချစ်သူများနေ့လို့ လှလှပပ ဘာသာပြန်ထားတဲ့နေ့ပါ။ ချစ်သူများနေ့ဆိုလို့ ကျွန်တော်တို့လို ချစ်သူ နှစ်ယောက် သုံးယောက်သာရှိတဲ့သူတွေ ၀င်ရောက်မဆင်နွဲရဘူးလို့တော့ ကန့်သတ်မထားပါဘူး။ (မိန်းမလစ်တုန်းကြွားရတာ)။ ချစ်သူနည်းနည်းရှိရင်လည်း ၀င်ရောက်ဆင်နွှဲနိုင်တယ်တဲ့။ ကျား၊ မ ကန့်သတ်ချက်၊ အသက်အရွယ် ကန့်သတ်ချက် မရှိဘူးတဲ့။ လူမျိုးရေး ဘာသာရေး ကန့်သတ်ချက်မရှိဘူးတဲ့။ အနိမ့်ဆုံး အဆင့်သတ်မှတ်ချက်ကတော့ ကိုယ့်ကိုယ်ချစ်တဲ့သူမရှိရင်တောင် ကိုယ်က ချစ်ရသူတွေရှိရင် ၀င်ရောက်ဆင်နွှဲခွင့်ရပြီတဲ့။ ကျွန်တော်က မေတ္တာပွားတဲ့ အရွယ် ရောက်နေပြီဆိုတော့ ချစ်ရသူတွေ များနေပြီလေ။ ဘောင်းဘီတိုတို ကောင်မလေးတွေ များပြားလာတာလဲ ပါတာပေါ့။
ဖေဖဝါရီ ၁၃ ရက်ဟာ ဗိုလ်ချုပ်မွေးနေ့ပါ။ ဖေဖဝါရီ ၁၂ ရက်နေ့ဟာ ပြည်ထောင်စုနေ့ပါ။ ဖေဖော်ဝါရီ ၁၁ ရက်ဟာ သိပ္ပံနယ်ပယ်ထဲက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကိုဂုဏ်ပြုတဲ့ အပြည်ပြည်ဆိုင်ရာနေ့ပါ။ ဒီလို ရက်ကြီးအခါကြီးတွေကိုမေ့ထားတာ ကြာပေါ့။ ဗိုလ်ချုပ်ကြီးတွေ ဘုန်းမီးနေလတောက်ပနေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မေ့ထားကြ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသမားတွေ တန်ခိုးထွားနေချိန်မှာ ပြည်ထောင်စုနေ့ကို ဝါးတားတား လုပ်ထားကြ။
အဲဒါတွေကို အစားထိုးဖို့ ဗယ်လင်တိုင်းဒေးဆိုတာကြီးကို သွင်းကုန်အ စားထိုးခဲ့တယ်ထင်ပါတယ်။ စစ်အစိုးရ လက်ထက် နှိပ်ကွတ်မှု အပြင်းထန်ဆုံးကာလမှာ ဗယ်လင်တိုင်းဒေးကြီးက လူငယ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။ တည်းခိုခန်းတွေ အလုပ်ဖြစ်တဲ့နေ့။ ချောက်ကလက်တွေ လက်ဆောင်ပေးတဲ့နေ့။ နှင်းဆီပန်း နီနီကလေးတွေ ရောင်းကောင်းတဲ့နေ့။
ဒီရေစီးထဲ ကျွန်တော်လည်း ခုန်ချလိုက်တယ်။ စပ်စုကြည့်တယ်။ လေ့လာကြည့်တယ်။ သုတေသနပြုကြည့်တယ်။ (သူများအထင်ကြီးမလားလို့ပြောမိတာပါ)။ တကယ်တော့ ကိုယ်ဝါသနာပါတာလေး လုပ်ကြည့်တာ။ အန္တရာယ်လည်း သိပ်မများဘူး။ ၆၆ (ဃ) နဲ့ငြိမှာလည်း မကြောက်ရဘူးလေ။
ဒီခေတ်။ ကြံဖန်ပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် ၂၁ ရာစု အိုင်တီခေတ်။ ဒီခေတ်မှာ အချစ်ဟာ တော်တော် ကျယ်ပြန့် နက်ရှိုင်းလာတယ်။ ကောင်လေးနဲ့ ကောင်မလေး ချစ်တာ၊ ယောင်္ကျားချင်း ချစ်တာ၊ မိန်းမချင်း ချစ်တာ၊ ကျား၊ မ မရွှေး လိင် မခွဲပဲ တပြိုင်ထဲ ချစ်တာတွေပါ ပါလာပါတယ်။ အချစ်နယ်ပယ်ဟာ ကျယ်၀န်းလာတယ်။ ကျွန်တော်တို့ အဖိုးကြီးတွေ အဖွားကြီးတွေ မျက်စိပြူးကုန်ကြတယ်။ ကျွန်တော်ခေတ်က အချစ်ဟာ လူတန်းစားမခွဲ၊ ဆင်းရဲချမ်းသာ မခွဲ၊ လူမျိုးမခွဲ၊ အသားအရောင်မခွဲ၊ ကိုးကွယ်တဲ့ ဘာသာမခွဲပဲ ချစ်ခွင့်ရှိတယ် ဆိုတဲ့ အချစ်ယဉ်ကျေးမှုတော်လှန်ရေးခေတ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ အဖိုးတွေ အဖွားတွေ မျက်ကလဲ ဆန်ပြာ ဖြစ်ခဲ့ကြတာ ပြန်သတိရတယ်။ ဒီတခါ တော့ ကျွန်တော်တို့ ခံရမယ့်အလှည့်။ ကိုယ်ခံရမယ့် အလှည်ဆိုတော့ နည်းနည်းပါးပါး သက်သာလို သက်သာငြား သူတို့ ခေတ်သစ်ယဉ်ကျေးမှုဖြစ်တဲ့ ဗယ်လင်တိုင်းကြီးကို လေ့လာထားမှ။ ထုံးစံအတိုင်း အင်တာနက် ကြီးပေါ်တက်ရှာတတ်တဲ့ ကျွန်တော့် မိတ်ဆွေတွေကို အကူ အညီတောင်းရတာပေါ့။ ကောင်းကင်ထက်က အင်တာနက်မှာတက်ရှာနိုင်မှ အဆင့်မြင့်တဲ့ အချက်အလက်တွေ ရမှာလေ။
ဗယ်လင်တိုင်းနဲ့ပါတ်သက်လို့ ကျွန်တော့်မိတ်ဆွေ အင်တာနက်ကြီး ပြောပြတဲ့ ပုံပြင်ကလေးကတော့ ဒီလိုပါ။
ဗယ်လင်တိုင်း (Valentine) ဆိုတာက ရောမခေတ် က ခရစ်ယာန် ဘုန်းတော်ကြီးတပါးရဲ့နာမည်လို့ ဆိုပါတယ်။ ဒါနဲ့ ပါတ်သက်လို့ ပုံပြင်တွေ အများအပြားရှိတယ်တဲ့။ တခုသော ပုံပြင်ကတော့ သုံးရာစုနှစ်မှာ ရောမအင်ပါရာ ကြီးကို ဒုတိယမြောက် ကရော့ဒစ် (Claudius II) အမည်ရှိတဲ့ မင်းကြီးစိုးစံသတဲ့။ အဲဒီမင်းကြီးလက်ထက်မှာ ရောမစစ်သည်တော်တွေကို အိမ်ထောင်ပြုခွင့်မပေးဘူးတဲ့။ စစ်သည်တော်တွေ အိမ်ထောင်ပြုလိုက်ရင် တိုက်စွမ်းရည် ကျသွားမှာ စိုးလို့တဲ့။ အဲဒီခေတ်က ဒီထက်ပိုတိကျပြီး ပိုဆိုးတဲ့ အထူးဥပဒေဆိုတာကြီးကလည်း ရှိသေးတယ်။ ဥပဒေပြုခွင့်ရှိတဲ့သူတွေဟာ အဲဒီခေတ်ကတည်းက အထူးဥပဒေဆိုတာကြီးနဲ့ သူတို့လုပ်ချင်တာ လုပ်နေကြတယ်ထင်ပါရဲ့။
အဲဒီအထူးဥပဒေကြီးကတော့ ရောမစစ်သည်တွေဟာ ခရစ်ယာန် မိန်းကလေးတွေနဲ့ လက်မထပ်ရဆိုတဲ့ ဥပဒေပါ။ အဲဒီလို လူမျိုးရေး ဘာသာရေးခွဲခြားတဲ့ ခေတ်ဆိုးကြီးထဲမှာ ရောမစစ်သည်တွေနဲ့ ခရစ်ယာန် မိန်းကလေးတွေကို လက်ထပ်ပေးခဲ့တဲ့ အမှုနဲ့ ဘုန်းတော်ကြီး ဘယ်လင်တိုင်းဟာ ထောင်သွင်းအကျဉ်းကျခံရသတဲ့။ အဲဒီလို အကျဉ်းကျခံနေရစဉ်မှာပဲ ဘုန်းတော်ကြီး ဗယ်လင်တိုင်း ဟာ ထောင်မှူးကြီးသမီးနဲ့ ချစ်ကြိုက်မိသတဲ့။ ဒီသတင်းကို မင်းကြီးရွှေနားတော် ပေါက်ကြားသွားတော့ သူ့ကို ကွပ်မျက်ဖို့ အမိန့်တော်မှတ်လိုက်သတဲ့။ ဗယ်လင်တိုင်းဟာ သူအသတ်မခံရခင်မှာ သူ့ချစ်သူဆီကို နောက်ဆုံးနှုတ်ဆက်စာလွှာကလေးပါးလိုက်သတဲ့။ အဲဒီ စာထဲမှာ ‘သင့် ရဲ့ ဗယ်လင်တိုင်း’ လို့ လက်မှတ်ရေးထိုးထားသတဲ့။
ဒီအဖြစ်အပျက် ကလေးကို သိတဲ့ ပြည်သူတွေဟာ ဗယ်လင်းတိုင်းကို အချစ်သူရဲကောင်းအဖြစ် ဂုဏ်ပြုပြီး ဖေဖဝါရီ ၁၄ ရက်နေ့ရောက်တိုင်း ဗယ်လင်တိုင်း နေ့ ကို ကျင်းပခဲ့ကြသတဲ့။ အဲဒီနေ့မှာ အချစ်သင်္ကေတဖြစ်တဲ့ အသဲပုံလေးတွေလက်ဆောင်ပေးကြ။ ချော့ကလက်တွေ လက်ဆောင်ပေးကြ၊ နှင်းဆီနီနီကလေးတွေ လက် ဆောင်ပေးကြနဲ့ အမှတ်တရ ကျင်းပကြပါတယ်။ အထူးသဖြင့် ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံမှာ ကျင်းပလေ့ရှိသတဲ့။ ပုံပြင်ကလေးကတော့ ဒါပါပဲ။
ဗယ်လင်တိုင်းရဲ့ သမိုင်းအစဟာ ဖြူစင်တဲ့ လူငယ်ချင်း အချစ်အပေါ်မှာ အခြေခံထားပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ ဂုဏ်ဓနတွေ ခွဲခြားမှုကို ဆန့်ကျင်ခဲ့တာပါ။ အချစ်စစ် အချစ်မှန်အတွက် စံနစ်ဆိုးတွေကို အသက်ပေးပြီး ဆန့်ကျင်ခဲ့တဲ့အကြောင်းအရာတွေမှာ မြစ်ဖျားခံခဲ့တာပါ။ ရိုးမြေကျ ပေါင်းဖို့ သစ္စာထားခဲ့ကြပါတယ်။ ခုတော့ ကျွန်တော်တို့ သိနေ၊ မြင်နေသလို အလုံပိတ် ကော်ဖီဆိုင်တွေ၊ တည်းခိုခန်းတွေ၊ ကေတီဗွီတွေမှာ တွေ့ရတဲ့ အချစ်မျိုးမဟုတ်ပါဘူး။ ဗယ်လင်တိုင်းရဲ့ အနှစ်သာရကို ကျွန်တော် သိလိုက်ရပါပြီ။ ကျွန်တို့အဖိုးကြီးတွေ အဖွားကြီးတွေလည်း ဒီပွဲမှာ လိပ်ပြာသန့်သန့်နဲ့ ၀င်ရောက်ဆင်နွှဲနိုင်ပါပြီ။
အိမ်က အဖွားကြီးကို ဗယ်လင်တိုင်းအမှတ်တရ ဘာပေးရင်ကောင်းမလဲ။ အသဲပုံလေး ပေးရင်ကောင်းမလား။ ဒါကတော့ ရိုးနေပြီ။ ဒါဆို ချော့လက်လက်ဆောင်ပေးရင်ကောင်းမလား။ အိမ်နားကစျေးမှာ ချော့ကလက်မရှိ။ ဒါပေမယ့် ထန်းလျှက်ခဲ တော့ရှိတယ်။ သူလည်းကြိုက်တယ်။ ဒါပေမယ့် ထန်းလျှက်ခဲကလည်း အိမ်မှာ ရှိပြီးသား။ ဒီတော့ အလွယ်တကူ ၀ယ်ယူလို့ရတဲ့ နှင်းဆီပန်း နီနီကလေးတွေ ၀ယ်ပေးမှ။
အိမ်နားက လမ်းဘေးစျေးမှာရောင်းတဲ့ နှင်းဆီပန်းနီနီတစည်း၀ယ်။ အိမ်လှေကားပေါ် ခြေသံမကြားအောင် တက်။ ပန်းစည်းကလေးကိုင်တဲ့လက်ကို နောက်ပစ်ထား။ သူနဲ့တွေ့မှ ဘွားကနဲ ထုတ်ပေးလိုက်။ ကိုရီးယားးကားထဲကလို စပရိုက် (Surprise !) လို့ ပြောလိုက်။ သူ အံ့သြ၀မ်းသာ။ ဘယ်လောက်ကောင်းမလဲ။
အဲဒီလိုတွေးရင်း ကျွန်တော်လှေကားပေါ် ခြေသံမကြားအောင်တက်လာ၊ သူ့ကိုတွေ့။ သူက ဘုရားရှစ်ခိုးနေ။ ဟော သူ ဘုရားရှစ်ခိုးပြီးပြီ။
ကျွန်တော်က ကျောနောက်မှာ ဝှက်ယူလာတဲ့ ပန်းစည်းကို သူ့ကိုပေးလိုက်။ သူ့မျက်နှာမှာ အံ့သြ၀မ်းသာတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို မော့ကြည့်။
‘သြော် ရှင်က ဘုရားပန်းတွေ ၀ယ်လာတယ်၊ ဘုရား တရားတွေ ဘာတွေ သိလို့ပါလား။ ဘုရားတရားသိရမယ့် အရွယ်လဲ ရောက်ပြီကိုး၊ သာဓုပါတော် သာဓုပါ’
အင်း ယဉ်ကျေးမှုဆိုတာ သူ့အရွယ်နဲ့သူ။ သူ့ခေတ်နဲ့သူပါလားဗျာ။
သားကြီးမောင်ဇေယျ
(၁၁-၀၂-၂၀၁၇)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar