မာန်(တောင်လုံးပြန်) — ဆောင်းမုန်တိုင်းနှင့် ဒေါ်လာ၂၄၀၀
ကိုစိုးခိုင်ငြိမ်းကတော့ ပြောပြဖူးသည်။ သူက သူကိုယ်တိုင်လည်း Uber ကားလောက အတွေ့အကြုံ များလှသူမို့ တစ်ခါတစ်ရံ ခရီးစဉ် ဈေးနှုန်းများ ထထခုန်ရသည့်အကြောင်း ဖြစ်ပါသည်။
ထိုနေ့ကတော့ ညနေဦးကတည်းကပင် ဖုန်းထဲသို့ မိုးလေဝသ သတိပေးချက်များ ဝင်လာပါသည်။ ဒီတစ်ခါ ဝင်လာပုံက အပေါ်၌ အနီရောင် နောက်ခံနှင့်အတူ "Winter Strom Warning"ဟူ၍ ခေါင်းစီးတင်ထားပါသည်။
ဒီမှာက အပြင်ထွက်တော့မည်ဆိုလျှင် ရာသီဥတုက အဓိကကျလှပါသည်။ မိုးရွာမှာလား၊ နေသာမှာလား၊ ဆီးနှင်းကျမှာလား၊ လေရောပါလေမလား၊ သာသာယာယာပဲလား စသဖြင့်ကြိုတင်၍ အကဲခတ်ကြရပါသည်။ တနေ့တည်းမှာပင် အမျိုးစုံစွာ ပြောင်းလဲနေတတ်သည့်အတွက် ရာသီဥတုကို လူတိုင်း အရင်လေ့လာပြီးမှ ကိစ္စဝိစ္စ စီစဉ်ကြရပါသည်။
ယခုလည်း ရာသီဆောင်းမုန်တိုင်း သတိပေးလာပြီ ဖြစ်သည်။ အောက်၌ စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်ခွဲလေးများနှင့် အပိုဒ်လိုက် ဖော်ပြထားပါသေးသည်။ WHAT, WHERE, WHEN နှင့် IMPACT ဟူ၍ ခွဲခြားဖော်ပြလာခြင်းပင်။
အကျဉ်းချုံးရပါလျှင် အပြင်ထွက်လျှင် ဆီးနှင်းမုန်တိုင်းကြုံရမည် ကိုယ့်လူ။ ထုက ၂ လက်မကနေ ၄ လက်မခင်ဗျ။ မုန်တိုင်းက ဘယ်, ဘယ်, ဘယ်အရပ်များဝင် မွှေမယ်လိမ့်မယ်နော်။ လာမှာက သောကြာနေ့ ညနေ ၅ နာရီဗျို့။ အခြေအနေကတော့ လျှပ်စစ်မီးတွေ ပြတ်တောက်တာမျိုး၊ သစ်ပင်တွေ ပျက်စီးတာမျိုး ရှိနိုင်ကောင်းသဗျာ။ သတိသာ ထားကြပေရော့လကွယ် ဟူ၍ပင်။
တကယ်ဆို ကျွန်တော် ဖုန်းဆက်၍ အလုပ်နားရမည်ပေါ့။
သို့သော် အသက်ငါးဆယ့်တစ်နှစ်လုံးလုံး တခါမှ လက်ကြောမတင်းခဲ့လေသမျှ ယခုကာလ၌ ဆီးနှင်းရာသီ မုန်တိုင်းမကလို့ သူ့ဘကြီးမီးနှင်းမုန်တိုင်း ကျပါစေ၊ ဤလူသားမှာ ဘဝ၀ဋ်ကြွေးများစွာအတွက် အလုပ်သို့ ပြေးရချေပြီ။ ခါတိုင်းလိုပင် ကျွန်တော် နံနက် ၅ နာရီမှာ ထသည်။ ဖုန်းနှိုးစက်အသံကလည်း ကိုယ့်လူထတော့ ရုန်းပေတော့ဟု ဆက်၍ မြည်တွန်တောက်တီးနေလေသည်ကိုး။
ရေချိုးခန်းသို့ဝင်၊ ကိစ္စဝိစ္စပြီးလျှင် ရေနွေးအိုးတည်ရင်း ခါးလေ့ကျင့်ခန်းလုပ်ရပါသည်။ အလုပ်ထဲမှာက ၈ နာရီလုံးလုံး လှုပ်ရှားရမည်မို့ ခန္ဓာဝန်ကို ထမ်းရလေသော ကိုရွှေခါးက တောင့်တင်းနာကျင်မှု ရှိလာသည်ကော။ ထို့ကြောင့် သူ့ကိုလည်း ဂရုစိုက်ပေးနေရသည်ပင်။ ကိုယ်တို့ ပုရိတွေအတွက် ခါးနာလို့ မဖြစ်။ သူ နာလျှင် ခင်ဗျားတို့ သိကြပါတယ်လေ။ ကျန်တာတွေပါ ဗျာပါဆိုက်စေသကိုး။ ထားကြဦးစို့။
အတွေးထဲ၌ လေ့ကျင့်ခန်းလုပ်နေရင်း ကိုစိုးခိုင်ငြိမ်း ပြောပြဖူးသည့် Uber ကိစ္စကို ပြန်သတိရမိလာပါသည်။ ထို့ကြောင့် ခဏအကြာတွင် Uber ကိုဖွင့်ကာ ခရီးစဉ်လိပ်စာရိုက်၍ ဈေးနှုန်းကို ကြည့်မိတော့၊ ဟဲ့ သောက်ကျိုးနည်း၊ ကမ္ဘာကြီး ဘာတွေဖြစ်ကုန်ပြီနည်းဟု ဘုရားတရပါတော့သည်။ ဆီးနှင်းမုန်တိုင်းကြောင့် ခါတိုင်း စီးနေကျ ရိုးရိုး Uber ကားခ 13.45 ဒေါ်လာမှာ သုံးလေးဆနီးပါးတတ်ကာ 43.60ဒေါ်လာ ပြသည်။ သူ့ထက် ပိုဇိမ်ရှိသော ကားအမျိုးအစားငှားပါလျှင် 57.33 ဒေါ်လာ။ သည့်ထက်ပိုသော ဇိမ်ကြီးခံမည်ဆိုလျှင် 64.52 ဒေါ်လာဟူ၍ တောင်းနေပြီ။ မဖြစ်ပါချေတကား။ သင်းတို့ လောဘကြီးလှသည်ဟု တွေးကာ ကိုယ့်ဟာကိုယ် ရုန်းတော့မည်ဟု စိတ်တုံးတုံးချရပါလေပြီ။ တကယ်တော့ Uber ကားသမားများ မမှားပါချေ။ ဆီးနှင်းမုန်တိုင်းများက အန္တရာယ်ကြီးလှပေသကိုး။
ဆီးနှင်းများ ဤမျှ ကျနေစေကာမှု သက်ဆိုင်ရာ စည်ပင်သာယာများ၊ လမ်းဌာနများ အလုပ်လုပ်ပုံမှာ အံ့သြစရာကောင်းလှပါသည်။ ကျွန်တော် နှင်းထူထူကြားတွင် တဇွပ်ဇွပ်ဖြင့် သုတ်ခြေတင်ကောင်းနေဆဲမှာပင် ပေတရာထက်၌ နှင်းရှင်းကားများက ဥဒဟို မောင်းနှင်ကာ တဂီးဂီးဖြင့် ရှင်းလင်းပေးနေတော့သည်။ ထိုကားများသည် အကြီးစားဂေါ်ကြီးများအား ကားရှေ့တွင်တပ်ကာ သွားချေ ပြန်ချေဖြင့် ရှင်းလင်းပေးနေခြင်းပင်။ တချို့နေရာများ၌လည်း စက်တပ်အသေးစားယာဥ်ငယ်လေးများဖြင့် ပလက်ဖောင်းထက်မှ ဆီးနှင်းများအား ထိုးချပေးနေပြန်ပါသည်။ ထို့ပြင် ဘတ်စ်ကားမောင်းသူများအား အထူးကျေးဇူးတင်ရတော့သည်။ သူတို့က ခရီးသွားများအတွက် ဝီရိယစိုက်ကာ ပြေးဆွဲပေးလေသဖြင့် အလုပ်ဆီသို့ ၃ ဒေါ်လာမျှဖြင့် ကားနှစ်ဆင့်စီးကာ ရောက်ခဲ့လေခြင်းပင်။
* * *
ထိုနေ့က ကျွန်တော့်အိမ်ရှေ့တံခါးဝမှာပင် ဆီးနှင်းတို့က ၂ လက်မကျော်စပြုနေပြီ။ သို့တိုင် တဖွဲဖွဲဆက်၍ကျနေဆဲပင်။ မနေ့က တနေ့လုံး မိုးဖွဲဖွဲရွာထားသဖြင့် ပြောင်ရှင်းနေသော ပလက်ဖောင်းတစ်ခုလုံး တညတာကာလအတွင်း ဆီးနှင်းတို့ မင်းမူနေပြီ။ ပျော်စရာတော့ကောင်းလှပါသည်။ ကျွန်တော်သည်လည်း အလုပ်နား၍ မဖြစ်။ Uber လည်း မငှားရဲပေသောကြောင့် နှင်းစီးဖိနပ်ကြီး စွပ်ကာ၊ ကိုင်း နင်က ဆီးနှင်း၊ ငါက လူသား တွေ့ကြပေရော့ဟာဟု ကြိမ်းဝါးလျက် တဇွပ်ဇွပ်နင်းကာ ဘတ်စ်ကားမှတ်တိုင်ဆီသို့ သုတ်ခြေတင်ရပါလေပြီ။ မေးမည်ဆိုက မေးနိုင်ပါသည်။ အလုပ်လေး တစ်ရက် နားလိုက်လို့ မရပေဘူးလား ဟူ၍။
မောင်မာန်၏ ဘဝအကြောင်းကား ခြေလွန်လက်လွန် ကျခဲ့ပေသကိုး။ ဟိုးငယ်စဉ်ဘဝ အသက် ၂၀ အရွယ်ဆီက ငါရဲ့ယောက်ျားဘသား အမိမြန်မာပြည်မှာ ဖွားပေသည့်တိုင်၊ ယိုးဒယား၌ ကြီးပွားစေရမည်ဟု ကြိမ်းဝါးကာ ၇ နှစ်တိုင်တိုင် မဟာဇနကထုံး နှလုံးမူလျက် ရုန်းကန်ခဲ့သဖြင့် ယိုးဒယားသူ မမဖိုင်နှင့် သမီးတစ်ဦး ကျန်ခဲ့လေသကိုး။ ဘဝဇာတာက မိဘတို့ထံခွင့်ပန်ရင်း အနားယူသခိုက် နှစ်ဖက်ဆွေမျိုးများက သနားကရုဏာကြီးစွာဖြင့် ယခုရွှေလက်တွဲဖော်စစ်စစ်၊
မရွှေအေးနှင့် ပေးစားကြလေသည်ကို မောင်မာန်သည် သားကောင်းရည်မွန် ပီသစွာ နာခံခဲ့ရလေ၏။ ဤသို့ဖြင့် ယိုးဒယားနှင့် မြန်မာပြည်၌ မိသားနှစ်စု ထူထောင်ဖြစ်လေတော့သည်။ ထိုမိသားစုနှစ်စုလုံးအပေါ် မောင်မာန် တာဝန်မကျေခဲ့မိပါချေ။ သို့သော်လည်း မမဖိုင်သည် တစ်ကိုယ်ရည် မိခင်ဘဝဖြင့် သမီးကြီးအား လူလားမြောက်စေရန် ၂၃ နှစ်လုံးလုံး တာဝန်ယူရှာ၏။ မရွှေအေးသည်လည်း စာပေသမား၏ ဇနီးမယားဘဝကို ခါးစည်းခံကာ အသက်နည်းနည်းပိုသည်ကြောင့်လည်း မိခင်လိုတမျိုး၊ အမကြီးလို တသွယ်ဖြင့် မောင်မာန်အား အင်မတန်ချစ်ခင်တွယ်တာပါသည်။ ကျေးဇူးကြီးလှပါသည်။ တန်ဖိုးကြီးလှပါသည်။ ခမျာဒုက္ခလည်း ကြီးလှပေတော့၏။
ဤသို့ဖြင့် အသက် ၅၀ တိုင်လာသည်အထိ သကောင့်သား ကျွန်တော်သည် ဘာလက်ကြောမှ မတင်းခဲ့လေသမျှ အခုမှတင်းရပေသကိုး။
ယခုတော့ မမဖိုင်ကိုယ်စား သမီးကြီးကိုလည်း နိုင်သမျှ လစဉ် ထောက်ပံ့ဖြစ်ပါသည်။ ထွက်ပြေးလာရသည့် တစ်နှစ်တာကာလအတွင်း ဘတ်ငွေ ငါးသောင်းခန့် ရှိလေပြီ။ ထိုသမီးကြီးက ချွဲလည်း ချွဲတတ်ပါ၏။ ကျွန်တော် ပို့ပေးသမျှလည်း ပျော်ပျော်ကြီးသုံးပါသည်။ ကျွန်တော်လည်း ယခုမှသာ တာဝန်မျှယူရသည်မို့ တစ်စက်လေးမှ မငြိုငြင်မိပါချေ။အနည်းငယ် နှမြောစိတ်လေး ပေါ်လာသော်ငြား ကိုယ်စွန့်ပစ်ထားမိသည့် ၂၃ နှစ်တာ ကာလကို တွေးကာ နိုင်သမျှ ပို့ပေးမိနေခြင်းမျှသာပင်။
မမဖိုင်နှင့်တော့ မိတ်ဆွေကောင်းကြီးများလို စကြ နောက်ကြသည်မှတစ်ပါး ဘာနှောင်ကြိုးမှ မရှိပါတော့ချေ။ အဓိကမှာ တကိုယ်ရည်မိခင်ဘဝဖြင့် မမဖိုင် နေတတ်သွားခြင်း ဖြစ်ပါသည်။ သူ့ထက် ၃ နှစ်မျှငယ်သော ကျွန်တော်သည် သူ့ဘဝထဲ မည်သို့မျှ ပြန်လာမည်မဟုတ်မှန်း နှစ်ပေါင်း ၃၀ နီးပါး အတွေ့အကြုံအရ ပိုင်ပိုင်ကြီး သိသွားသည့်နောက် ကျွန်တော့်အား လွှတ်ချထားလိုက်နိုင်ခြင်းပင်။ ကျွန်တော့် အပြစ်မကင်းရေးချမကင်း။ ထိုဝဋ်ကြွေးသည် တချိန်ချိန် ကျွန်တော် ခံရမည်ပင်။ ကျွန်တော်အတွက် ဖြေသာသည်ကား အရေးကြုံလာသခိုက်မျိုးတွင် ကျွန်တော်သည် သူတစ်ပါးတို့အပေါ် အလွန်ကူညီချင်စိတ်ကဲကဲဖြင့် မနားမနေ ကူညီရိုင်းပင်းနေမိခြင်းမျှပင်။ ကြွားဝါနေလိုခြင်း မဟုတ်ပါချေ။ မိမိဘာသာ ဖြေသိမ့်ခြင်းမျှသာပင်။ ထို့ပြင် ကျွန်တော့်ပင်ကိုဗီဇသဘောက အလွန်အားနာတတ်သော်ငြား ကျွန်တော်အား စိတ်ဖိစီးမှုဖြစ်လွန်းလှ၍ လှည့်မကြည့်လိုသောအခါမျိုးတွင် လုံးလုံးဥပက္ခာပြုထားနိုင်စွမ်းပြန်သည်။
မမဖိုင်တို့ သားအမိခံကြရသည်မှာ ထိုဗီဇစိတ်ကြောင့်ပင်။ ထားကြပါစို့။
ဤမျှဖြင့် ဆီးနှင်းမုန်တိုင်း တိုးရသလားဆိုလျှင် မဟုတ်ပါသေးချေ။ သမီးကြီးထံ လစဉ်ပို့ရသည်က ဘာမှမပြောပလောက်ပေ။ ယခုကြုံရသည့်ကား ချစ်သူတို့ မိသားစု လာလျှင် မိတ်ဆွေများနှင့် လက်လှမ်းမီသောနေရာ၌ အဆင်ပြေဖို့ အဓိကကျလှပါသည်။ ကျွန်တော့်နေရာနှင့် ငါးနာရီ ကွာဝေးသောအရပ်၌ သူတို့ ခေတ္တနေကြရဦးမည်မို့ စိတ်အားမငယ်စေရန် ကျွန်တော့်မှာ တာဝန်ရှိနေသည်။ သူတို့အတွက် လိုအပ်သော စာရွက်စာတမ်းကိစ္စ၊ ရုံးလုပ်ငန်းစဥ်ကိစ္စများအတွက် သုံးလမျှ အချိန်ပေးရပါမည်။ ကျွန်တော်က အလုပ်နားရက်တိုင်း သွားချေပြန်ချေ လုပ်ရင်း အခြေအနေပေးသည်နှင့် အားလုံး ပြန်နေကြမည်ပင်။ အဓိကမှာ ကျွန်တော် အလုပ်လက်မဲ့မဖြစ်ချင်။ သူတို့အတွက် နေရေးထိုင်ရေး စီစဥ်ပေးနိုင်သည်ကအစ အလုပ်ရှိနေသောကြောင့် ဖြစ်သည်ကိုး။ ထို့ပြင် ကားဝယ်မိပြီဆိုသည်နှင့် လိုင်စင်ဖိုးလိုပြီ။ လစဥ် အာမခံကြေး လာတော့မည်။ ပါကင်ခတွေ၊ ဟိုင်းဝေးဖြတ်သန်းခတွေ၊ ဆီဖိုးတွေ ကြိုနေပေါ့တကား။ ထို့ကြောင့် အလုပ်မထွက်နိုင်သေးခြင်းပင်။ သူတို့ကလည်း သဘောတူပါသည်။
နောက် အရေးကြီးသော အချက်တစ်ချက်မှာ မိတ်ဆွေကြီး ကိုမောင်ရစ်(မိုးမခ)၏ နားချဖျောင်းဖျမှုကြောင့် ကျွန်တော်ကျွမ်းကျင်သောနေရာမှ နိုင်ငံရေးအတွက် ပြန်လည်ပါဝင်မည်ဟု ကတိပြုရင်း ယူအက်စ်အေရှိ နွေဦးမှတ်တမ်းများကို
ကျနော် ရှာဖွေစုဆောင်းရန်နှင့် လူပုဂ္ဂိုလ်များအား အင်တာဗျူးရန် ပြန်လည်ကြိုးစားနေသောကြောင့်ပင်။ မကြာခင် နယူးယောက်သို့ သွားရပါဦးမည်။ မိတ်ဆွေများက နေရေး စားရေးကအစ ဘာမှစိတ်မပူဖို့၊ လာသာလာခဲ့ဖို့ဝမ်းပန်းတသာ ဖိတ်ခေါ်နေကြသည်ပင်။ တချို့လူများနှင့်ပင် အင်တာဗျူးရန်၊ မှတ်တမ်းများ စုစည်းရန် ချိန်းဆိုထားပြီးလေပြီ။
ချစ်သူတို့နှင့် ပြန်ဆုံရေးအတွက် ကျွန်တော့်လည်း ကျွန်တော့်ရုံးဘက်ကို အကြောင်းကြားထားဖြစ်သည်။ သူတို့အတွက် စာရွက်စာတမ်း အထောက်အထားပြည့်စုံသည်နှင့် ကျွန်တော် အိမ်တစ်လုံးငှားကာ အားလုံးစုနေကြဖို့ဖြစ်သည်။ သက်ဆိုင်ရာအေဂျင်စီများမှာလည်း အားလုံးအတွက် နေရာထိုင်ခင်း စီစဉ်ပေးရပါလျှင် လွယ်လှသည်မဟုတ်ချေ။ အထက်မှ ချပေးသော ဘတ်ဂျက်ဖြင့် စီမံကြရသည်မို့ တစ်ခါတစ်ရံ မိသားစုများအတွက် အခက်ကြုံရလေ့ရှိပါသည်။ ထို့ကြောင့် ကူညီပေးသည့် မိတ်ဆွေနှင့်ပင် တိုင်ပင်ကာ အိမ်ကြိုငှားရန်အတွက် တစ်လစာ ဒေါ်လာ 700 ပို့ထားပေးရပါသည်။ ထိုငွေက နောင်တွင် ရုံးက ပြန်ပေးပါလိမ့်မည်။
ဤမျှနှင့် ဆီးနှင်းမုန်တိုင်း တိုးရသလားဆိုလျှင် မကတတ်သေးချေ။
မောင်မာန် မဟားတရားနှင့် အားခဲ၍ Marketplace ၌ မွှေနှောက်ကာ ရှာနေသော ကားကိစ္စ ရှင်းပြပါရစေဦးဗျာတို့။
* * *
ယူအက်စ်အေ ရောက်ရောက်ချင်း မောင်မာန်တစ်ယောက် ဖေ့ဘုတ်စ်အွန်လိုင်းစကေး၌ ကျွမ်းကျင်လာသော ပညာကြီးနှစ်ရပ် ရှိပါသည်။ ပထမပညာရပ်သည်ကား၊ Marketplace တွင် စုံတကာစေ့ ပစ္စည်းဟောင်းများ ဈေးပေါပေါနှင့် ရှာဖွေကြည့်ခြင်း ပညာဖြစ်၍ ဒုတိယပညာရပ်မှာ "ချစ်ချစ်တို့ ဘယ်မှာလဲ" ဟူသည့် Dating ကဏ္ဍ ဖြစ်ပါတော့သည်။ (ထိုအကြောင်း သီးသန့်ရယ်စရာ ရေးပါဦးမည်။)
ပထမပညာအရ Marketplace စျေးကွက်ထဲမှပင်၊ စက်ဘီး၊ ဆိုဖာ၊ စက်ဘီးစီးဦးထုပ်တို့ ရှာဖွေဖြစ်ခဲ့ပါသည်။ ယခုအခါလည်း ဈေးပေါပေါကားများ နေ့စဉ်ရှာဖွေကြည့်မိပြန်ပါတော့သည်။ အမျိုးအစားကို အဓိကမကြည့်အားပါချေ။
ဒေါ်လာ ၁၅၀၀၊ ၂၀၀၀ လောက်နှင့် ရနိုင်မည့် ကားဖြစ်ရမည်က နံပါတ်တစ်၊
ဆီစားသက်သာသော အင်ဂျင်ပါဝါဖြစ်ရမည်က နံပါတ်နှစ်၊
ဆလွန်းကား ဖြစ်ရမည်က နံပါတ်သုံး ဖြစ်သည်။
ဤတွင် မောင်မာန်၏ ရှာပုံတော်ထဲသို့ ကိုစိုးခိုင်ငြိမ်းလည်း မနေသာပါချေ။ ဘက်ဖဲလိုးမှ မိတ်ဆွေလည်း မကျန်ရေးချမကျန်။
တစ်ရက်မှာတော့ နှင်းများ ထူ၍ ခဲ၍နေသော အကာလ ညကိုးနာရီ၌ ကိုစိုးခိုင်ငြိမ်းအား အကူအညီတောင်းမိပါသည်။ သူ့ကားနှင့် ဆလွန်းကားတစ်စီး သွားကြည့်ဖြစ်ကြပါသည်။
ကိုလူဖြူတစ်ဦးနှင့် ချိန်းဆိုထားခြင်း ဖြစ်ပါသည်။ ကားမှာ ဓာတ်ဆီသုံးကားဖြစ်ပြီး၊ တိုယိုတာ CAMRY အမျိုးအစား၊ 2006 မော်ဒယ် ဖြစ်ပါသည်။ ပြီးတော့အော်တိုဂီယာမဟုတ်၊ Manual ဂီယာနှင့် ဖြစ်ပါသည်။ ဈေးကဒေါ်လာ ၂၀၀၀ ဆို၏။ မကြည့်ခင်ကပင် ကိုစိုးခိုင်ငြိမ်းက သိပ်အားမပေးချင်လှပေ။ အဓိကမှာ မိုင်ပေါင်းနှစ်သိန်း မောင်းထားပြီးသည့် အချက်ကြောင့် ဖြစ်ပါသည်။
ကျွန်တော်ကလည်း ချိန်းဆိုထားပြီး ဖြစ်သဖြင့် လိုက်ပို့ပေးပါရန် အကူအညီတောင်းကာ နှစ်ဦးသား နှင်းထူထူကြားတွင် ထွက်လာကြပါသည်။ ဆီးနှင်းများကြားတွင် ကားမောင်းရသည်မှာ အလွန်အန္တရာယ်များလှသည်ကို ကိုစိုးခိုင်ငြိမ်းက လက်တွေ့ပင် ရှင်းပြပါသည်။ ကားသေးလေးများအဖို့ မြန်လျှင်လည်း မရ၊ နှေးလျှင်လည်း မရွေ့ဖြစ်ကာ အလွန်ခက်ခဲလှပါတော့သည်။ ည ၈ နာရီခွဲပြီးချိန်တွင် ကျွန်တော်တို့ ရောက်ခဲ့ပါပြီ။
ကားပိုင်ရှင် ကိုလူဖြူသည် ချက်ချင်း မလာပါချေ။ ကျွန်တော် ဖုန်းခေါ်တော့ 'ငါက ကိုးနာရီမှ လာလို့ရမှာ' ဟုပြန်ပြောသဖြင့် နှစ်ဦးသား ကားထဲမှာပင် စောင့်ကြရပါသည်။ ကျွန်တော်တို့ စောင့်နေကြဆဲမှာပင် ချိန်းဆိုထားသော အိမ်နံပါတ်ရှိရာ နံဘေးမှ လမ်းကြားလေးထဲသို့ ကားတစ်စီးဝင်သွားပါသည်။ ၉ နာရီထိုးချိန်တွင် ကျွန်တော် ကားပေါ်မှ ဆင်းကာ ထိုလမ်းကြားလေးထဲသို့ သွားကြည့်မိပါသည်။ ကိုလူဖြူက ဖုန်းကို ဓာတ်မီးခလုတ် ဖွင့်လျက် ကားပေါ်မှ ဆီးနှင်းထုများကို လိုက်လံထိုးဆွကာ ဖယ်ချနေပါတော့သည်။ ကျွန်တော်က ကိုစိုးခိုင်ငြိမ်းအား လှမ်းခေါ်ကာ ကားစစ်ဆေးရန် ဆီးနှင်းများပေါ် သိုင်းကွက်နင်းချကာ သွားကြရပါတော့သည်။
သို့သော် သုံးမိနစ်မျှ ကြည့်ရုံဖြင့် ကျွန်တော်တို့ ပြန်လာခဲ့ကြပါသည်။ တကယ်က မိုင်ပေါင်းနှစ်သိန်းငါးသောင်းကျော် မောင်းထားပြီးပြီ။ အင်ဂျင်သံက အမလေးလေးဗျာတို့ တဟီးဟီး ဖြစ်နေသည်။ ရှေ့ရော နောက်မှာပါ ဒဏ်ရာမကင်းပါချေ။ မြန်မာစကားမှာ မမှားလှ။ ပစ္စည်းဝယ်မည်ဆိုလျှင် ကောင်းလျှင် မပေါဘူး၊ ပေါလျှင် မကောင်းဘူး ဆိုသကိုး။
* * *
ဤမျှဖြင့် ကျွန်တော် ကားရှာပုံတော်ကို လက်လျှော့ပြီဆိုလျှင် မဟုတ်ပါသေး။ ရယ်စရာအဖြစ်လေးလည်း ကြုံရပါသေးသည်။ ဒေါ်လာ ၁၀၀၀ ဖြင့် ကားသန့်လေးတစ်စီး Marketplace တွင် တွေ့ရပြန်သဖြင့် ကျွန်တော် အငမ်းမရလိုက်မိပြန်သည်။ တင်ထားသော ပို့စ်ပိုင်ရှင်ထံ စာပို့ပါသည်။ သူက ချက်ချင်းမပြန်သေးပေ။ ညနေလောက်မှ စာပြန်ပါသည်။ ကား သူ့လက်ဝယ်ရှိနေပါသေးကြောင်း ဖြစ်သည်။ ကျွန်တော်က ကားကြည့်ချင်ကြောင်း တောင်းဆိုချိန်တွင် သူ ဆိုလာပုံက။
"ဒီလိုတော့ရှိသကွာ သူငယ်ချင်း၊ ကားပိုင်ရှင်က ငါ့အဒေါ်ပါကွာ၊ သူက ငါ့ကိုတင်ခိုင်းလို့ ငါ တင်ထားရတာကွ၊ မင်းလိုချင်ရင် သူ့အီးမေးလ်လိပ်စာ ငါ ပေးပါမယ်၊ မင်း ဆက်သွယ်ကြည့်လေကွာ၊ အေး မင်းမြန်မြန်ဆက်သွယ်ဖို့တော့ လိုမယ်နော်၊ ကံကောင်းပါစေကွာ" ဟူ၍။
မောင်မာန်သည်ကား ယူအက်စ်အေ၏ ယဉ်ကျေးမှုသင်တန်း၌ တက်ခဲ့စဉ်က ရုံးမှအခါခါသတိပေးသည့် အွန်လိုင်းထက်မှ ကလိမ်ကျမှု၊ သင်ခန်းစာများကို သတိမမူမိပါချေ။ ထို ကိုလူဖြူ ပေးလာသော အီးမေးလ်ဆီသို့ လှမ်း၍ စုံစမ်းရပါသည်။
"အဒေါ် ခင်ဗျား၊ ကား ကြည့်ချင်လို့ပါ။ ကားရှိနေသေးလား ခင်ဗျာ" ဟု။
ထိုအဒေါ်ကလည်း ကျွန်တော့်ကို တစ်ရက်လုံးလုံး အကြောင်းမပြန်ပါချေ။ မောင်မာန်မှာ $1000 တည်းနှင့် ကားသန့်သန့်ရကောင်းရနိုင်သည်မို့ တကြွကြွ။ ဖုန်းအီးမေးလ်ကို စစ်ရသည်မှာ အမောပါတကား။ အဒေါ်သည် နောက်တနေ့တွင် "အမယ်မင်း၊ ပြောရဦးမယ်ကွဲ့၊ ဖြစ်ရပုံ ကံကြမ္မာများရယ်က" ဆိုသလို နတ်သံနှော၍အကြောင်းရှည်ကြီး စာပြန်ပါတော့သည်။
ကြည့်၊ ကြည့်၊ လိမ်တော့မည့် အကွက်များ။
မောင်မာန် လုံးလုံးမသိပါချေဘဲ မျော၍သွားရသည်မှာ ဤသို့ပါတည်း။
"ငါ့တူကြီးရေ၊ အဒေါ် စာပြန်လိုက်သကွယ်၊ ကားက အင်မတန်ကောင်းလှပါတယ်၊ အဒေါ်ဖြင့် ဂိုဒေါင်ထဲ ဒီအတိုင်းတိုင်းထား ထားတာပါကွယ်၊ ငါ့တူကြီးကို ပြောရဦးမယ်ကွဲ့၊ ဒီကားကလေ ဆုံးသွားရှာပြီဖြစ်တဲ့ ဒေါ်ဒေါ့်သားရဲ့ ကားပါကွယ်၊ သူ့ခမျာ စက်ဘီးအက်စီးဒင့်ဖြစ်ပြီး မနှစ်ကပဲ ဆုံးရှာပါပေါ့ကွယ်၊ ဒေါ်ဒေါ်လေ ဒီကားကို မြင်တိုင်း သားကို သတိရလွန်းလို့ အခု ထုတ်ရောင်းရတာပါ၊ အင်မတန်မှ အဖိုးချိုသကွယ်၊ ငါ့တူကြီး လိုချင်ရင် တစ်ခုတော့လုပ်ပါကွယ်၊ ebayမှာ အကောင့်ဖွင့်ပြီး၊ ဖုန်းနံပါတ်၊ နာမည်၊ လိပ်စာ ကေ့စ်တစ်ခု အရင်တင်ရမယ်ကွဲ့၊ အဲဒါလေးလုပ်ပြီးရင်သာ အဒေါ့်ကို အကြောင်းကြားပေါ့ကွယ်၊ ငါ့တူကြီး ကံကောင်းပါစေ" ဟူ၍ ပြန်စာပို့လာပါတော့သည်။
ဖြစ်မှဖြစ်ရလေဟု မောင်မာန် ကရုဏာသက်မိဆဲ၊ ဘက်ဖဲလိုးမှ မိတ်ဆွေနှင့် ထိုအကြောင်း ပြောဖြစ်ချိန်၌၊
"အဲဒါ လိမ်နေတာဗျ၊ သွားမလုပ်နဲ့နော်၊ ebay မှာ အမှုတွဲ ဖွင့်ခိုင်းတာ နည်းတဲ့အဆင့် မဟုတ်ဘူး။ ဘာမှအဓိပ္ပာယ်မရှိဘူး။ သတိသာထားပေရော့" တဲ့။ ထို့ပြင် သူက ဆက်ရှင်းပြပါသည်။
Marketplaceတွင် မကြာခဏ အရောင်းအဝယ်ချိန်းဆိုရင်း ပစ်သတ်ခံရသူများ ရဲမှုခင်းတွင် များစွာရှိနေကြောင်းဖြစ်ပါတော့သည်။
သွားပေဦးတော့ ဒေါ်လာ ၁၀၀၀ တန် ကားရေ။
* * *
သို့ပါလျက် မောင်မာန်၏ ကားရှာပုံတော်မှာ မတန့်ရေးချမတန့်။ အလုပ်ခွင်ထဲမှ ကားပြန်ထုတ်မည့်သူထံ၌လည်း ကားကို ကြည့်ဖြစ်သည်။ ကားကောင်းသော်ငြား ခေါ်စျေးကပင် ခေါင်ခိုက်နေသဖြင့် မဝယ်နိုင်ပေ။ နောက်ဆုံး နယူးယောက်မှ မိတ်ဆွေဖြစ်သူ ရောင်းချမည့် ဒေါ်လာ ၈၀၀ တန်ကားနှင့်မှ ကိစ္စပြတ်ပါလေတော့သည်။
ယုံချင်မှ ယုံပါလေဗျာတို့။ 2004 မော်ဒယ်၊ တိုယိုတာ၊ Acura ကား၊ မိုင် ၁၇၀၀၀၀ ကျော်ကားအား ဒေါ်လာ ၈၀၀ ဈေးဖြင့် လူကိုယ်တိုင် လာရောင်းသည်ကို ကြုံရပါသည်တကား။ အဓိကမှာ ကားပိုင်ရှင်မိတ်ဆွေ၌ ကားသုံးစီး ရှိနေပါသည်။ ယခုကားမှာ သားဖြစ်သူအား ကားမောင်းသင်ပေးနေသဖြင့် မရောင်းချသေးခြင်းပင်။ ယခုတော့ သားကလည်း ကျောင်းသွားတက်နေပြီဖြစ်၍ ဒေါ်လာ ၈၀၀ ဖြင့် ရောင်းမည်။ ဟိုနား ဒီနား သွားသွားလာလာ အိမ်စီးကားအဖို့ အဆင်သင့်ဖြစ်ပါသည်ဟု ပြောပြလာပါသည်။ ဘုရားမလေပြီ။ နယူးယောက်မှာ သွားကြည့်ရမည်။ ကြိုက်လျှင်မောင်းချလာရုံပေါ့။
ဤသို့ဖြင့် ဘုမသိဘမသိ မောင်မာန် အစီအစဉ်ဆွဲကာ ကားလက်မှတ် ဖြတ်ပါတော့သည်။ စနေနေ့ နံနက်ကိုးနာရီ ကားဖြင့်သွားတော့မည့်ဆဲဆဲ နယူးယောက်မှ မိတ်ဆွေဖြစ်သူ ကိုကျော်စိုးလတ်က-
"ကိုမာန်ရေ၊ မုန်တိုင်းရှိသဗျ၊ ဆီးနှင်းက ၈ လက်မ အထက်ကျမှာ။ ကိုယ့်ဆရာ ကားမောင်းပြန်ဖို့ မလွယ်ဖူးနော်" တဲ့။
ကျွန်တော်လည်း ကားမောင်း မည်မျှကျွမ်းသည်ထင်ထင် နှင်းထုကြားမှာတော့ မမောင်းဝံ့ပါချေ။ ထို့ကြောင့် လက်မှတ်အဆုံးခံကာ ကားပိုင်ရှင်ထံ အကျိုးအကြောင်း ရှင်းပြရပါတော့သည်။
ကံကောင်းချင်ပြန်တော့ သိပ်မကြာခင်မှာပင် ဘတ်ဖဲလိုးမှ မိတ်ဆွေကပင် လမ်းကြုံသဖြင့် ထိုကားကို ကျွန်တော့်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ယူချလာပေးပါတော့သည်။
သူ ရှင်းပြမှပင် ကံကောင်းလို့ပါတကား။ တကယ်တော့ ဒီက ယာဉ်မောင်းဥပဒေကို ကျွန်တော် ဂဃနဏ မသိရေးချမသိ၊ မသိ။ မိမိမှာ ယာဉ်မောင်းလိုင်စင်ရှိရုံဖြင့် ကားတက်မောင်းရပြီ ထင်ကာ နယူးယောက် တက်ဖို့ လုပ်ခဲ့ပေသကိုး။ တကယ်က ထိုသို့ မရသေး။
မိမိယာဉ်မောင်းဖို့အတွက် မိမိကားကိုပိုင်ရှင် title အမည်ပြောင်းရန် dmv ရုံး၌ မှတ်ပုံတင်ပါဦးခင်ဗျာ၊
အခွန်ဆောင်ပါဦးခင်ဗျာ၊
မိမိကိုယ်တိုင်လည်း ယာဥ်မောင်းခွင့် အာခံကြေး ပေးသွင်းပါဦးခင်ဗျာ၊
သို့မှသာ မောင်းခွင့်ရှိပေသကိုး ဥပဒေများက။
ဆိုလိုသည်မှာ သူများကားကို သွားယူမောင်း၍ တစ်ခုခုဖြစ်ပါက ထိုကားပိုင်ရှင်က သူ အာမခံထားသည့်ကိစ္စက သူ့အတွက်သာ ဖြစ်၍ ပေးလျော်မည် မဟုတ်။ တက်မောင်းသူ၏ အာမခံကုမ္ပဏီက ရှင်းပေတော့။ အကယ်၍ အာမခံမရှိဘဲ ပြဿနာပေါ်ပါလျှင် အမှုက နှစ်မှုခင်ဗျ။ အာမခံမရှိဘဲ ကားမောင်းမှုနှင့် ယာဉ်အက်စီးဒင့်အမှုတို့ ဖြစ်သည်ဆို၏။
ဆိုကြပါစို့။
ထိုကား ရောက်လာပြီဆိုသခိုက် စမ်းသပ်မောင်းနှင်ကြည့်မိရာ အတော်အဆင်ချောလှပါသည်။ ထို့ကြောင့် ထိုတစ်နေ့တည်းမှာပင် ချစ်သူတို့ အိမ်စပေါ်က ဒေါ်လာ 700 ဗျ။ ကားဖိုးက ဒေါ်လာ 800 ပါ။ ကျွန်တော့်အိမ်လခက ဒေါ်လာ 450 ။ သမီးကြီးအတွက်က ဒေါ်လာ 150 ထွက်သွား၏။ ချစ်သူတို့ လမ်းမှာသုံးစွဲရန် ဒေါ်လာ ၂၅၀ ပို့ဖြစ်သည်။ မတန့်သေးချေ။ ဆရာကြီးသော်တာဆွေ လေသံနှင့်ပြောရပါလျှင် နှင်းမုန်တိုင်းအား ခုခံရန် ဤခန္ဓာကိုယ် အတ္တဘောကြီးအတွက် ဝီစကီတစ်လုံးဖိုး ဒေါ်လာ 50 စွန်းစွန်း စွ့န်လှူခဲ့ရချေသကိုး။
အမျှ အမျှ၊ သာဓု သာဓု။
* * *
ထိုထိုသော အကြောင်းများကြောင့် ဆောင်းရာသီနှင်းမုန်တိုင်းကြီးထဲ၌ သကောင့်သား မောင်မာန်တစ်ယောက် နှင်းစီးဖိနပ်ကြီးစီး၊ ဘောင်းဘီသုံးထည် ထပ်၍ဝတ်၊ ခေါင်းစွပ်နှစ်ထပ်၊ အနွေးထည်နှစ်ထပ်ဖြင့် ဒေါ်လာတစ်ရာကျော်လုပ်အားခ ရဖို့အရေး ကိုယ့်ဒုက္ခကိုယ်ထမ်းကာ အလုပ်ခွင်သို့ မနှေးအမြန် ပြေးဝင်ရလေသည်တကား။
အလုပ်ပြန်ချိန်၌ ကိုမက်ခရူးက သူ့ကားဖြင့် လိုက်ပို့ပေးသဖြင့် အိမ်သို့ သက်တောင့်သက်သာ ပြန်ရောက်ရင်း ဤစာမူကို ရေးခွင့်သာပေသမို့ ကိုမက်ခရူးအား ကျေးဇူးတင်ရပါတော့သည်။
မာန်(တောင်လုံးပြန်)
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂
နံနက်- ၅:၁၄ နာရီ
ခေတ္တ ယူအက်စ်အေ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar