Breaking News

အောင်သူငြိမ်း - ဒီမိုကရေစီအရေး ဘယ်လိုပြန်လည်ပြင်ဆင်ကြမလဲ (အပိုင်း-၂)


အောင်သူငြိမ်း - ဒီမိုကရေစီအရေး ဘယ်လိုပြန်လည်ပြင်ဆင်ကြမလဲ (အပိုင်း-၂)

(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၂


၅။ ဒီမိုကရေစီ ခိုင်မာဖို့ဆိုရင် အတိတ်ကို မျက်နှာချင်းဆိုင်ပါ။ (To secure democracy, Face up to the past.)
လစ်ဘရယ်ဒီမိုကရေစီ စနစ်တွေမှာ အရေးကြီးပေမယ့်၊ သိပ်အလေးမထားကြတဲ့ကိစ္စက အစိုးရတွေဟာ ဝေဖန်မှုကို လက်ခံရမယ် ဆိုတဲ့အချက်ပါပဲ။ အစိုးရတွေရဲ့ စွမ်းဆောင်မှုအပေါ်မှာ ဝေဖန်မှုကို လက်ခံနိုင်ရုံမျှ မကပါဘူး။ နိုင်ငံရဲ့ အတိတ်က အမှားလုပ်ခဲ့ ဖြစ်ခဲ့တာတွေကို ဝေဖန်ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။ အာဏာရှင်တွေကတော့ အတိတ်ကို ဖုံးကွယ်ဖျောက်ထားလိုက်ပြီးတော့ ဇာတ်လမ်းအသစ်တွေ ရေးကြပါတယ်။ အတိတ်က ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့ ရွှေခေတ်အကြောင်း ရုပ်တုကြီးတွေ ထုလေ့ရှိကြပါတယ်။
ဒီမိုကရေစီစနစ်မှာလည်း အလားတူ သမိုင်းရဲ့ မည်းမှောင်တဲ့ စာမျက်နှာတွေကို လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်က အချင်းချင်း ဘက်ကွဲစေဖို့နဲ့ သဘောထားတင်းမာ မကျေနပ်မှုတွေကို ပေါက်ဖွားစေပါတယ်။ လူမှုရေးအရ အနိဋ္ဌာရုံတွေကို ပိုဆိုးလာစေတတ်သလို၊ အနာဟောင်းတွေက မကျက်နိုင်၊ မကုသနိုင် ဖြစ်နေရပါတယ်။ ခိုင်မာသန်စွမ်းတဲ့ ဒီမိုကရေစီစနစ် ဆိုရင် အတိတ်ကို ပြန်ပြီး မျက်နှာချင်းဆိုင်နိုင်ရပါမယ်။ သူတို့ အောင်မြင်ခဲ့တဲ့သမိုင်းလိုပဲ၊ ကြောက်မက်ဖွယ် သမိုင်းကိုလည်း ပြန်လည် ရင်ဆိုင်ရဲရပါလိမ့်မယ်။
ဘာလင်မှာ ဂျူးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ် ပြတိုက် (memorial to the Holocaust) သေချာ တည်ထားပါတယ်။ ဝါရှင်တန်ဒီစီက မြို့လယ်ရင်ပြင် National Mall မှာလည်း မူရင်းနွယ်ဖွား အမေရိကန်တွေ (Native Americans) (ရက်အင်ဒီယန်း… စသည်ဖြင့်) တွေနဲ့ အာဖရိကန် အမေရိကန် (လူမည်း) တွေအတွက် ပြတိုက်တွေ တည်ထားပါတယ်။ ဒီပြတိုက်တွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အဆိုးရွားဆုံး သမိုင်းအစိတ်အပိုင်းတွေကို ဖော်ပြထားပါတယ်။ ကမ်ဘောဒီးယားနိုင်ငံမှာ Tuol Sleng လူမျိုးတုံးသတ်ဖြတ်မှု ပြတိုက်ရှိပါတယ်။ အာဏာရှင် ပိုပေါ့ကာလတုန်းက သတ်ဖြတ်မှုကွင်းပြင်အဖြစ် ကြုံရတဲ့အဖြစ်တွေကို မှတ်တမ်းတင်ထားပါတယ်။ ဩစတြေးလျနဲ့ ကနေဒါမှာတော့ ဌာနေ တိုင်းရင်းသား လူထုတွေကို သတ်ဖြတ်ခဲ့တာ၊ ချိုးနှိမ်ခဲ့တာတွေအတွက် အသိအမှတ်ပြု ဖော်ပြမှုတွေ ရှိနေကြပါတယ်။
သမ္မတဂျိုးဘိုင်ဒင် ကျင်းပတဲ့ ဒီမိုကရေစီ ထိပ်သီးညီလာခံမှာ လစ်သူအားနီးယားနိုင်ငံ သမ္မတ ဂီတာနတ်စ် နော်ဆီးဒါး (Gitanas Nauseda) က ပြောပါတယ်။ ဒီမိုကရေစီက ပြိုင်ဆိုင်မှုကို အခြေခံထားတော့ ဒီအချက်ကြောင့် ရံဖန်ရံခါ ပဋိပက္ခတွေကို ဖြစ်စေတတ်ပါတယ်။ ဒီမိုကရေစီအရ ကြံ့ကြံ့ခံနိုင်မှု (Democratic resilience) ဆိုတဲ့နေရာမှာ ဒီမိုကရေစီ အင်စတီကျုရှင်း အဖွဲ့အစည်းစနစ်တွေက ပဋိပက္ခ ပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်စွမ်း ရှိသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ထိရောက်တဲ့ ပဋိပက္ခဖြေရှင်းမှု ဆိုတဲ့အခါမှာလည်း ဒီမိုကရေစီက အချို့သော တိုင်းရင်းသား၊ လူမျိုးစု၊ လူနည်းစုအုပ်စုတွေအပေါ် ပျက်ကွက်ခဲ့တဲ့ကိစ္စတွေကို အသိအမှတ်ပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဘယ်နိုင်ငံကမှ ခြောက်ပြစ်ကင်း သဲလည်းစင် အတိတ်မှာ အမှားကင်းခဲ့ကြတာ မဟုတ်ပါဘူး။
အဲဒါတွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ခိုင်မာသန်စွမ်းတဲ့ ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ် အရေးပါပါတယ်။ သူတို့က အာဏာရှိသူကို အမှန်အတိုင်း ထောက်ပြ ပြောဆိုနိုင်ကြပါတယ်။ အကယ်၍ အစိုးရက နားမထောင်ဘူးဆိုရင်လည်း သူတို့က လူထုတွေကို လှုံ့ဆော်စည်းရုံးနိုင်ကြပါတယ်။

၆။ သစ္စာဖောက်များကို ခေါ်ထုတ်ပါ (Call out the traitors.)
၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်များလောက်မှာ တရုတ်သမ္မတ ရှီ နဲ့ ရုရှားသမ္မတ ပူတင်တို့က မဟာဗျူဟာကျကျ လာဘ်စားမှု၊ အဂတိ လိုက်စားမှုတွေ ဖြစ်အောင် ကမ်ပိန်းတွေကို အကြီးအကျယ် လုပ်ဆောင်ခဲ့ကြပါတယ်။ သမ္မတပူတင်နဲ့ ရင်းနှီးတဲ့ ရုရှား အိုလီဂါ့ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေက အနောက်နိုင်ငံ ဒီမိုကရေစီရွေးကောက်ပွဲတွေကို လာဘ်ထိုးပြီး ဩဇာလွှမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံကလည်း ခါးပတ်တကွင်း၊ လမ်းတစင်း (BRI) စီမံကိန်းကြီးနဲ့ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုတွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ခဲ့ကြပါတယ်။ သူတို့က အာဏာရှင်အစိုးရတွေ၊ ဒီမိုကရေစီအစိုးရ အရာရှိတွေကို အကျင့်ပျက် ခြစားလာအောင် အကြီးအကျယ် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီလို စိန်ခေါ်မှု ပြဿနာတွေကို ရှင်းနိုင်အောင် အနောက်တိုင်းအစိုးရတွေက သူတို့လုပ်ငန်းကဏ္ဍတွေကို သေချာတူးဆွ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဖုံးကွယ်ဖျောက်ဖျက်ထားတဲ့ ငွေကြေးတွေကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းတွေကနေ အိမ်ရာလုပ်ငန်းတွေအထိ သူတို့ဝှက်ထားတဲ့ ငွေကြေးတွေကို ဖော်ထုတ်ရပါလိမ့်မယ်။ ဥပဒေတွေကို သေချာပြန်ပြင်ရေးရုံမျှမက၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘိဇနက်လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုအတွက် သေချာ စည်းကြပ်ဖို့လည်း လိုအပ်ပါတယ်။ အဓိက အခက်အခဲကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ တရားမဝင် ငွေကြေးတွေက လည်ပတ်စီးဆင်းနေနိုင်တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာဆိုရင် နိုင်ငံခြားက အော်လီဂါ့တွေက နိုင်ငံရေးကိစ္စ အလှူရှင်ကြီးတွေ ဖြစ်နေကြပါတယ်။ ငွေကြေးနဲ့ အခြား ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ငွေအပေးနိုင်ဆုံး ဖောက်သည်ကြီးတွေ ဖြစ်နေကြပါတယ်။ ကွန်ဆာဗေးတစ်ပါတီဆိုရင် မသန့်ရှင်းတဲ့ ငွေကြေးတွေ လက်ခံရာဌာနကြီးကို ဖြစ်လို့ပါပဲ။ ဒီအခါ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေလည်း ကြန့်ကြာ မအောင်မြင်ဖြစ်ကြရပါတယ်။ ခုခါမှာ အကျင့်ပျက်ခြစားမှုဟာ အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်တဲ့အဆင့် ရောက်နေပါပြီတဲ့။

၇။ ယဉ်ကျေးမှု စစ်ပွဲများကို အပစ်ရပ်စဲပါ။ (Cease-Fire in the Culture Wars.)

လစ်ဘရယ် ဒီမိုကရေစီ ရှင်သန်ထွန်းကားဖို့ ဆိုရင်၊ အစိုးရတွေရဲ့ စီးပွားရေးမူဝါဒတွေက သူတို့ရဲ့ နိုင်ငံသားတွေအတွက် ကြွယ်ဝဖွံ့ဖြိုးဖို့ ဖြစ်စေရပါလိမ့်မယ်။ အစိုးရတွေက နိုင်ငံသားတွေကို လူများစုဖြစ်စေ၊ လူနည်းစုဖြစ်စေ လူမှု ရေးအရ လေးစားကြဖို့နဲ့၊ စားပွဲဝိုင်းမှာ နေရာပေးနိုင်ဖို့ မတူကွဲပြားမှုတွေကို လက်ခံဖို့ လိုအပ်သလို၊ ကျယ်ပြန့်တဲ့ မြော်မြင်ချက် ထားရှိ ကတိပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့နိုင်ငံ တည်ထောင်ခဲ့တဲ့ အခြေခံ မူဝါဒ၊ စံတန်ဖိုးတွေကို ပြန်လည်အားဖြည့်ဖို့ လိုအပ်သလို၊ အင်စတီကျုရှင်း (ဖွဲ့စည်းပုံစနစ်) တွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။ အာဏာရှင်ဆန်တဲ့ ဗိုလ်ကျ လွှမ်းမိုးမှု ရှိလာရင်လည်း ဆန့်ကျင်ဖို့ လိုအပ်ပါတယ်။
ဒီလုပ်ငန်းတွေ လုပ်ဆောင်ရမှာ အများသားပါ။ ဒါပေမဲ့ နိုင်ငံအများစုက တော့ ဒီလိုစိန်ခေါ်မှုတွေကို အနီးကပ်နိုင်ဖို့ တောင် အတော်ကြီးလှမ်းနေပါသေးတယ်။ အဲတော့ စာရေးသူ အကြံပြုတာက အနိမ့်ဆုံးအနေနဲ့ ယဉ်ကျေးမှု စစ်ပွဲများကို အပစ်ရပ်ထားဖို့ပါပဲ။
အကြောင်းကတော့ လူပြိန်းကြိုက်နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ဆိုရင် မဲပေးသူတွေကို ရန်တိုက်ပေးတဲ့သဘော လုပ်ကြပါတယ်။ သူတို့အနေနဲ့ ယဉ်ကျေးမှုစစ်ပွဲရဲ့ တဖက်မှာ ရပ်တည်နေရသယောင် ခံစားရအောင် တိုက်တွန်းကြပါတယ်။ နိုင်ငံရဲ့ အာဏာအကြီးဆုံး အင်အားစုတွေက သူတို့လူမှုအသိုက်အဝန်းကို အထင်အမြင်သေးနေသယောင် ပြုမူ ပြောဆိုကြပါ တယ်။ ဒီလိုနဲ့ပဲ မဲတွေရအောင် ဆွဲဆောင်ကြတာပါ။ သူတို့ စိုးရိမ်မှု ခံစားချက်တွေကလည်း အကြောင်းမဲ့တော့ မဟုတ်ကြပါဘူး။
အကယ်၍ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေက ကျိုးကြောင်းဆီလျော်တယ်လို့ ယုံကြည်ရင်၊ ကျနော်တို့ နိုင်ငံရေး၊ ယဉ်ကျေးမှု အင်စတီကျုရှင်း (အဖွဲ့အစည်းစနစ်)တွေက သူတို့ကို ဂိတ်တံခါးဝ ရောက်နေတဲ့ ဘာဘေးရီးယန်းတွေလို ရန်ဖက်အမြင်မျိုးနဲ့ မဆက်ဆံသင့်ပါဘူး။ တနည်းတဖုံတော့ လူမှုရေးအရ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီနည်းသာပဲ အာဏာရှင်ဆန်ဆန် ကျင့်သုံးလာဖွယ်ရှိတဲ့ လူပြိန်းကြိုက် နိုင်ငံရေးသမားတွေရဲ့ ရန်က ခုခံကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။

ဆက်ရေးပါဦးမယ်။
အောင်သူငြိမ်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar