ကိုလူမိုဃ်း - ရေလောင်းခံရခြင်း (၂)
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၂
(၁)
သင်္ကြန်ပြီးလို့ မြန်မာနှစ်ဆန်းတစ်ရက်နေ့အရောက်မှာ အကျဥ်းကျ ၈၀၀ ဝန်းကျင်ကို ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပေးတယ်။ ထောင်တွင်းတရားရုံးမှာ ဟန်ဆောင်ပန်ဆောင် အမှုရင်ဆိုင်ဆဲ အချုပ်သားဖြစ်နေတဲ့ ၅၀၅-ကတွေထဲက တစ်ယောက်မှမပါပါဘူး။ သင်္ကြန်တွင်းတုန်းက အခြားပုဒ်မ မပါတဲ့ ၅၀၅-က သက်သက်စာရင်းတွေ လာကောက်ပြလိုက်၊ အဖမ်းခံရတဲ့ထဲမှာပါတဲ့ ဝန်ထမ်း စီဒီအမ်စာရင်း လာကောက်ပြလိုက်နဲ့ ယောက်ယက်ခတ်လောက်အောင် ကျနော်တို့တွေ ရေလောင်းခံရပါတယ်။ မအလ အာဆီယံအစည်းအဝေးမှာ ကတိကဝတ်ခံလာတယ်လို့ သတင်းတွေမှာ တွေ့တော့လည်း မျှော်လင့်စိတ်တွေနဲ့ ရေလောင်းခံလိုက်ရတာပဲ။ နားတွေတောင် အတော်အူသွားတယ်လို့ ပြောရမှာပါ။ ထောင်ထဲရောက်တာ လနဲ့ချီရှိသွားတဲ့အခါမှာ အတော်လေးအရေထူလာပါပြီ။ တော်ရုံတန်ရုံ ရေလောင်းတာလောက်ကို မတုန်လှုပ်ချင်တော့ပါဘူး။
တစ်ရက်သော မေလဆန်းမှာတော့ ကျနော်တို့အခန်းကို ရှာဖွေရေးလုပ်ပါတယ်။ ပြဿနာအဖုအထစ် အနည်းငယ်လည်း ဖြစ်ခဲ့ပါတယ်။ ရှာဖွေရေးလုပ်တဲ့အခါမှာ ဝါဒါတွေရဲ့ ရှာဖွေစစ်ဆေးမှုကို သက်သေခံအနေနဲ့ ကြည့်ဖို့ နှစ်ယောက်သုံးယောက်မျှပဲ အခန်းတွင်း ချန်နေရပြီး ကျန်သူတွေအားလုံး အခန်းပြင်ဘက် ကော်ရစ်ဒါမှာ ပုံစံထိုင်နေကြရပါတယ်။ ဝါဒါတွေကလည်း စောင့်ကြပ်ကြည့်ရှုနေကြပါတယ်။ ထိုအထဲက ဝါဒါတစ်ယောက်ဟာ ကော်ရစ်ဒါကနေ အောက်ကို ပက်ခနဲ ကွမ်းတံတွေးထွေးချလိုက်ပါတယ်။ အဲသမှာ ကျနော်တို့ထဲက တစ်ယောက်က ဒီလို စည်းကမ်းမဲ့မထွေးသင့်ကြောင်း၊ နံရံတွေမှာ ကြမ်းခင်းတွေမှာ ကွမ်းတံတွေး ပေကျံနေရင် ကျနော်တို့တွေကိုပဲ ဆေးကြောသုတ်သင်ခိုင်းကြောင်း စသဖြင့် ပြောလိုက်ပါတယ်။ ထိုဝါဒါဟာ သူ့လုပ်ရပ်သူ ရှက်ရကောင်းမှန်းမသိဘဲ မချေမငံ ပြန်ဆက်ဆံပါတယ်။ အခြားဝါဒါတစ်ယောက်က ဝင်ထိန်းလိုက်မှ အကျယ်အကျယ် ပြဿနာ မဖြစ်လိုက်ရတော့ပါ။
ညနေအိပ်ဆောင်ပိတ်ချိန် ပုံစံထိုင်လူစစ်ပြီးတဲ့အခါ အဆောင်မှူးက သူ့ထုံးစံအတိုင်း ဘာတင်ပြစရာရှိသလဲလို့ မေးမြန်းပါတယ်။ ကော်ရစ်ဒါက ကွမ်းတံတွေးထွေးတဲ့ ဝန်ထမ်းအကြောင်း၊ အစားအသောက် အကြော်အလှော်တွေကို အဝတ်တွေပေါ်ပေကျံအောင် ပရမ်းပတာ ရှာဖွေတဲ့အကြောင်း၊ နောက်တစ်ယောက်ကလည်း ရှာဖွေရေးဝင်လုပ်မယ့် ဝန်ထမ်းတွေကိုကော အခန်းထဲမဝင်ခင်မှာ ရှာဖွေစစ်ဆေးခံဖို့ မသင့်ဘူးလား စတဲ့အကြောင်းတွေ ပြောဆိုတင်ပြကြပါတယ်။ နားသာထောင်သွားတယ် ပခုံးပေါ်မှာ တစ်ပွင့်မျှသာရှိတဲ့ ပျော့ပျော့နဲ့နံတဲ့ ထောင်မှူးလေးခမျာမှာ စောဒကတက်လုပ်နိုင်ခွင့် ရှိမနေတာကို ကျနော်တို့ သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ သည်ထောင်မှူးလေးက စကားပြောရင် လေပျော့လေးနဲ့ ပြောပြီး ရေလောင်းပေးတာတော့ အတော်ကျွမ်းတယ် ပြောရပါမယ်။
(၂)
နောက်တစ်နေ့နံနက် တန်းစီပြီးချိန်မှာ ရေနွေးလည်းမရောက်သေးတာနဲ့ ခဏပြန်နှပ်နေမိတယ်။ အကစဝန်ထမ်းတွေ တန်းစီနေတဲ့အသံတွေကို ကြားလည်းကြားရ၊ လှမ်းလည်းမြင်နေရတယ်။ အင်း ဒီနေ့လည်း ရှာဖွေရေးဝင်ကြအုံးမယ် ထင်တယ်၊ ဘယ်အခန်းအလှည့်လည်း မသိဘူး ဆိုပြီး တွေးနေဖြစ်တယ်။ ခဏနေတော့ ဝန်ထမ်းတွေဟာ ကျနော်တို့ အပေါ်ထပ်ဆီ ဦးတည်တက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ ကျနော်တို့ အခန်းကို မနေ့ကမှ ဝင်ထားတာကြောင့် ဘေးတစ်ခန်းခန်းလို့ပဲ ယူဆလိုက်တယ်။ မဟုတ်ပါချေ။
"ထောင်ကပေးထားတဲ့ပစ္စည်းကလွဲပြီး ကိုယ့်ပစ္စည်းကိုယ်သိမ်း၊ ကိုယ့်အထုပ်ကိုယ်ဆွဲ၊ အပြင်ထွက်မယ်" ဆိုတဲ့ အမိန့်သံနဲ့အတူ ကျနော်တို့အခန်းကိုပဲ ဝင်ချလာပါတယ်။ ကိုယ့်ပစ္စည်းထုပ်လေးတွေ ပိုက်ပြီး ကော်ရစ်ဒါမှာ တန်းစီထိုင်ကြရတယ်။ ပြန်လွှတ်မယ်ဆိုရင် မနက်စောစော အချိန်မျိုး ဖြစ်တယ်လို့ ရှေ့ကကြုံဖူးသူတွေရဲ့စကားကို ပြန်ကြားမိပြီး "ငါတို့ကို ပြန်လွှတ်ဖို့များလား" လို့ မျှော်လင့်တွေး တွေးမိလိုက်သေးတယ်။ အခြားအခန်းတွေ ငဲ့စောင်းကြည့်မိတော့ တုပ်တုပ်မျှမလှုပ်ကြ။ ငါတို့တစ်ခန်းတည်းပဲ ဖြစ်နေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲလို့ ကောင်းတဲ့ဘက်က မဟုတ်လောက်တော့ဘူးလို့ တွေးမိလာတယ်။ ဒီ့နောက် တစ်တန်းချင်း ပြန်ခွဲပြီး အောက်ထပ် အဆောင်ရှေ့ ကွက်လပ်မှာ တစ်ခါပြန်တန်းစီရတယ်။ နောက်တစ်ခါ ဆယ်ယောက်ဝန်းကျင်စီ ရှစ်ဖွဲ့ခွဲကာ ၁ ဆောင်ကို ရွှေ့လိုက်တယ်။
(၃)
ထောင်ထဲရောက်လာတဲ့သူတွေကို ထောင်ဝန်ထမ်းတွေက နိုင်ငံရေးမှုနဲ့ ရောက်လာလို့ ဘာလို့ဆိုပြီး ခွဲမမြင်ပါဘူး။ အကျဥ်းသားဖြစ်ဖြစ်၊ အချုပ်သားဖြစ်ဖြစ် တစ်သဘောတည်းပဲ မြင်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ထောင်ထဲရောက်လာတဲ့သူတွေကို သူတို့ရဲ့ ဝင်ငွေ ရရာရကြောင်း ဖန်တီးပေးသူတွေလို့ပဲ သဘောထားပါတယ်။
တီဗီဝယ်ချင်လား၊ ဘလူးစ်တူးဆောင်းဘောက်စ် လိုချင်လား၊ ဗီဒီယိုဇာတ်လမ်း သီချင်း ဖောင်းဒိုင်း စတာတွေ သွင်းထားတဲ့ မမ်မိုရီစတစ် အကုန်ရစေရမယ်။ တီဗီတစ်လုံးကို သွင်းခ ကျပ်ငါးသောင်း ပေးရတယ်။ ဘယ်ပစ္စည်းမဆို ပြင်ပပေါက်စျေးထက် နှစ်ဆကျော်လောက်ပေးရတယ်။ အဆောင်မှူးကိုယ်တိုင် ထွက်ဝယ်ပေးတယ်။ ကာလာမညီတာတို့ အသံမကောင်းတာတို့ ကြုံရင်လည်း ကံတရားပေါ့လို့ပဲ ပြောရပါမယ်။ အစိုးရဘတ်ဂျက်နဲ့ ခွဲတမ်းရထားတဲ့ ကော်ဇောတောင်မှ အခန်းစေ့ ခင်းမပေးဘဲ ဥထားပြီး နည်းများမဆို အလှူခံပြီး ရအောင်ချူယူပါတယ်။ တီဗီဝယ်ဖို့စုထားတဲ့ ပိုက်ဆံတွေ ရှာဖွေရေးမှာ အသိမ်းခံလိုက်ရတာလည်း မကြာခဏ ဆိုသလို ကြားရတယ်။
အဆောင်ပြောင်းခံရတဲ့ မေလဆန်းကစပြီး အဖမ်းအဆီးတွေ တအားစိပ်လာတယ်။ နေ့စဥ်မပြတ် လူသစ်တွေ ရောက်လာတယ်။ အဆောင်သုံးဆောင်လုံးလည်း ပြည့်လုခမန်း ဖြစ်လာတယ်။ လူများလာတဲ့အခါ ထောင်ဆူပူမှုဖြစ်မှာကို အကစဝန်ထမ်းတွေ အကြောက်ဆုံးပါပဲ။ ဒီတော့ အကစဝန်ထမ်းတွေဟာ ချော့လုံး၊ ခြောက်လုံးတွေကို တစ်လှည့်စီသုံးပြီး "ရေလောင်း" ကြတယ်။ တစ်ခွေတစ်ပွင့်နဲ့ ထောင်ပိုင်လေးဆိုတဲ့ ဘဲကလည်း ထောင်မှာက ကျည်အစစ်ပဲရှိတယ်၊ ရာဘာကျည်မရှိဘူးလို့ ပြုံးပြုံး ပြုံးပြုံးနဲ့ ခြိမ်းခြောက်စကားပြောသေးတယ်။
(၄)
ဘယ်ဘုန်းကြီးမွေးနေ့မို့ အလှူခံတဲ့အနေနဲ့ လွှတ်ပေးမယ်၊ ဝါဆိုလပြည့်နေ့ကျရင် လွှတ်ပေးမယ်၊ မေလ ဘယ်နှရက် ဇွန်လဘယ်နှရက်မှာ လွှတ်ပေးမယ်ဆိုတဲ့ ကောလာဟလသတင်းတွေ သိပ်ထွက်ခဲ့တယ်။ ပြောတဲ့ရက်ကျော်သွားရင် ငါတို့တော့ "ရေလောင်းခံရပြန်ပြီ" ဆိုတဲ့စကားကို တဖွဖွပြောကြရတယ်။ ထောင်ပိုင်ကြီး (ဒုညွှန်ကြားရေးမှူး) ခဏခဏ လာရင် လွှတ်ဖို့များတယ်ဆိုလည်း ရေလောင်းခံလိုက်ရပြန်တယ်။ ကျနော်တို့တစ်တွေဟာ ထောင်ပိုင်ကြီး လာမယ်ဆိုတိုင်း "ကစ်ပုံ" ပုံရတာကို အာရုံနောက်လာတော့ မလွတ်ချင်လည်းနေပါစေတော့ ထောင်ပိုင်ကြီးလည်း ခဏခဏ ရေလာမလောင်းလာပါနဲ့တော့လို့ အချင်းချင်း ရယ်ဖွယ်ဖွဲ့ပြောယူကြရတယ်။
တကယ်တမ်းတော့ "ရေလောင်း" ခံရတာဟာ ကြားရ ခံရသူအဖို့မှာ သိပ်မနစ်လှပေမဲ့ ကောလာဟလ သတင်းအတုအယောင်တွေနဲ့ ညင်ညင်သာသာ "ဂျင်း" ထည့်တာပါပဲ။ ရေနာနာလောင်းလေလေ ကျနော်တို့တွေရဲ့အတွေးမှာ သို့လော သို့လော မျှော်လင့်စိတ်တွေနဲ့ ဝေဝါးရူးသွပ်နေနိုင်မယ် မဟုတ်ပါလား။
ကိုလူမိုဃ်း
သရုပ်ဖော်ပုံသည် လတ်တလော နိုင်ငံတကာမီဒီယာများတွင် ပျံ့နှံ့နေပြီဖြစ်သည့် ၂၀၂၁ ခုနှစ်အတွင်းက အင်းစိန်ထောင်တွင်း သရုပ်ဖော်ပုံကြမ်းဖြစ်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar