လင်းလက်နွေဦး — ဟင်းကောင်းရောက်ချိန်
လင်းလက်နွေဦး — ဟင်းကောင်းရောက်ချိန်
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၂
ဒီနေ့ဆို ပြန်လည် အိမ်တွင်းပုန်းကာလ (၂)ရက်ရှိပေါ့။ အရေပြားလေးဘက်နာ ပြန်ကြွလို့ ကျောက်ကပ်ရောင်နေရတဲ့အထဲ နူရာဝဲဆွဲပေါ့လေ၊ အိုမီခရွန်လား ဥမ္မာခင်လား ရိုးရိုးအအေးမိတုပ်ကွေးလား မသိပါဘူး၊ နှာစေးချောင်းဆိုးလာဖြစ်တယ်။ နောက်ပြီး ဖက်ဆစ်ကာလ အာဏာပြချိန်ဆိုတော့၊ ကောလာဟလ တစ္ဆေခြောက်နေတာက ‘စီဒီအမ်တွေကို မဖမ်းလို့ ရဲစခန်းထဲ ကြိမ်းမောင်းသွားတယ်’ ဆိုတာ ကလည်းရှိရဲ့။ စခတွေက တစ်နေ့က လက်စွမ်းပြသွားပြီလေ။ ည (၇)နာရီလောက်ရှိသေး၊ ကင်းပုန်းဝပ်နေတဲ့ ကောင်တွေက ဆိုင်ကယ်စီးလာတဲ့ ကောင်လေးတစ်ယောက်ကို ဆီးတားတယ်။ ကြောက်ကြောက်နဲ့ မောင်းပြေးတော့ သေနတ်နဲ့လိုက်ပစ်တာ၊ ကျည်သုံးချက်နဲ့ ပွဲချင်းပြီးပါလေရော။ သူတို့ကတော့ မိုင်းထောင်ဖို့ လာတဲ့ ပီဒီအက်ဖ် အသေဖမ်းမိတယ် ပြောမှာပေါ့။ ကိုယ်တွေကတော့ အကြွေးတောင်းပြန်လာတဲ့ သတို့သားလောင်းလေး ပိုက်ဆံသုံးသိန်း အလုခံရမှာစိုးလို့ ဆိုင်ကယ်မောင်းပြေးလာတယ်ဆိုတာ သိနေကြတာပဲ။ ဒီတော့ သေနတ် အသစ်ကျပ်ချွတ်နဲ့ စခတွေက ဖွတ်ချက် ဖွတ်ချက် လက်နက်ပိုင်ရှင် ရခတွေအပေါ် ပါဝါလာပြမှာပေါ့လေ။
မိုးမိတုန်း ရှူးရှူးပေါက် ဆိုသလိုပဲ၊ အိမ်မှာပဲ ကုတ်ကတ်ပြီး စာဖတ်နေလိုက်တယ်။ လူရိပ်လူယောင် မြင်ရင် ချောင်းက ဆိုးချင်ချင်ပေါ့။ နေကောင်းလား ဘာလားမေးရင် အဟွတ်ဟွတ်ပေါ့။ ကိုယ့်ကိုကိုယ် လိမ်ညာတဲ့ အမှုက အကြီးဆုံးမုဒိန်းမှုကြီးပဲ မဟုတ်လား။ ဟုတ်တယ်လေ၊ မချစ်သော်လည်း အောင့်ကာနမ်း တဲ့၊ ကြားဖူးပါတယ်။ ဗမာလို နမ်းတာက အသက်အောင့်လို့ မရဘူးဗျ၊ နှာခေါင်းနဲ့ နမ်းရှုပ်တာကိုး။ ဒါကြောင့် အသက်အောင့်ထားပြီဆိုမှတော့ ‘အနမ်း’ ဘယ်မည်တော့မလဲ။ ‘နန်း’တယ်ဆိုလို့ ခုနကပဲ သူငယ်ချင်း တစ်ယောက် ဖုန်းဆက်လာတယ်။ ကျွန်တော်တို့အသိ၊ ဂျူနီယာ ညီလေးတစ်ယောက် အဆွဲခံရတယ်တဲ့။ သူ့ ဆွေမျိုးတွေက အစိမ်းကောင်တွေနဲ့ စကားများတာ၊ ကြားထဲက လက်ပံပင် ဓားနဲ့အချိုင်ခံရတာပေါ့။ တိုင်တော့၊ စီဒီအမ်ဆိုပြီး လာဆွဲသွားတာပေါ့။ အဆွဲခံရသူက အေးဆေး၊ ပိုက်ဆံနဲ့ လိုက်ရွေးတာတွေ ဘာတွေ မလုပ်နဲ့ဆိုပြီး မှာသွားတာ။ အနီးနားရွာတွေက စီဒီအမ်တွေက အထိတ်အလန့်နဲ့ ပြန်နန်းပါမယ် ဖြစ်ကုန်ရော။
အောင်မယ်၊ တိုင်းရုံးကလည်း ဖရဲသီးခမျာ့၊ နန်းမယ်ဆိုရင် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းရဲ့ (၅၀၅) ကင်းလွတ်ကြောင်းထောက်ခံစာ၊ မြို့နယ်ဆရာဝန်ရဲ့ လက်ခံပါကြောင်း ထောက်ခံစာတွေနဲ့မှ ပြန်နန်းခွင့်ပြု မယ်လို့ ပြောလွတ်လိုက်တယ်။ နန်းခွင့်ရပေမယ့်၊ ချက်ချင်းလစာ မရသေးဘူး၊ (၆)လတန်သည် (၁)နှစ်တန် သည် စောင့်ကြည့်ပြီးမှ၊ ပြည့်ပြည့်ဝဝ ဘောမနိုင်မှ လစာငွေချီးမြှင့်မည်လို့ အမိန့်ချမှတ်ခံရသတဲ့။ ကိုယ်တွေ တုန်းကများ စီဒီအမ်စာရင်းကို ခဏခဏပြင်ပေးနေရတယ်။ ခုထွက်ပြီ၊ ခုဝင်ပြီနဲ့ ထုတ်စည်း ထိုးတမ်း ကစားနေတဲ့အတိုင်းပဲ။ သူတို့တွေကတော့ မေရုကိုတဲ့ စုတ်တံချီရတဲ့အတိုင်း၊ နန်းချင်တာတောင် အပြည့်အဝ နန်းခွင့်မရပေါ့လေ။ အဲဒါကြောင့် ဆရာကြီး ဇော်ဝေစိုးက နန်းတူ စီဒီအမ်တွေကို လက်ကမ်း ကြိုဆိုမယ် ဆိုတော့ ကျွန်တော်တို့တတွေ ထကန့်ကွက်ကြတာပေါ့။ နန်းစီတွေကို အော်စီတွေနဲ့ တန်းတူ မထားနိုင်တာ လူသားဆန်တယ် မဟုတ်လား။ အကြောင်းကြောင်းကြောင့် နန်းလိုက်ရပါသည်တော့ လာမပြောပါနဲ့၊ ဇာတ်လမ်းလေးတွေ ကိုယ်စီရှိနေတာပဲ မဟုတ်လား။ ခေတ်ပျက်ကြီးထဲမှာ အသည်းကွဲ ဇာတ်လမ်းတွေက ပေါမှပေါ။
ဖုန်းအဆက်အသွယ် မရတာကြာပြီမို့၊ သူငယ်ချင်းနဲ့ အကျိုးအကြောင်းတွေ ပြောဖြစ်ကြပေါ့။ မောင်ချောနွယ်ရဲ့ စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်းညီအစ်ကိုတတွေ ပြန်တွေ့တဲ့နေ့ပေါ့လေ။
‘ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှ အလကားမရဘူး
ဒဏ်ရာတွေလည်း အလကားမရဘူး
ဒုက္ခတွေလည်း အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး
ဒါ ငါ့သီအိုရီပဲ
မသစ်လား…..
သစ်ရုံတင်မကဘူး လှနေတယ်။’
ကဗျာဆရာတွေက ခံစားမှုရသသစ်ကို စကားလုံးအသစ်၊ နိမိတ်ပုံအသစ်တွေနဲ့ ဖော်ကျူးကြပါတယ်။ အသစ်မဟုတ်ဘဲနဲ့ အသစ်လို လုပ်နေရင်တော့ (ကန်တော့ပါရဲ့) ‘ချီး တန်ဆာဆင်နေတာပဲ’ ဖြစ်လာမှာပါ။ ဘာမှ အလကားမရတဲ့ လောကကြီးထဲမှာ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်အသစ်ကြီးကို လိုချင်ရင်တော့ ထိုက်တန်တဲ့ပေးဆပ်မှုတွေနဲ့ တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ ဘယ်ဝိသကြုံနတ်သားမှ ဖန်ဆင်းပေးမှာ မဟုတ်ပါဘူး။
ငယ်ငယ်က အိမ်နီးချင်းအိမ်တစ်အိမ် သွားလည်တော့ ညနေစာ စားခါးနီးအချိန်ပေါ့။ ကျွန်တော်က ကျောင်းဆင်း၊ ဝအောင် ဆော့ကစား၊ ဆာတော့ ခူးစားခဲ့တော့ ညနေစာစားပြီးနေပြီ။ သူငယ်ချင်း အဖေကို ‘ထမင်းမစားသေးဘူးလား’မေးတော့၊ ‘ဟင်းကောင်းစောင့်နေတာ’လို့ ပြုံးပြုံးကြီး ပြန်ဖြေပါတယ်။ အဲဦးလေး က ထင်းဖြတ်၊ သူငယ်ချင်းက ထင်းစီ၊ ကျွန်တော်က စကားပေါပေါ့ဗျာ။ ခဏနေတော့ ဦးလေးက ‘ဗိုက်ဆာပြီ ဟေ့ ထမင်းစားရအောင်’လို့ ပြောလာတယ်။ မောင်စပ်စုလေး ကျွန်တော်က ပြင်ထားတဲ့ ထမင်းဝိုင်းက ကြည့်မိတယ်၊ ငရုတ်သီး မီးဖုတ်ထောင်းရယ်၊ သရက်ချဉ်၊ ပဲဟင်းချိုရည်ရယ် ဒါပါပဲ။ ‘ဦးလေး ဟင်းကောင်းက ဘယ်တစ်ခွက်’လို့ မေးတော့၊ ‘ဆာမှစားရင် ဟင်းကောင်းပေါ့ဟ’တဲ့။
ကျွန်တော်တို့ ဆာလို့ စားတာလား။ ဟင်းကောင်းလို့ နှိုက်မြည်းချင်တာလား။ အားနာပါနားနဲ့ စားတာလား။ ကျန်းမာတယ်ဆိုလို့ စားတာလား။ မဆာဘဲနဲ့ တန်အောင်လို့ စားလိုက်တာလား။ တကယ်တော့ ဆာမှ စားတာ အကောင်းဆုံးပါပဲ။ မဆာဘဲနဲ့ စားရင်၊ ဟင်း ဘယ်လောက်ကောင်းကောင်း ခံတွင်းမတောင်း နိုင်ဘူးလေ။ သွေးမဖြစ် သားမဖြစ် အားမဖြစ်နိုင်ဘူးလေ။
ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တကယ်ဆာလောင်နေပြီလား။
လင်းလက်နွေဦး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar