ကျော်ဟုန်း - စောင်း
စောင်း
ကျော်ဟုန်း
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၂
အီဂျစ်လိုဆို လိုင်ယာ၊ ဗိန်း၊ ဗင်
ဆူမာလိုတော့ ဗန်၊ ပန်
ဂရိ ကျတော့ စီသရာ၊ စန်ဘိကီ
အာရပ်ကတော့ စက်က
လက်တင်မှာဆို စန်ဘုက
အင်္ဂလိတ်လိုတော့ လု၊ ဟပ်လု
ပါရှားတဖုံ စင်း၊ ချင်း
အိန္ဒိယတသွယ် ဝီဏာ၊ ဂုပ္ပတ
မွန် တို့များကျ တဏ၊ စံင်
မြန်မာတွေက ဂန္ဓဗ္ဗ၊ စောင်း
အမည်ကွဲလည်း
သံစဉ်မလွဲအမြဲ။
လူ့လောကမှာ
လူမျိုး၊ ဒေသအလိုက်
သဏ္ဍာန်၊ အခေါ်
ဘယ်လိုပြောင်းပြောင်း
အခြေခံက
ကြိုးတပ်တူရိယာ အတူတူ။
ဗုဒ္ဓဝင်မှာတော့ ပဉ္စသိင်္ခ
လူ့လောကထက်
ဆရာကြီးကျတဲ့သူ
လျော့တီးလိုက်
တင်းတီးလိုက်
မလျော့ မတင်း ကြိုးညှိတီးလိုက်
ဒုက္ခစရိယာကိုယ်တော်ကြီးကို
စောင်းသံနဲ့ လမ်းညွှန်ခဲ့ ဆိုသတဲ့။
ယုံ- မယုံ မဝေခွဲလေနဲ့
ပမာပုံ လက်တွေ့အသုံးဝင်သမို့
တို့တတွေ ဘာလုပ်လုပ်
ကြိုးညီစောင်းသံဖြစ်ဖို့ပဲလိုတယ်။
ကမ္ဘာပေါ်က စောင်းများအားလုံးညီရင်
ဒီကမ္ဘာဟာ သံစဉ်ငြိမ့်သွားမှာ မလွဲ
စောင်းတွေလို ကျင့်ကြံရင်ဖြင့်
ဒီနေရာက အလေးပြုလိုက်ချင်တယ်။
၂၂၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar