Breaking News

ဧရာ (မန္တလေး) - အဂ္ဂညသုတ်နှင့် ဇာတ်ခွဲခြားမှုစနစ်အပေါ် ဗုဒ္ဓဝါဒအမြင်

ဧရာ (မန္တလေး) - အဂ္ဂညသုတ်နှင့် ဇာတ်ခွဲခြားမှုစနစ်အပေါ် ဗုဒ္ဓဝါဒအမြင်
(မိုးမခ) မတ် ၂၀၊ ၂၀၂၂

အဂ္ဂညသုတ် အကျဉ်းကောက်နှုတ်ချက်ကို “ကမ္ဘာဦး လူသားအစ” ဆိုပြီး ရေးခဲ့ဖူးတယ်။ 

ဗြာဟ္မဏတွေရဲ့ အမျိုးဇာတ်ခွဲခြားတဲ့စနစ်ကိုဝေဖန်ထားပြီး အမျိုးဇာတ်ထက် ကိုယ်ကျင့်သီလနဲ့ အသိပညာတွေကသာ အရေးပါတယ်ဆိုတာကိုပြလိုရင်းက အဂ္ဂညသုတ်ရဲ့ အဓိကအာဘော်ပါ။

◾️ ဝါသေဋ္ဌနဲ့ ဘာရဒွါဇ
အဂ္ဂညသုတ်က ဝေဒကျမ်းတတ် ဗြာဟ္မဏလုလင်တွေဖြစ်တဲ့ ဝါသေဋ္ဌနဲ့ ဘာရဒွါဇတို့ကိုဟောခဲ့တဲ့သုတ်ပါ ပိဋကတ်တော်ထဲမှာ ဒီလုလင်နှစ်ဦးကို ဟောခဲ့တဲ့ သုတ္တန် ၃ ပုဒ် ရှိပါတယ်။ 

ပထမသုတ်ကတော့ မဇ္ဈိမပဏ္ဏာသနဲ့ သုတ္တနိပါတ်ပါဠိတော်မှာ လာတဲ့ ဝါသေဋ္ဌသုတ်ပါ။ ဗြာဟ္မဏလို့ခေါ်နိုင်ဖို့ မိဘဘိုးဘေး ၇ ဆက် မျိုးရိုးသန့်ခြင်း (သံသုဒ္ဓဂဟဏိက) က ပဓာနကျသလား၊ ကိုယ်ကျင့်သီလက ပဓာနကျသလားဆိုတဲ့ပြဿနာကို ဘုရားထံမေးလျှောက်တဲ့အတွက် ဟောတဲ့သုတ်ပါ။ ဒီသုတ်ရဲ့ အဆုံးမှာ ဝါသေဋ္ဌနဲ့ ဘာရဒွါဇ လုလင်နှစ်ဦးက သရဏဂုံ တည်ပါတယ်။

ဒုတိယသုတ်ကတော့ ဒီဃနိကာယ် သီလခန္ဓဝဂ်မှာလာတဲ့ တေဝိဇ္ဇသုတ် ဖြစ်ပါတယ်။ ဗြဟ္မာပြည်ကိုရောက်ဖို့လမ်းနဲ့စပ်လျဉ်းပြီး ဘုရားရှင်ကို မေးလျှောက်တဲ့အတွက် ဟောခဲ့တဲ့တရားပါ။ တရားအဆုံးမှာ လုလင်နှစ်ဦးဟာ ဒုတိယကြိမ် သရဏဂုံတည်ပြီး ရှင်သာမဏေအဖြစ်သာသနာ့ဘောင်ကို ဝင်ခဲ့ကြပါတယ်။

တတိယသုတ်ကတော့ ဒီဃနိကာယ် ပါထိကဝဂ်မှာလာတဲ့ အဂ္ဂညသုတ်ပါ။ “ဗြဟ္မာကြီးရဲ့ ခံတွင်းကဖွားမြင်လာတဲ့ မြင့်မြတ်တဲ့ ဗြာဟ္မဏ မျိုးရိုးဖြစ်ပါလျက်၊ ဗြဟ္မာကြီးရဲ့ ခြေဖမိုးကနေဖွားမြင်တဲ့ အမျိုးယုတ် ဦးပြည်း ရဟန်းတွေထံမှာ တပည့်ခံရကောင်းလား” လို့ အခြားသော ဗြာဟ္မဏတွေက ဝေဖန်ကဲ့ရဲ့ကြတာကိုအကြောင်းပြုပြီး အဂ္ဂညသုတ်ကိုဟောခြင်းဖြစ်ပါတယ်။ 

◾️ Metaphor, Allegory, Satire?
“ပုဏ္ဏေးမရဲ့ အင်္ဂါဇာတ်ကနေ မွေးဖွားလာတာဖြစ်ပါလျက်၊ ဗြာဟ္မဏမျိုးတွေက ဗြဟ္မာကြီးရဲ့ခံတွင်းကနေ ဖွားမြင်လာတယ်လို့ဆိုတာဟာ ဗြဟ္မာကြီးကို စော်ကားရာလည်းရောက်တယ်၊ မုသားစကားဆိုရာလည်း ရောက်တယ်” လို့ ဝေဖန်ထောက်ပြပြီး မြတ်စွာဘုရားက ဒီအဂ္ဂညသုတ်ကို အစပျိုးလိုက်တယ်။ 

ခပ်ထေ့ထေ့ သရော်ဟန်နဲ့ အဂ္ဂညသုတ်ကို နိဒါန်း ပျိုးလိုက်သလို၊ ကမ္ဘာဦး လူသား ဖြစ်ပေါ်လာပုံကို ဆက်ဟောရာမှာလည်း ဣရုဝေဒကျမ်းရဲ့ Hymn of Creation ပုံစံအတိုင်း သရော်ဟန်နဲ့ ဟောခဲ့တာဖြစ်တယ်လို့ ပါဠိကျမ်းစာအသင်း (PTS) ဥက္ကဋ္ဌလုပ်ခဲ့ဖူးတဲ့ ပါမောက္ခ Richard Gombrich က သူ့ရဲ့ Metaphor, Allegory, Satire ဆိုတဲ့ ခေါင်းစဉ်ပေးထားတဲ့ ဟောပြောပွဲတခုမှာ ထည့်ပြောခဲ့တယ်။

ဒါပေမယ့် ဒီသုတ်ရဲ့ အဆုံးမှာ ရှင်ဝါသေဋ္ဌနဲ့ ရှင်ဘာရဒွါဇတို့ဟာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာတွေဖြစ်သွားကြတဲ့အတွက် အဂ္ဂညသုတ်ဟာ “ကမ္ဘာဦး လူသားပုံပြင်သက်သက်” တော့ မဟုတ်ဘူးဆိုတာ ရိပ်စားနိုင်ပါတယ်။ 

အဂ္ဂညသုတ်နဲ့ ဝါသေဋ္ဌသုတ်က အကြောင်းအရာအားဖြင့် ဆက်စပ်နေလို့ ဒီသုတ္တန်နှစ်ပုဒ်ကို ဆက်စပ်လေ့လာမယ်ဆိုရင် လူမျိုးရေးဝါဒနဲ့ ဇာတ်ခွဲခြားမှုစနစ်တွေအပေါ် မြတ်စွာဘုရားက ဘယ်လိုသဘောထားသလဲဆိုတာကို သိမြင်နိုင်ပါတယ်။ အဂ္ဂညသုတ်နဲ့ ဝါသေဋ္ဌသုတ်က ဗုဒ္ဓအမြင်ကို မဆွေးနွေးခင်မှာ လူမျိုးရေးဝါဒနဲ့ ဇာတ်ခွဲခြားမှုစနစ်တွေအကြောင်း နည်းနည်းပြောချင်ပါတယ်။ 

◾️Scientific Racism? 
ဟိုးရှေး ပဝေဏီကတည်းက လူသားမျိုးနွယ်တွေရဲ့ အစနဲ့ပတ်သက်ပြီး အမြင်နှစ်မျိုး ရှိခဲ့ကြတယ်။ ဖန်ဆင်းရှင်ဝါဒကိုလက်ခံတဲ့ ခရစ်ယာန်ဘာသာ အတွင်းမှာတောင် “လူသားအားလုံးက အာဒမ်နဲ့ဧဝကနေ ဆင်းသက်လာတယ်” ဆိုတဲ့ Monogenism ကို ယုံကြည်သူတွေ ရှိကြသလို၊ “ဘုရားသခင်က လူမျိုးနွယ်တွေကို အသီးသီး အသက အသက ဖန်ဆင်းတော်မူခဲ့တယ်” လို့ဆိုတဲ့ Polygenism ကို ယုံကြည်သူတွေလည်း ရှိကြတယ်။

၁၉ ရာစု အစောပိုင်းကာလမှာ အမေရိကန်သိပ္ပံပညာရှင် Samuel Morton (1799 – 1851) က လူဦးခေါင်းခွံတွေကို စုဆောင်းလေ့လာပြီး မတူကွဲပြားတဲ့ လူသားမျိုးနွယ် ၅ မျိုးရှိတယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။ (၁) အသားဖြူတဲ့ ဥရောပက ကော့ကေးရှန်းတွေ (၂) အသားဝါတဲ့ အရှေ့အာရှက မွန်ဂိုလီယန်းတွေ (၃) တောင်အာရှ, အရှေ့တောင်အာရှနဲ့ ဩစတေးလျ ဌာနေတိုင်းရင်းသားတွေ (၄) အမေရိကားက ဌာနေတိုင်းရင်း သားတွေ (၅) လူမည်း အီသီယိုပီးယန်းတွေလို့ အသားအရောင် ဉာဏ်ရည် အဆင့်အတန်းအလိုက် အုပ်စု ၅-မျိုး ခွဲခြားပြခဲ့တယ်။ အမေရိကန်နိုင်ငံ ပြည်တွင်းစစ်မတိုင်မီ ဆယ်စုနှစ်ကာလ ကျွန်စနစ်ကို ခုခံကာကွယ်လိုသူတွေကြားမှာ Morton ရဲ့ အယူအဆက ရေပန်းစားခဲ့တယ်။ နောင်မှာ သူ့ကို  သိပ္ပံနည်းကျ လူမျိုးရေးဝါဒ (Scientific Racism) ရဲ့ဖခင်လို့တောင် ကင်ပွန်းတပ်ခဲ့ကြတယ်။ ဒီအယူအဆကိုအခြေခံပြီး သိပ္ပံသုတေသနတွေလုပ်ခဲ့ကြသလို သမိုင်းစာအုပ်တွေလည်း ရေးခဲ့ကြတယ်။ 

◾️Caste System
အိန္ဒိယနိုင်ငံမှာလည်း လူအမျိုးဇာတ်တွေကို အသီးသီး အသက ဖန်ဆင်းတော်မူခဲ့တယ်ဆိုတဲ့ Polygenism အယူအဆကို လက်ခံကြတယ်။ ဣရုဝေဒကျမ်း ပုရိသသုတ္တမှာ (၁) ဗြဟ္မာကြီးရဲ့ ခံတွင်းမှ ဖွားမြင်တဲ့ ဗြာဟ္မဏ (ပုဏ္ဏားမျိုး) (၂) ဗြဟ္မာကြီးရဲ့လက်မှဖွားမြင်တဲ့ ခတ္တိယ (မင်းမျိုး စစ်သည်မျိုး) (၃) ဗြဟ္မာကြီးရဲ့ပေါင်မှဖွားမြင်တဲ့ ဝေဿ (ကုန်သည် လယ်သမားမျိုး) (၄) ဗြဟ္မာကြီးရဲ့ ခြေဖမိုးမှဖွားမြင်တဲ့ သုဒ္ဒ (အစေခံ ကျေးကျွန်မျိုး) လို့ အမျိုးဇာတ်လေးပါး ခွဲပြခဲ့တယ်။ အဲဒီ အမျိုးလေးပါးထဲတောင်မဝင်ဘဲ သုဒ္ဒမျိုးထက် နိမ့်ကျတဲ့သူတွေကိုတော့ စဏ္ဍာလ (ဇာတ်ပျက် Outcast) တွေလို့ ခေါ်ပါတယ်။ သူဆင်းရဲမျိုး ဒလ္လိဒ (Dilits) လို့လည်း ခေါ်တယ်။ မထိမတွေ့ရမယ့် သူတွေမို့ untouchables တွေလို့လည်း ခေါ်တယ်။ စဏ္ဍာလတွေကို တိုက်ရိုက်ထိတွေ့ဖို့ မပြောနဲ့ သူတို့ကို ဖြတ်တိုက်လာတဲ့ လေနဲ့ထိမှာကိုတောင် စိုးရွံ့လို့ ရှောင်တာကြတယ် (သာကေတဇာတ်)။ စဏ္ဍာလကိုမြင်တာနဲ့ မင်္ဂလာယုတ်တယ်လို့ယူဆပြီး မျက်စိကို အမွှေးနံ့သာနဲ့ ဆေးကြတယ် (မာတင်္ဂဇာတ်, စိတ္တသမ္ဘူတ္တဇာတ်)။ 

ဒီနေ့ခေတ် ဇာတ်ခွဲခြားမှုစနစ် ကတော့ ဒီအမျိုးဇာတ် ၄ ပါး (စဏ္ဍာလတွေ အပါအဝင် ၅ ပါး) ကနေ ထပ်ပြီးကွဲသွားတာ ထောင်ဂဏန်းနဲ့ ချီပြီး ရှိပါတယ်။ ဥပမာ ဗြာဟ္မဏကနေ ဝေဒကျမ်း ၄ ပုံဆောင်တဲ့ စတုဝေဒီဇာတ်၊ ၃ ပုံပဲ ဆောင်တဲ့ တိဝေဒီဇာတ် စသဖြင့် ကွဲသွားသလို၊ သုဒ္ဒကနေလည်း ခဝါသည်လုပ်ငန်းနဲ့ အသက်မွေးရတဲ့ ဒိုဘီ (ဓိုဗီ) ဇာတ်၊ သားရေလုပ်ငန်းနဲ့ အသက်မွေးရတဲ့ ဆမ္မကဇာတ် စသဖြင့်ကွဲပြား သွားတယ်။ 

◾️ Division of Labors
သက်မွေးမှုလုပ်ငန်းလိုက် မျိုးရိုးကို ခေါ်ဝေါ်သမုတ်ကြတာတွေက အနောက်တိုင်းမှာလည်း ရှိပါတယ်။ ဥပမာ Family Name အချို့ကို ပြောရရင် ပန်းပဲ ပန်းတိမ်မျိုးရိုး Smith, လှည်းသမားမျိုးရိုး Carter, လက်သမားမျိုးရိုး Carpenter, ပန်းရံသမားမျိုးရိုး Mason, ဥယျာဉ်သမားမျိုးရိုး Gardner,  အိုးထိန်းသည်မျိုးရိုး Potter, တံငါသည်မျိုးရိုး Fisher, လွှဆွဲသမားမျိုးရိုး Sawyer, ယက္ကန်းသမားမျိုးရိုး Webber, Webster, အထည်ချုပ်မျိုး Talyor စသဖြင့် တွေ့ နိုင်တယ်။ ရှေးခေတ်က အသက်မွေးမှု အတတ်ပညာတွေကို မိဘမျိုးရိုးအလိုက် အမွေဆက်ခံကြလို့ ဖြစ်ပါတယ်။ သက်မွေးမှုအလိုက် လူမှုရေးအရ အဆင့်အတန်းကွဲပြားမှုတွေ ရှိပေမယ့်၊ ကုန်သည်မျိုးရိုးက ကုန်သည်အလုပ်နဲ့ပဲ အသက်မွေးရမယ်၊ ကုန်သည်မျိုးရိုးက ခဝါသည်မျိုးရိုးနဲ့ လက်မဆက်ရဘူး စသဖြင့် အိန္ဒိယက ဇာတ်ခွဲခြားမှုစနစ်မှာလို ဘာသာရေးနဲ့ ကန့်သတ်ထိန်းချုပ်ထားတာမျိုးတော့ မရှိဘူးပေါ့။ 

သမိုင်းမတင်ခင် ခေတ်ကတည်း စပြီး လူတွေက အလုပ်တာဝန်ကို ခွဲခြား (division of labors) လုပ်ကိုင်ခဲ့ကြတယ်။ ဒီတော့ အလုပ်ကို ပိုပြီး ကျွမ်းကျင်လာသလို၊ အလုပ် ပိုပြီးတွင်ကျယ်လာတယ်။ ဒါပေမယ့် နောင်မှာ ဒီမူလဇစ်မြစ်ကိုမေ့သွားကြပြီး အုပ်ချုပ်ရေးကို တာဝန်ယူရတဲ့ မင်းတွေက မင်းဆိုတဲ့ အရိုက်အရာကို ဘုရားသခင်ကပဲ တာဝန်ပေးထားသလို divine right of kingship ဖန်တီးလာကြတယ်။ ဗြာဟ္မဏတွေကလည်း ဘာသာရေးဩဇာအာဏာကို အခွင့်အရေးတခုအဖြစ် ယူဆလာကြတယ်။ 

ဗြာဟ္မဏမျိုးက ဗြဟ္မာကြီးက ခံတွင်းကဖွားလို့ ဗြာဟ္မဏမျိုးကသာ မြင့်မြတ်ပြီး ကျန်တဲ့အမျိုးတွေက ဗြာဟ္မဏမျိုးထက် ယုတ်နိမ့်တယ်လို့ ပြောဆိုလာကြတာဟာ လူ့သမိုင်း မူလဇစ်မြစ်ကို မေ့လျော့သွားကြလို့ (ပေါရာဏံ အဿရန္တာ) ဖြစ်တယ်ဆိုပြီး၊ ကမ္ဘာဦးလူသားတွေ စတင် ဖြစ်ပေါ်လာပုံကအစ အမျိုးလေးပါး ဖြစ်ပေါ်လာပုံတွေကို အဂ္ဂညသုတ်မှာ ဟောခဲ့တာဖြစ်တယ်။ 

◾️ဝါသေဋ္ဌသုတ်
ဇာတ်ခွဲခြားမှု, မျိုးရိုး အဆင့်အတန်း ခွဲခြားမှုနဲ့ပတ်သက်လို့ ဝါသေဋ္ဌသုတ်ကပေးတဲ့ message က ပိုပြီး ရိုးစင်းပြတ်သားသလို၊ ဒီနေ့ခေတ် သိပ္ပံအမြင်တွေနဲ့လည်း နီးစပ်တယ်လို့ ဆိုနိုင်တယ်။ 

သတ္တဝါတွေက မျိုးရိုးဇာတိအလိုက် အချင်းချင်း မတူကွဲပြားခြားနားကြတယ် (ဇာတိဝိဘင်္ဂံ ပါဏာနံ, အညမညာဟိ ဇာတိယော)။ မျိုးရိုးဇာတိ အလိုက် အသွင်အပြင်တွေ ကွဲပြားကြတယ် (လိင်္ဂံ ဇာတိမယံ)။ ဥပမာ အင်းဆက်ချင်းတူပေမယ့် ပေါက်ဖတ်, နှံကောင်, ပိုးရွ, ခြပုန်းတွေက မျိုးရိုးဇာတိအလိုက် အချင်းချင်း သွင်ပြင်ကွဲပြားကြတယ်။ ထို့အတူ ခြေလေးချောင်း ကုန်းသတ္တဝါတွေ၊ တွားသွား သတ္တဝါတွေ၊ ရေသတ္တဝါ ငါးတွေ၊ ကောင်းကင်ပျံတဲ့ ငှက်သတ္တဝါတွေက အသွင်အပြင် လက္ခဏာတွေ မတူဘဲ အသီးသီး ကွဲပြားကြတယ်။ ဒါပေမယ့် လူတွေကတော့ အခြားသတ္တဝါတွေလို မျိုးရိုးဇာတိအလိုက် အသွင်အပြင် ကွဲပြားမျိုး မရှိဘူး။ ဦးခေါင်းရှိတာချင်း, လက်နှစ်ဖက်ရှိတာချင်း စသဖြင့် အတူတူပဲ။ လူတွေမှာ ကိုယ်လက်အင်္ဂါ ခန္ဓာကိုယ်ကွဲပြားတာ မရှိဘူး (ပစ္စတ္တဉ္စ သရီရေသု မနုဿေသွေတံ န ဝိဇ္ဖတိ)။ 

အမျိုးမျိုးသော အတတ်ပညာတွေနဲ့ အသက်မွေးတာ (ပုထုသိပ္ပေန ဇီဝတိ) အကြောင်းပြုပြီးတော့သာ အမျိုးဇာတ်ကို ခေါ်ဝေါ်ပညတ်ကြတာ ဖြစ်တယ်။ လယ်လုပ်စားလို့ လယ်သမားလို့ ခေါ်တယ်။ ကုန်သွယ်စားလို့ ကုန်သည်လို့ ခေါ်တယ်။ ခိုးစားလို့ သူခိုးလို့ ခေါ်တယ်။ စစ်တိုက် စားလို့ စစ်သားလို့ ခေါ်တယ်။ ယဇ်ပူဇော် စားလို့ ပုရောဟိတ်လို့ ခေါ်တယ်။ မိမိလုပ်သော အလုပ် (ကံ) ကြောင့်သာ လယ်သမား, ကုန်သည်, သူခိုး, စစ်သား, ပရောဟိတ် စသဖြင့် ကွဲပြားနေရတယ်။ ပဋိစ္စသမုပ္ပါဒကို သိမြင်တဲ့သူ, ကံ, ကံ၏အကျိုးကို သိမြင်နားလည်တဲ့သူက ဒါကို မှန်မှန်ကန်ကန် သိတယ်လို့ ဟောထားတယ်။ ဒါကတော့ ဝါသေဋ္ဌသုတ်ရဲ့ အနှစ်ချုပ်ပါပဲ။ 

◾️ Out of Africa Theory
ဝါသေဋ္ဌသုတ်အရ လူသားက အခြားတိရစ္ဆာန်တွေလို မျိုးရိုးအရ ကွဲပြားနေကြတာမဟုတ်ဘူး။ ဗြာဟ္မဏ, ခတ္တိယ, ဝေဿ, သုဒ္ဒဆိုတဲ့ အမျိုးလေးပါးက အမျိုးဇာတ်အားဖြင့် ကွဲပြားနေတာ မဟုတ်ဘူး၊ အသွင်အပြင်အားဖြင့် ကွဲပြားနေတာ မဟုတ်ဘူး။ ဒီအမြင်က မော်တန်ရဲ့ သိပ္ပံနည်းကျ လူမျိုးရေးဝါဒနဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ 

ဒါပေမယ့် မော်တန်ရဲ့ “သိပ္ပံနည်းကျ လူမျိုးရေးဝါဒ” ဆိုတာကြီးက ချားလ်ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် သဘောတရား evolution theory မပေါ်သေးခင်က ဖြစ်တယ်။ မျိုးရိုးတွေကို DNA ကနေ လက်ဆင့်ကမ်း သယ်ဆောင်လာတယ်ဆိုတဲ့ သဘောတရားကို မသိခင် အများကြီးစော နေသေးတယ်။ ဒီနေ့ခေတ် သိပ္ပံပညာရှင်အများစုက လူမျိုးဆိုတဲ့ သဘောတရားအတွက် သိပ္ပံနည်းကျတဲ့ မျိုးရိုးဗီဇ ကျောထောက် နောက်ခံတွေ မရှိတော့ဘူးလို့ ယူဆလာကြတယ်။ အသားအရောင် ကွဲပြားမှုတွေက မျိုးရိုးဗီဇ ကွဲပြားမှုကြောင့်ထက် နေရောင်နဲ့ ထိတွေ့မှု အနည်းအများအလိုက် သဘာဝနဲ့ ဆီလျော်အောင် တဖြည်းဖြည်း ပြောင်းလဲလာခဲ့တာ ဖြစ်တယ်။ ဟိုမိုဆေးပီယန် (Homo-Sapiens) လို့ ခေါ်တဲ့ ဒီနေ့ခေတ်လူသား အားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆-သောင်း ကျော်လောက်က အာဖရိကကနေ ပြောင်းရွေ့ အခြေချလာသူများသာ ဖြစ်တယ်ဆိုတဲ့ (Out-of-Africa Theory) ကို လက်ခံလာကြတယ်။ ဒီအယူအဆကို သိပ် သဘောမတွေ့ဘူး ဆိုရင်တောင်မှ လူသားတိုင်းဟာ တရုတ် ဖြစ်ဖြစ်, ကုလား ဖြစ်ဖြစ်, အနောက်တိုင်းသားပဲ ဖြစ်ဖြစ် ဇီဝဗေဒပညာအရ မျိုးရင်း (Genus) ရော, မျိုးစိတ် (species) ရောပါ တူတဲ့ ဟိုမိုဆေးပီယန် တွေဖြစ်တယ်ဆိုတာတော့ လက်ခံကြတယ်။ 

◾️ဗောဓိပက္ခိယဘာဝနာ
ဒီတော့ ဝါသေဋ္ဌသုတ်နဲ့ အဂ္ဂညသုတ်တွေမှာ ဟောထားတဲ့ လိုရင်းအချက် ဖြစ်တဲ့ “အမျိုးဇာတ်ကွဲပြားမှု ဆိုတာ မျိုးရိုးဗီဇ ကွဲပြားမှုထက် အလုပ်ခွဲခြားလုပ်ကိုင်မှု (division of labor or specialization) ကြောင့် ဖြစ်တယ်” ဆိုတာက ဒီနေ့ခေတ် သိပ္ပံအမြင်နဲ့ အတော်လေး နီးစပ်တယ်လို့ ဆိုနိုင်တယ်။ အဂ္ဂညသုတ်ကပေးတဲ့ “လိုရင်းအချက်” လို့ဆိုပေမယ့် ဒီသုတ္တန်ရဲ့ အနှစ်သာရတော့ မဟုတ်သေးဘူး။ ဒီဗြာဟ္မဏ လုလင်နှစ်ဦး ပဋိသမ္ဘိဒါပတ္တ ရဟန္တာတွေ ဖြစ်သွားလောက်တဲ့ တရားအနှစ်တော့ မဟုတ်သေးပါဘူး။ 

 “မင်းမျိုး ဖြစ်ဖြစ်, ဗြာဟ္မဏမျိုး ဖြစ်ဖြစ်, ကုန်သည်မျိုး ဖြစ်ဖြစ်, ကျွန်မျိုး ဖြစ်ဖြစ်, ရဟန်း ဖြစ်ဖြစ် - ကိုယ်နှုတ်နှလုံးကို စောင့်စည်းပြီး ၇-ပါးစုံသော ဗောဓိပက္ခိယတရားကို ပွားများပြီးဆိုရင် မျက်မှောက်မှာဘဲ ကိလေသာအပူ ငြိမ်းတဲ့ နိဗ္ဗာန်ကို ဆိုက်ရောက်တယ် (ကာယေန သံဝုတော ဝါစာယ သံဝုတော မနသာ သံဝုတော သတ္တန္နံ ဗောဓိပက္ခိယာနံ ဓမ္မာနံ ဘာဝနမနွာယ ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယတိ)၊  အဲဒီသူကသာ အမျိုးလေးပါးမှာ အမြတ်ဆုံး (အဂ္ဂံ) ဖြစ်တယ်” လို့ တရား အဆုံးနားမှာ ဟောထားတယ်။ သုတ္တန် အရှည်ကြီးတစ်ခုလုံးနဲ့ စာရင် တရားသားအနှစ်က  ဝါကျတစ်ကြောင်းတည်း ဖြစ်နေလို့ ဒီသုတ်ကို ဖတ်တဲ့, နာတဲ့သူတွေက သတိမပြုမိဘဲ နေကောင်း နေနိုင်တယ်။ ဝါသေဋ္ဌတို့ လုလင်နှစ်ဦးကို မြတ်စွာဘုရား ဟောခဲ့စဉ်က “၇-ပါးစုံသော ဗောဓိပက္ခိယတရား” ကို အကျယ်ဟောခဲ့နိုင်ပါတယ်။ ဒါပေမယ့် သင်္ဂါယနာတင်စဉ်မှာ ရှေ့က မဟာပရိနိဗ္ဗာနသုတ် စတဲ့ သုတ်တွေမှာ ဗောဓိပက္ခိယတရားကို အကျယ်သဖြင့် ဟောခဲ့ပြီး ဖြစ်လို့ ဒီသုတ်မှာ ခပ်ကျဉ်းကျဉ်းပဲ မှတ်တမ်းတင်ခဲ့တယ်လို့ ယူဆမိပါတယ်။ 

“၇ ပါးစုံသော ဗောဓိပက္ခိယတရား” ဆိုတာကတော့
(၁) သတိပဋ္ဌာန် လေးပါး
(၂) သမ္မပ္ပဓာန် လေးပါး
(၃) ဣဒ္ဓိပါဒ် လေးပါး
(၄) ဣန္ဒြေ ငါးပါး
(၅) ဗိုလ် ငါးပါး
(၆) ဗောဇ္ဈင် ခုနစ်ပါး
(၇) မဂ္ဂင် ရှစ်ပါး ဆိုတဲ့ ဗောဓိပက္ခိယတရား ၃၇ ပါးပဲ ဖြစ်ပါတယ်။

ဧရာ (မန္တလေး)
အောက်တိုဘာ ၁၄၊ ၂၀၁၉

ကိုးကား
၁။ ဒီဃနိကာယ် - အဂ္ဂညသုတ်
၂။ မဇ္ဈိမနိကာယ် - ဝါသေဋ္ဌသုတ်
၃။ Richard Gombrich, The Genesis of Buddhism
၄။ Elizabeth Kolbert, There is No Scientific Basis for Race – It’s a Made-up Label, National Geographic, 2017.

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar