Breaking News

ခွန်ဆိုင်း - နွေဦးတော်လှန်ရေး တနှစ်စာ သံခိပ် (၃)

ခွန်ဆိုင်း - နွေဦးတော်လှန်ရေး တနှစ်စာ သံခိပ် (၃)
(မိုးမခ) ဖေဖော်၀ါရီ ၁၀၊ ၂၀၂၂

ခုအချိန်အထိ ယူအန်အဖွဲ့ကြီးက မြန်မာ့အရေးအတွက်လုပ်နိုင်တာဆိုလို့ စကစကို အသိအမှတ်မပြုတာ၊ ပြည်သူ့ဖက်တော်သား စီဒီအမ် ဦးကျော်မိုးထွန်းကို တရားဝင်အရပ်သားအစိုးရခန့် မြန်မာနိုင်ငံကိုယ်စားပြု ကုလသံ အမတ်ကြီးအဖြစ် ဆက်သတ်မှတ်ထားတာ၊ ဒါလောက်ပဲ။ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးနေတာတွေတော့ ဒီတနှစ်ထဲမှာ ၃ ခါ ထင်တယ်။ ရလဒ်ကောင်း သိပ်မထွက်ပါဘူး။ တရား၏ မတရား၏ ထားလိုက်။ ဘယ်သူနိုင်မလဲ မပြောတတ်သေးလို့ ဒီအဖွဲ့ကြီးမှာ မပြောတတ် မဆိုတတ် မရပ်တတ်သလို ဖြစ်နေပုံမျိုးပါ။ အာဆီယံ တွေ ကြားဝင်လာတော့ အဲဒီအဖွဲ့တွေဖက်တာဝန်တွေထိုးထည့်ပြီး နောက်က စောင့်ကြည့်နေတဲ့သဘော။

မြန်မာ့အရေးအတွက် အခုအချိန်အထိ အရေးတယူ လွှတ်တော်မှာအလုပ်ဆုံး သံခင်းတမန်ခင်းအပိုင်း အဝန်းရံဆုံးက အမေရိကန်ထင်ပါတယ်။ Burma Bill၊ NDAA၊ NDAA မှာ မြန်မာနိုင်ငံအတွက် သုံးစွဲဘို့ အတိအကျ ထည့်သွင်းထားတာ အားရမျှော်လင့်စရာပါ။ အဖျားမရူးဘို့ လိုတယ်။ လာမယ်ကြာမယ်။ တိုင်းပြည်ကတော့ ခံနေလိုက်ဦး။ ချက်သမတနိုင်ငံအစိုးရက အရပ်သားအစိုးရကိုသာ တရားဝင်တယ်လို့ အသိအမှတ်ပြုပေမယ့် ဥရောပမှာ သိတ်သြဇာမရှိတော့ ဥရောပ သံတမန်အသိုင်းအဝိုင်းထဲမှာ သိပ်မပေါက်ဘူး။ မလှုပ်ခတ်ဘူး။ အာဆီယံထဲမှာတော့ ဖိလစ်ပိုင် အင်ဒိုနီးရှား စင်္ကာပူ မလေးရှား ဘရူနိုင်းတို့က ကိုယ့်ဖက်က စွာ‌ပေးကြ သိသိသာသာ ရပ်ပေးကြလို့ ကျေးဇူးတင်ရမယ့် တိုင်းပြည်တွေပါ ။ 

သူတို့က အဲလိုခိုင်ခိုင်ရပ်နေတော့ မအလတကောင် ငို၍ ရီ၍ မရသောမျက်နှာနဲ့ အာဆီယံကထွက်ရမယ့်သ ဘောဖြစ်လာတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်က အပြတ်သော့ခတ်ပြီး ဖယ်ထားခဲ့ချင်တာ။ အာဆီယံမောင်တွေက ဒေါ်စုပါရမယ်လို့ ကိုင်ပြောတော့ မအလဟာ အာဆီယံကို မထွေးနိုင် မအန်နိုင်ဖြစ်နေတဲ့ သဘော တွေ့ရပါတယ်။ 

မအလနိုင်ငံရေးမြေပုံက ၂၀၂၃ ကို ရောက်အောင်သွားမယ်။  ရွေးကောက်ပွဲကို ပီအာနဲ့ ဖြစ်အောင်လုပ်မယ်။ အစမူလအစီအစဉ်က NLD ကို အပြီးဖျက်မလို့။ အခုက NLD ကို မဖျက်တော့ဘူး။ သူ့အဘ အခါပေးအတိုင်း  ပီဒီအက်ဖ်မလုပ်နိုင်တဲ့ ကျန်အမတ်တွေကို ရွေးကောက်ပွဲဝင်ခိုင်းလိုက်မယ်။ မဖမ်းပဲ ကျန်နေတဲ့ ဘယ်အမတ် မှလဲ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူး။ ဒါ  မအလတွက်ပြီးသား။ ပါတီက ဖျက်စရာမလို အလိုလို ဘေးရောက်လမ်းရှင်းသွားမယ်။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲသာအောင်မြင်ပါစေ။ ဘယ်သူတက် တက် နောက်ကနေ ကြိုးဆွဲလို့ရပြီ ။ စိတ်အေးရမယ်ပေါ့။ 

ခုမနက် ယိုးဒယားက ပါမောက္ခတယောက် နိကိအေးရှသတင်းစာမှာရေးထားတဲ့ဆောင်းပါး ဖတ်မိတယ်။ အမျိုးတွေ စိတ်ပူနေတဲ့  ရုရှား တရုတ် အီရန်အကြောင်း နဲနဲပါတယ်။ စစ်ကောင်တွေက အဲလို စစ်အင်အားနဲနဲ ကြီးတဲ့နိုင်ငံတွေသူဖက်မှာ ရှိသလိုလို ဟန်ကိုယ့်ဘို့လုပ်ပြ -မိုတီ ယူပြ - ရှိမှာပဲ။ ရုရှားနဲ့ အီရန်ကတော့ စစ်တပ်ကို  ထောက်ခံရပ်တည်တာ မရှိဘူး။ ပိုက်ဆံ မြိုးမြိုးမြက်မြက်ရလို့  လက်နက်ရောင်းပေးတဲ့အဆင့်ထက် မပိုတဲ့သဘော အဲဒီပါမောက္ခက သုံးသပ်ထားတယ်။ စီလုတ်ကတော့  နိုင်မြင်းကို သြမဟဲ့လို့ နှစ်ဖက်ခွထိုင်ထားတဲ့ သဘော သူမြင်တယ်။ သူနဲ့ကျွန်တော် အမြင်တူပါတယ်။ 

ပြည်ပရောက် တော်လှန်ရေးမိသားစုများတွေက အစွမ်းကုန် ကူညီထောက်ပံ့နေကြပါတယ်။ အချင်းချင်းကွန် ရက်တွေဖွဲ့  အကောင့်တွေဖွင့် ရံပုံငွေတွေရှာ။ တချို့က အချိန်ပိုအလုပ်ဆင်း၊ တချို့က စုဆောင်းငွေတွေနဲ့ နျူဂျီငွေတိုက်စာချုပ်တွေဝယ်၊ တချို့က လက်ဝတ်ရတနာတွေရောင်း၊ တချို့က အစားအသောက်တွေ မနေမနား ချက်ရောင်း၊ သူတို့ အားလုံးလဲ အမေ့အိမ့်ကို အရမ်းလွမ်းနေပေမယ့် အိမ်မပြန်နိုင်ကြပါဘူး။

တော်လှန်ရေးမအောင်သမျှ အိမ်ပြန်လို့ မရပါဘူး။ ပြန်ရင် သေဒဏ်မကျတောင် ထောင်ဒဏ်ဆယ်နှစ် ပြေးမလွတ်ပါဘူး။   တော်လှန်ရေးအတွက် ထိထိရောက်ရောက်ဖြစ်စေချင်ကြပါတယ်။ နျူဂျီ လှူမယ်။ လိုကယ်လှူမယ်။ နှစ်ဖက်လုံးကို လှူမယ်။ ဒါလေးတွေလဲ အငြင်းအခုန် နဲနဲရှိပါတယ်။ သူ့အယူအဆနဲ့သူ မှန်ကြပါတယ်။ 
အဓိကက နျူဂျီက အလျင်အမြန်ကြီးထွားနေတဲ့ အင်အားတွေကို ရတဲ့အချိန်တိုအတွင်းမှာ ပြည်တွင်းပြည်ပထောက်ပန့်သမျှတွေနဲ့ အချိန်တိုတိုအတွင်း ပြည့်စုံအောင် မလုပ်ပေးနိုင်တာပါ။ နောက် အရေးကြီးတဲ့တချက်က သူဟာ တရားဝင်အစိုးရဖြစ်လာရင် တာဝန်ခံရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ ဖယ်ဒရယ်အာမီဟာ စတင်းဒတ်အာမီ ဖြစ်ရပါမယ်။ ဒါကြောင့် Code of Conduct ကို အစကတည်းက အဖွဲ့မှာထည့်ထားရတာပါ။  လုပ်တာကိုင်တာမှာ အကန့်အသတ်တွေ ရှိနေတာပါ။  

စတင်ဂါတွေ အက်ဖ်အင်စစ်တွေ ဝယ်နိုင်ဖို့ဝေးလို့ ပွိင့်ဖိုက်တောင် ရဖို့ မလွယ်သေးတဲ့အခြေအနေ။ သူထက် အ‌ရေးတကြီး အတို အရှည် နှုတ်ခမ်းနီတွေက အရင်ဖြည့်နေရတဲ့အခြေအနေမျိုး ဖြစ်နေသေးတယ် ထင်ပါတယ်။ စကစဖက်က မကြာခင်ကဝယ်ထားတဲ့ ခေတ်မီနည်းပညာသုံး BRDM-2MS  သံချပ်ကာ ယာဉ်တွေ အားကိုး၊ ပျူတွေ ရသမျှမွေး -  ရွာတွေဝင် -ပစ်မှတ်ထားအိမ်တွေ ဒါမှမဟုတ် တရွာလုံးကို မီးရှို့ ရွာသားတချို့ကို လက်စတုန်းပြ ဒါနဲ့ တော်လှန်‌ရေးကိုမကြီးထွားအောင် အပြင်းအထန် ရက်စက်နေမှာပါ။ သူ့ဖက်က အချို သတ်အုပ်ချုပ်လို့ မဖြစ်တော့အောင် လက်လွန်သွားပါပြီ ။

ကျွန်တော်တို့ အချင်းချင်း ကျောချင်းကပ်ထားဖို့ လိုပါတယ်။ ဖက်တဖက်ထဲ ရပ်နေသူတွေချင်း ရန်သူ့အ ကြိုက် စိတ်ဝမ်းကွဲစရာတွေ မလုပ်မိအောင် သတိထားရပါမယ်။ နျူဂျီမှာ အားနည်းချက်ရှိပါမယ်။ အေအေက  သူ့အင်အား နှစ်သောင်း - တူတူတန်တန် အာမီဖြစ်အောင် ၁၀ နှစ်လောက်ကြိုးစားခဲ့ရင် နျူဂျီ က သူ့အင်အားတသိန်းအတွက် တနှစ် နှစ်နှစ် အချိန် မပေးသင့်ဘူးလား။

နီကီအေးရှားဆောင်းပါးရှင် ထိုင်းပါမောက္ခကလဲ နွေဦးတော်လှန်ရေးကို အကောင်းမြင်ထားပါတယ်။ 

နွေဦးတော်လှန်ရေး မုချအောင်မှာပါ 
ခွန်ဆိုင်း (၃၁-၁-၂၂)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar