Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၄ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၂

◾️ဥရောပစစ်မီးနဲ့ ကမ္ဘာကိုရိုက်ခတ်မယ့်ဂယက်များ
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်တဲ့ စစ်ပွဲရဲ့ သက်ရောက်မှုက ကမ္ဘာ့နိုင်ငံအသီးသီးဆီရောက်ရှိမှာ မလွဲပါဘူး။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ နယ်မြေအရ၊ ကုန်သွယ်မှုပိတ်ဆို့တဲ့ သက်ရောက်မှုအရနဲ့ ကမ္ဘာ့အရေး အာရုံစိုက်မှု မဟာဗျူဟာအရ စသဖြင့် တနည်းမဟုတ်တနည်းနဲ့ သက်ရောက်မှုရှိလာမှာ သေချာပါတယ်။ 

မြန်မာနိုင်ငံလည်း အဲဒီလိုသက်ရောက်မှုတွေထဲ ပါဝင်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး လက်ရှိစစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုကို ထောက်ခံတယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ နိုင်ငံရေးအရ မြန်မာ့ဒီမိုကရေစီ အရေးကို ဘယ်လိုသက်ရောက်စေမလဲဆိုရင် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ဥရောပ နိုင်ငံတွေအဖို့ ယူကရိန်းအရေးကိစ္စကို အထူးအာရုံစိုက်ရမယ့် အခြေအနေရောက်လာသလို စစ်ရေး လက်နက်ခဲယမ်း အကူအညီပေးဖို့ စစ်ပွဲရဲ့ အကျိုးဆက် ရွှေ့ပြောင်းလာမယ့်ဒုက္ခသည်တွေအတွက် ပြင်ဆင်မှုတွေ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှု နဲ့ပတ်သက်လို့လည်း ရုရှတင်သာမက အခြားသောဆက်စပ်နေတဲ့ နိုင်ငံနဲ့ လုပ်ငန်းတွေအားလုံး ပြန်လည်ပြင်ဆင်ချိန်ညှိကြရမယ့် အရေးကိစ္စပေါင်းများစွာ သက်ရောက်မှုပေါင်းများစွာ ရှိပါလိမ့်မယ်။ ဒီအခြေအနေက ယူကရိန်းနဲ့ ထိစပ်နေတဲ့ အခြားသောအိမ်နီးချင်းနိုင်ငံတွေကို စစ်မီးမကူးခဲ့ရင် ကြုံရမယ့်အခြေအနေဖြစ်ပြီး အကယ်၍သာ စစ်မီးကူးခဲ့မယ်ဆိုရင်တော့ ပိုမိုရှုပ်ထွေး များပြားတဲ့အကျိုးဆက်တွေ ဖြစ်ပွားလာလိမ့်မှာ ဖြစ်ပြီး ဥရောပရဲ့ တစိတ်တပိုင်းစစ်ပွဲလို အခြေအနေမျိုးနဲ့ ကြုံရနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်မှာ ဥရောပမှာ ပထမဆုံးကျယ်ပြန့်တဲ့ စစ်ပွဲတပွဲဖြစ်လာမယ့် အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ 

စစ်ရေးပြင်နေကြစဉ်ကတည်းက ကမ္ဘာ့လောင်စာစျေး၊ ရေနံစျေးက တက်နှင့်ပြီးဖြစ်နေတာပါ။ နကိုက ဒေါ်လာ ၈၀ ကျော်ကနေ စစ်ရိပ်စစ်ငွေ့ အငြင်းအခုံတွေ ပြင်ဆင်နေချိန်ကာလမှာ ဒေါ်လာ ၉၀ ကျော်ထိရောက်ခဲ့ပြီးအခု စတင်လိုက်ချိန်မှာ တစည်ကို ဒေါ်လာ ၁၀၀ အထိရောက်ရှိသွားတာ ဖြစ်ပါတယ်။ 

လောင်စာဆီစျေးတက်တဲ့ ဂယက်က မြန်မာနိုင်ငံကို သီတင်းပတ်နဲ့အမျှ နေ့နဲ့အမျှ ရိုက်ခတ်နေပြီး မြန်မာနိုင်ငံမှာလည်း တခါမျှ မကြုံဖူးသေးတဲ့ ဓါတ်ဆီစျေး၊ ဒီဇယ်စျေးမြင့်တက်မှုကို ကြုံနေရပြီဖြစ်ပါတယ်။ လောင်စာဆီစျေးမြင့်တက်မှုက ကုန်သယ်ယူမှုကို စရိတ်တက်စေပြီး စိုက်ပျိုးရေးထုတ်ကုန်တွေမှာလည်း မသယ်ဆောင်ခင်ကပင် ရေသွင်းတာ၊ ရိတ်သိမ်းတာတွေမှာ လောင်စာဆီအသုံးပြုရတာကြောင့် ထွက်ရှိလာကတည်းက ထုတ်လုပ်မှုစရိတ်က မြင့်နေပြီးဖြစ်သလို သယ်ဆောင်တဲ့အခါမှာလည်း ကုန်ကျစရိတ်မြင့်တက်ပြီး ကုန်ပစ္စည်းစျေးနှုန်းတွေ မြင့်တက်လာနေပြီ ဖြစ်ပါတယ်။ 

ငါးဖမ်းတဲ့ လုပ်ငန်းတွေမှာလည်း လောင်စာစျေးမြင့်လို့ ငါးပုစွန် စျေးနှုန်းတွေကို မြင့်တက်စေမှာဖြစ်ပါတယ်။ ကိုဗစ်က စတင်ခဲ့တဲ့ စီးပွားရေး ထိုင်းမှိုင်းနှေးကွေးမှုက စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာကာ မြန်မာကျပ်ငွေတန်ဖိုးက ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလနောက်ပိုင်း တကြိမ်မျှ မကြားဖူးတဲ့ တဒေါ်လာ ကျပ် ၂၀၀၀ အထက်ကို ပထမဆုံးအကြိမ်မြင့်တက်ခဲ့ရာက အခုတော့ ၂၀၀၀ အောက်လျော့လျော့လေးမှာ တိုင်နေတာဖြစ်ပါတယ်။ 

နိုင်ငံတကာအနေနဲ့လည်း ရေနံစျေး ခုထက်ပိုမတက်အောင် အရံသိုလှောင်ထားတဲ့ရေနံတွေကို ထုတ်သုံးတဲ့နည်းနဲ့ စျေးကွက်က စျေးနှုန်းကို ထိန်းဖို့ကြိုးစားကြမှာမှန်ပေမယ့် ဘယ်လောက်ထိ ထိရောက်မှုရှိမယ်ဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ 

ယူကရိန်းစစ်ပွဲက မြန်မာ့ဒီမိုကရေစီအရေး အပေါ် သံတမန်ရေးရ ဘယ်လောက်သက်ရောက်မှုရှိနိုင်မလဲလို့မေးရင် အတိုင်းအတာတခုထိ ရှိမှာက သေချာပါတယ်။ အနောက်ဥရောပနဲ့ မဟာမိတ် အမေရိကန်တို့အနေနဲ့ ဥရောပရဲ့ စစ်ရေး သံတမန်ရေး၊ စီးပွားရေးအရ ထောက်ပံ့ပေးရေးတွေနဲ့ အချိန်ပြည့် အာရုံစိုက်လုပ်ဆောင်ကြရမှာမို့ မြန်မာ့အရေးကိစ္စကို ခုဖြစ်ရပ်မတိုင်ခင်လောက် အာရုံစိုက် ဖိအားပေးကြဖို မလွယ်ကူတာ၊ မြန်မာ့အရေးဟာ နိုင်ငံတကာ အရေးအစည်းအဝေးတွေမှာ နောက်တန်းရောက်သွားမယ့် အလားအလာရှိနေတာဖြစ်ပါတယ်။
 
မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေ၊  ပြည်တွင်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေသူတွေအဖို့ စိတ်ဓါတ်ထောက်ခံမှုအရ အာရုံစူးစိုက်မှုအရ မြန်မာ့အရေးကို စိတ်ဝင်စားမှုလျော့ကျလာမယ့် အလားအလာကို မျှော်လင့်ထားပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကို ပိုလုပ်ဆောင်ကြရမယ့်သဘောလည်း မြင်တွေ့လာရပါတယ်။ ဒီမတိုင်ခင်ကလည်း နိုင်ငံတကာက လက်နက်ကိုင်တိုက်ပွဲကို ရုပ်ဝတ္တုအရ မူဝါဒအရ အထောက်အပံ့ပေးနေတာမဟုတ်သော်လည်း ခုအခါမှာ စိတ်ဓါတ်ရေးအရ ထောက်ခံမှု အာရုံစိုက်မှု လျော့နည်းလာမယ့် အခြေအနေမျိုးမှာ မိမိတို့ရဲ့ ပြည်တွင်း တိုက်ပွဲဗျူဟာ နိုင်ငံရေးဗျူဟာတွေကို ချိန်ညှိကောင်း ချိန်ညှိကြရမယ့် အလားအလာလည်းရှိပါတယ်။ 

အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ရုရှားအနေနဲ့ ယူကရိန်းနဲ့ ဥရောပစစ်မျက်နှာမှာ စစ်ရေးအရ အထိနာခဲ့ရင် အရေးနိမ့်ခဲ့ရင် ဆိုတဲ့ဖြစ်နိုင်ခြေမှာတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေအဖို့ စိတ်အားတက်ကြွစရာ ဖြစ်လာနိုင်ပါတယ်။ 

ခုတကြိမ်ဥရောပမှာ ဖြစ်ပွားတဲ့ စစ်ပွဲကမြေပြင် စစ်သည်အင်အားကို အသုံးပြုတာမှန်ပေမယ့်လည်း တဖက်ရန်သူရဲ့ ထောက်ပံ့ရေး စစ်ရေးလှုပ်ရှားမှုကျောရိုး အဆောက်အအုံတွေကို တာလတ်ပစ်ဒုံးကျည်လိုမျိုးနဲ့ ပစ်ခတ်ဖျက်ဆီးတာတွေ ဖြစ်တာကြောင့် စစ်ပွဲကျယ်ပြန့်မှု  အပျက်အစီးပမာဏက သမရိုးကျစစ်ပွဲထက်ပိုကြီးမားမယ်လို့ ခန့်မှန်းရပါတယ်။ အာဖဂန်နစ်စတန်ကို ကျူးကျော်တဲ့ ၁၉၈၀ ခုနှစ်တွေတုန်းကလို လူနဲ့ တင့်ကားနဲ့ တိုက်ခိုက်တာမျိုးထက် ဒုံးကျည်နဲ့ ဖျက်ဆီးပြီးမှ မြေပြင်တပ်တွေကို ဝင်ရောက်စေတာမျိုးဖြစ်လို့ မြန်မြန်ဆန်ဆန် အရှုံးအနိုင် ရလဒ်ပေါ်ထွက်စေနိုင်ပြီး အသေအပျောက်လည်း များမယ့် သဘောမျိုးမြင်တွေ့နေရပါတယ်။ 

ခုရက်ပိုင်းအတွင်း ဒေသအလိုက်ဖွဲ့ထားတဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ ဒေသကတော့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် အစပ် ကယန်းလူမျိုးစုတွေ အများစုနေထိုင်ကြတဲ့ မိုးဗြဲဒေသတဝိုက်ဖြစ်ပါတယ်။ သီတင်းပတ်နဲ့ချီတဲ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့ပြီး မနေ့ကတော့ နန့်မယ်ခုံဆိုတဲ့မြို့ကို စစ်ကောင်စီတပ်တွေက KNDF လက်ထဲက သိမ်းယူလိုက်တယ်လို့ သတင်းတွေ ဖေါ်ပြထားတာတွေ့ရပါတယ်။ ခုရက်ပိုင်း ကယားပြည်နယ်နဲ့ ရှမ်းကယား နယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ဒါဇင်နဲ့ချီပြီး အကျအဆုံးရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာလည်း ဖြစ်ပြီး ပီဒီအက်ဖ်ဘက်က ထုတ်ပြန်ချက်အရတော့ စစ်တပ်ဘက်က ၆၀ မှ ၈၀ ဦးသေဆုံးပြီး PDF တွေဘက်က ၂၀ ဦးဝန်းကျင် သေဆုံးတယ်လို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

ချုံ့ပြောရရင်တော့ နောင်လာမယ့် လပိုင်းတွေမှာ မြန်မာနိုင်ငံက လက်နက်ကိုင် တိုက်ပွဲတွေ သေဆုံးမှုတွေ၊ ရပ်ရွာစွန့်ခွာတိမ်းရှောင်ရတဲ့ အရေအတွက်တွေ က ဆက်လက်ရှိနေမှာဖြစ်ပြီး နိုင်ငံတကာရဲ့ အာရုံကတော့ မြန်မာနိုင်ငံထက် ဥရောပ ယူကရိန်းကိစ္စမှာသာ ရှိနေမယ့်အလားအလာဖြစ်နေကြောင်းပါ။ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးက ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ ခံစားချက်နဲ့ ယခုယူကရိန်းပြည်သူတွေကို သတင်းစကား အားပေးစကား ပြောရမယ်ဆိုရင် ဘာဖြစ်မယ် ထင်ပါသလဲ။ ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိပါတယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို လုံး၀ခေါင်းငုံ့မခံဘဲ မိမိအားကို မိမိကိုးပြီး သတ္တိရှိရှိ တွန်းလှန် ခုခံဖို့ ခိုင်မာစွာ ပိုင်းဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယူကရိန်းပြည်သူတွေလည်း ခုခံတော်လှန်စစ်ဖြင့် စစ်အာဏာရှင်တွေကို တွန်းလှန်ကြလိမ့်မယ် မျော်လင့်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar