Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၈ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၈ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ်လ ၉၊ ၂၀၂၂

◾️မြန်မြန်ဆန်ဆန် မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေ
မြန်မာနိုင်ငံမှာလည်း မြန်မာ့နိုင်ငံရေးအကြပ်အတည်းနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ကုန်စျေးနှုန်းတက်တာ ကုန်စည်သယ်ဆောင်ရေး လမ်းတွေပိတ်ဆို့နေတာ နိုင်ငံရေးမတည်ငြိမ်မှုက စျေးကွက်မှာ ယုံကြည်မှုကျဆင်းစေပြီး မြန်မာငွေ တန်ဖိုးကျဆင်းလာနေတဲ့အချိန်မှာပဲ ဥရောပနိုင်ငံရေးပြဿနာလို့ခေါ်ဆိုရမယ့် ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီကတည်းက တက်ရိပ်ပြနေတဲ့ရေနံစျေးနှုန်းဟာ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ရုရှားကစတင်ကျူးကျော် တိုက်ခိုက်ပြီးနောက်မှာတော့ ပိုမိုမြင့်တက်ခဲ့တာ ခုနောက်ဆုံး တစည်ကို ၁၂၉ ဒေါ်လာထိ ရောက်ရှိပြီး နကိုကတည်းက ကြပ်တည်းနေတဲ့ မြန်မာနိုင်ငံက လူထုအဖို့ လောင်စာဆီစျေးနှုန်း မြင့်တက်မှုဒဏ်ကို ထပ်ဆင့်ခံစားကြရဦးမှာ ဖြစ်ပါတယ်။ 

ဒီနေ့ ရန်ကုန်မြို့က လောင်စာဆီစျေးနှုန်းတွေကိုကြည့်ရင် ၉၂ အောက်တိန်းတင် ၂၁၃၀ ကျပ်လောက်ရောက်ရှိကာ ပရီမီယံဒီဇယ်က ၂၃၀၀ ကျပ်ကျော်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ 

တရက် အတွင်း ကျပ် ရာဂဏန်းနဲ့ချီ စျေးထပ်မြင့်တက်ခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ စျေးနှုန်းဟာ တင်သွင်းတဲ့ ဆိပ်ကမ်းမြို့စျေးနှုန်းဖြစ်လို့ မြန််မာနိုင်ငံမှာ အနိမ့်ဆုံးစျေးနှုန်းဖြစ်ပါတယ်။ ကျန်တဲ့မြို့တွေရောက်ရင် တလီတာ အနည်းဆုံး ၇၅ ကျပ်ကနေ ရာဂဏန်းအထိ ထပ်မံမြင့်တက်သွားမှာဖြစ်ပြီး တိုက်ပွဲဖြစ်နေတဲ့နေရာ အသွား အလာ ကန့်သတ်မှုတွေရှိတဲ့ ဒေသတွေမှာ တလီတာကို ကျပ်ထောင်ဂဏန်းချီ မြင့်တက်သွားတာမျိုးလည်း ကြားသိနေရပါတယ်။ 

နိုင်ငံအသီးသီးမှာ လောင်စာဆီစျေးတွေ မြင့်တက်လာနေသော်လည်း မြန်မာနိုင်ငံလို စစ်ပွဲတွေနဲ့ ကမ္ဘာ့ရေနံစျေး မြင့်တက်မှုဒဏ် ၂ ဆင့်ခံရတဲ့ နိုင်ငံတွေတော့ များများစားစားရှိမယ် မထင်ပါဘူး။ 

နေ့စဥ် သောက်သုံးနေတဲ့ သောက်ရေသန့် တဗူးကို ကျပ် ၁၀၀၊ ၂၀၀ မြင့်တက်သွားပြီး နေ့စဥ်စားသောက်ကုန် ဝယ်ယူနေတဲ့ စျေးထဲမှာလည်း အသားငါးစျေးနှုန်းတွေ မြင့်တက်လာပါတယ်။ ယခင် ကျပ် ၁၅၀၀၀ လောက်ရှိတဲ့ ကတ်ကတစ်ငါးတပိသာကို အခု ၁၈၀၀၀ ကျပ်ဖြစ်လာသလို ပုစွန်တပိသာ ကျပ် ၂၅၀၀၀၊ ဘော့ချိတ်က ၁၅၀၀၀ လောက်ထိရောက်ရှိနေပြီ ဖြစ်ပါတယ်။ 

စားအုန်းဆီ၊ မြေပဲဆီစျေးတွေလည်း ခုရက်ပိုင်း သိသိသာသာ မြင့်တက်လာနေတာ သတင်းတွေထဲ တွေ့ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က ဘတ်စကားခတွေ တရားဝင်စျေးမတက်ပေမယ့်လည်း YRTA ကုမ္ပဏီ ပိုင်ကားတွေက မတက်သော်လည်း ပုဂ္ဂလိကတဦးချင်းပိုင်တဲ့ ကားတွေက တိုးမြှင့်ကောက်ခံနေပြီး သူတို့ သတ်မှတ်တဲ့ စျေးနဲ့ သူတို့ကောက်ခံကြတဲ့ ကြားကားတွေလည်း ပိုများလာတာတွေ့နေရတာပါ။

ရန်ကုန်မြို့က အခက်အခဲတွေ ဒုက္ခတွေကလည်း လူဦးရေ သန်းနဲ့ချီရှိတာမို့ ထင်ရှားပြီး မြို့ကြီးတွေလို လူဦးရေမများတဲ့ နယ်မြို့တွေ  ကျေးရွာတွေမှာလည်း အသက်အန္တရာယ်၊ ကျန်းမာရေးရောဂါကပ်ဘေး၊ စားရေးသောက်ရေး ဒုက္ခတွေ အကူအညီကို အားကိုးနေထိုင်ရတဲ့ ဘဝတွေ အသက်ဆုံးရှုံးရတာတွေ အများအပြား ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ 

အလုပ်အကိုင်ရှားပါးခြင်း အုပ်ချုပ်သူနေရာမှာ တာဝန်ယူထားတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုခြင်းနဲ့ ပဋိပက္ခ နိုင်ငံရေးပြဿနာကြောင့် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်တော့တာ ထွက်ခွာသွားတာတွေက မြန်မာနိုင်ငံက လူထုအတွက် ပိုပြီးဆင်းရဲမှုနွံထဲ နစ်စေတာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ပြဿနာမပြေလည်နိုင်သေးခင်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်ဖို့ထက် ဆင်းရဲမွဲတေမှု မျဥ်းအောက် ပိုပြီးမရောက်သွားဖို့ကိုသာ ကြိုးစားကြရမယ့် အခြေအနေမျိုး ဖြစ်နေပြီး ဒိထက်ဆိုးတဲ့ အခြေအနေမျိုးဖြစ်ပေါ်ခဲ့ရင်တော့ လက်နက်ကိုင် ပဋိပက္ခပိုပြီး ကျယ်ပြန့်လာတာ၊ ဥပဒေစိုးမိုးမှုမရှိတော့ပဲ ကျန်းမာရေး ပညာရေး စတာတွေ မလုပ်ဆောင်နိုင်တော့တဲ့ ကျရှုံးနိုင်ငံ အနေအထားမျိုးလည်း ကျရောက်နိုင်ခြေတွေရှိနေတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခ စစ်ရေးတိုက်ပွဲတွေ အနေအထားက လာမယ့် ၆ လအတွင်း ၁ နှစ်အတွင်း အနိုင်အရှုံး အဖြေထွက်နိုင်မလားဆိုတာ အများက အသိချင်ဆုံးအဖြေဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကနေ နိုင်ငံရေးအာဏာချုပ်ကိုင်နိုင်တဲ့အထိ အနိုင်ရနိုင်ခြေရှိသလား။ ဘယ်လောက်အချိန်ကာလအတွင်း ရောက်နိုင်မလဲဆိုတဲ့မေးခွန်းတွေက လူတိုင်းသိလိုကြတဲ့မေးခွန်းတွေ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အဖြေကတော့ ထင်သလောက်မလွယ်ကူတာ လူတိုင်းနားလည်ကြပြီး အမှန်တကယ်မှာတော့ လူထုရဲ့ ခံနိုင်စွမ်း တောင့်ခံနိုင်စွမ်းက များများစားစား မရှိတော့တာကြောင့်လည်း အောင်ပွဲကို မျှော်လင့်ကြတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar