Breaking News

ကျော်ကျော် မြရည်စမ်း - အဖေ၊ ကျွန်တော်နှင့် ၉၀ သင်္ကြန်ရက်များ

အဖေ၊ ကျွန်တော်နှင့် ၉၀ သင်္ကြန်ရက်များ
ကျော်ကျော် မြရည်စမ်း
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၂


သင်္ကြန်ရက်များနီးလာသည့်အခါ အဖေ့ကို သတိရမိပြန်သည်။
အသက်ကြီးလာ၍ဖြစ်လိမ့်မည် အဖေ့ကို တိုက်ဆိုင်မှုတခုခုရှိလေတိုင်း သတိရမိသည်။ သို့မဟုတ် သတိရခြင်းကပင် တိုက်ဆိုင်မှုကိုခံစားမိစေခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။

သင်္ကြန်နှင့်ပတ်သက်ပြီး အဖေ့ကို စူးစူးနစ်နစ်သတိရစရာလေးများ ကျွန်တော့်ဆီမှာရှိနေသည်။

ကျွန်တော်ငယ်စဉ်က သင်္ကြန်ရက်များ၌ရေကစားသည့်အခါ အဖေက ပက်လက်ကုလားထိုင်တလုံးကိုသစ်ပင်ရိပ်မှာချထိုင်ပြီး စာအုပ်ဖတ်ရင်းစောင့်ပေးခဲ့ဖူးသည်။

စက်ဘီးသမားများ၊ မြင်းလှည်းဆရာများကိုရှေ့မှဆီး၍ရေပက်လျှင် အဖေက တားမြစ်သည်။ လမ်းသွားလမ်းလာများကို ခွက်စောင်းခုတ်လျှင်လည်း တားမြစ်သည်။ ရေဘော်လုံးဖြင့်ပစ်လျှင်လည်း အဖေက ဆူတတ်သည်။ အဖေ့တားမြစ်ချက်တွေက ကျွန်တော့်အတွက်များပြားခဲ့ပါသည်။

၉၀ ခုနှစ်တွင် အဖေ့အနားကျွန်တော်သိပ်မကပ်ဖြစ်တော့ပါ။ ကျွန်တော် ၁၆ နှစ်သားဖြစ်နေပြီ။ အဖေကလည်း ကျွန်တော့်ကိုဆူဆူပူပူလုပ်တာမျိုး ရိုက်နှက်အပြစ်ပေးတာမျိုးတွေမရှိသလောက်ဖြစ်ခဲ့သည်။ တခါတရံ ကျွန်တော်တယောက်တည်းထမင်းစားနေလျှင် အဖေက သူ့ထမင်းသူခူးခပ်ကာ ကျွန်တော့်ဘေးဝင်ထိုင်တတ်သည်။ စကားစပ်မိစပ်ရာကလေးများဖြင့် ကျွန်တော်မသိသေးသည့်အကြောင်းအရာလေးများကို ပြောပြနေတတ်သည်။ အဖေသည် တင်းလွန်းလျှင်ပြတ် လျှော့လွန်းလျှင်ပတ်တတ်သည့်အကြောင်းကို သိနေခဲ့ပါသည်။ ကျွန်တော်က ထိုအရာများကို မသိခဲ့ပါ။ အဖေ့ထံမှစကားသံထွက်နေသော်လည်း ကျွန်တော့်စိတ်က လွှင့်နေခဲ့သည်။

ကိုးတန်းကျောင်းသားဘဝတွင် အဖေနှင့်ခွဲပြီး အဝေးမှာသွားနေရသည်။တကယ်တော့ မိုင်တစ်ထောင်ပင်မပြည့်သည့်အကွာအဝေးသာ ဖြစ်သည်။ သည်ကြားထဲ ခေတ်က လူငယ်တိုင်းကိုရင့်ကျက်စေတာမျိုးမဟုတ်ဘဲ ရင့်မာကျွတ်ဆတ်စေသောခေတ်။ ထိုခေတ်ကာလကို အဖေရောကျွန်တော်ပါ ဖြတ်သန်းကြရသည်။

အဖေနှင့်ကျွန်တော် ပြန်ဆုံကြရသည်။
အဖေ့ထံ ကျွန်တော်ပြန်လာခဲ့ရသည်။
ကျွန်တော်ကလည်း အချိုးမပြေပါ။ ကျွန်တော့်ပတ်ဝန်းကျင်တွင် အားကျစရာ၊ အတုယူစရာက ရှားပါးလှသည်။
အဖေ့ထံတွင်လည်း ဘဝအမောတွေ ရှိနေသည်။

၉၀ ခုနှစ်သည် ကျွန်တော့်အတွက်တော့ မြင်းကိုချိုတပ်ပေးသည့် နှစ်ဟုဆိုလျှင်လည်း မမှားခဲ့ပါ။ သို့မဟုတ် ကိုယ်ပေါင်ကိုယ် မညှာမတာလှန်ထောင်းရလျှင် ကိုက်တတ်သည့်ခွေးကို ကျားရိုးသွေးတိုက်လိုက်သည့် နှစ်တစ်နှစ်ဟုဆိုလျှင်လည်း ရပါသည်။

လက်ဖက်ရည်ဆိုင်တနေကုန်ထိုင်သည်။ လမ်းနံဘေးအုတ်ခုံမှာ ဂစ်တာတီးသည်။ မြို့လေး၏ညစျေးတန်းကို ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း မျက် လုံးချင်းဆုံမိသူကို ရန်ရှာတတ်သည်။ ကျွန်တော် အိမ်ကျယ်ဖြစ်နေခဲ့သည်။ ၁/၉၀ ဆိုသည်ကို ကျွန်တော်မသိခဲ့ပါ။ မြို့လေးမှ အစ်ကိုတချို့၏ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းများသည် ကျွန်တော့်နားသို့ မပေါက်ခဲ့ပါ။ ကျွန်တော်ကျင်လည်ရာအဝန်းအဝိုင်းသည်လည်း အိမ်ကျယ်ကိစ္စများမှလွဲ၍ တခြားသော အကြောင်းအရာများကိုမသိခဲ့ကြ။ အကြောင်းအရာကိုမျှ မသိသဖြင့် အကြောင်းအရင်းနှင့်တော့ အဝေးကြီးဝေးကွာနေခဲ့သည်။

ဆယ်ကျော်သက်များစရိုက်တူရာစုမိပြီး လူမိုက်အုပ်စုများသဖွယ်ဖြစ်နေခဲ့ကြသည်။ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၉ မိုက်ဂုဏ်ပြိုင်ကြခြင်းမျိုး။ ရပ်ကွက် ၅ နှင့်မြို့ထဲရပ်ကွက်များ မိုက်ဂုဏ်ပြိုင်ကြခြင်းမျိုးကလည်း ကျွန်တော်နေထိုင်ရာ နယ်မြို့လေးမှာမဆန်းလှ။ ဆိုရလျှင်တော့ အိမ်ကျယ်များက ပေါများလှသည်။

တရက်တွင် ကျွန်တော်တို့အိမ်သို့အသားဖြူဖြူခပ်ဝဝလူကြီးတယောက် အလည်ရောက်လာသည်။ ထိုလူကြီးသည် မေမေ့အစ်ကိုဝမ်းကွဲဖြစ်ပြီး  စခန်းမှူးတာဝန်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဟုသိရသည်။ 

၉၀ ခုနှစ်သင်္ကြန်ရက်ရောက်ခါနီးတွင် ရပ်ကွက်ကိုယ်စီ၌ ရပ်ကွက်ဥက္ကဋ္ဌများဦးဆောင်၍ မြို့လေး၏သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ရန်အတွက်ဟုဆိုကာ အိမ်ပေါက်စေ့ အလှူလိုက်ခံကြသည်။ ရပ်ကွက်ဥက္ကဋ္ဌအများစုသည် လမ်းစဉ်ပါတီခေတ်၏ကောင်စီဥက္ကဋ္ဌဟောင်းများသာဖြစ်ကြသည်။ သူတို့က ရပ်ကွက်အကြောင်းနှင့်ရပ်ကွက်အတွင်းနေထိုင်ကြသူတို့၏အတွင်းရေးကို အပ်ကျမပ်ကျသိကြသူများဖြစ်သည်။ တချို့ဆိုလျှင် ရှေးခေတ်က သူ ကြီးမျိုးရိုးကဲ့သို့ ဘိုးစဉ်ဘောင်ဆက်အလိုက် ရပ်ကွက်လူကြီးလုပ်ခွင့်ရခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် အလှူခံရာတွင် 'မင်း..လုပ်ငန်းတွေ ငါတို့သိတယ်ကွ၊ အဲဒီတော့ သူများထက် ပိုထည့်ပါကွ'ဟုလည်း ဆိုတတ်ကြသည်။

ထိုစဉ်က အဖေနှင့်အမေက စာအုပ်အငှားဆိုင်နှင့်တိတ်ခွေအငှားဆိုင်လေး ဖွင့်ထားကြသည်။ ကျွန်တော်တို့ဆိုင်လေးက သင်္ကြန်ကြေး ငွေတစ်ရာ့ငါးဆယ် ထည့်ရသည်။ အလှူငွေစာရင်းမှတ်သူက အဖေ့ကိုငွေပမာဏများများထည့်ဝင်ထားကြသူများ၏စာရင်းကိုပြရင်း တစ်ရာ့ငါးဆယ်ထက်ပိုထည့်ဖို့ ပြောသေးသည်။ အဖေက ...
'အခြေအနေတွေကိုခင်ဗျားတို့အသိဆုံးပါဗျာ' ဟု တခွန်းတည်းပြောလိုက်ရာ ထိုလူကြီးငြိမ်သွားသည်။ 

မြို့လေးတွင် သစ်မှောင်ခိုချသူများ၊ ဆေးမှောင်ခိုချသူများ၊ လောင်စာဆီမှောင်ခိုချသူများကလည်း ထိုကာလတွင်ပေါလိုက်သည့်ဖြစ်ခြင်း။ ထိုသူများက တော့ သင်္ကြန်အတွက်အလှူငွေကို ပေါချင်းသောချင်းထည့်ဝင်ရုံမျှက သင်္ကြန်ပွဲတော်ကို အုပ်ချုပ်သူလူတန်းစားများနှင့်အတူ နွဲပျော်ကြသည်။ ရပ်ကွက်အလိုက် ယိမ်းအဖွဲများက မြို့လေး၏ဗဟိုမဏ္ဍပ်ကြီးတွင်ယှဉ်ပြိုင်ကြရာ ထိုသူများက မြို့လေး၏ မျက်နှာဖုံးများဖြစ်ခဲ့ကြသည်။ 

ကျွန်တော်ကလည်း ထိုနှစ်သင်္ကြန်ရက်များတွင် အတော်လေး ချို(ဂျို)ကြွနေသည်။ ဘကြီးဖြစ်သူက စခန်းမှူးအဖြစ်နှင့်ရောက်လာခြင်းက ကျွန်တော့်အတွက် အားကိုးရာလိုပင် စိတ်ထဲမှထင်မှတ်ခဲ့ပေလိမ့်မည်။ အဖေက ကျွန်တော့်ကိုလိမ်လိမ်မာမာနေဖို့နှင့်'အခြေအနေတွေက မင်းမသိဘူး..ငါ့သား' ဟု ပြောခဲ့ဖူးသည်။  ကျွန်တော်က ချိုကြွခြင်းရပ်တန့်မသွား။ ရန်ပွဲရိုက်ပွဲဖြစ်သည်။ ရဲက လူကိုမဖမ်းမိသော်လည်း ကျွန်တော့်စက်ဘီးကိုဖမ်းမိသွားသည်။ ရဲစခန်းသို့ စက်ဘီးသွားထုတ်ရသည်။ ဘကြီးရှိနေသဖြင့် အမှုအခင်းတော့ မဖြစ်ခဲ့။ အဖေက 'မင်း..အတော်အလိုက်ကန်းဆိုးမသိတဲ့ကောင်'ဟု ပြောရင်း စိတ်ပျက်နေသည့်မျက်လုံးများဖြင့် ကျွန်တော့်ကိုကြည့်နေခဲ့သည်။ ဘကြီးကိုလည်း 'ဒီကောင့်ကို ၆ လ၊ ၁ နှစ်လောက်တော့ အထဲထည့်ထားသင့်တာ'ဟု အဖေက ပြောခဲ့သည်။ 

ထိုစဉ်က အဖေ့ကို ကျွန်တော့်စိတ်ထဲမှာမကျေမနပ်ဖြစ်ခဲ့မိပါသည်။ 

'အဖေကလည်းဗျာ...သင်္ကြန်အပျော်လွန်ပြီးဖြစ်တာပါဗျာ'ဟု ကျွန်တော်က ကွန့်မိ ထွန့်မိသေးသည်။

'ပျော်စရာလားကွ၊ အခြေအနေတွေကို မင်းမသိဘူးလား'ဟု တခွန်းတည်းသာပြောပြီး ကျွန်တော့်မျက်နှာကို သေချာမကြည့်တော့ပါ။

ယခုလည်း သင်္ကြန်ရနံ့များက ကျွန်တော့်အာရုံထဲသို့ ချဉ်းနင်းလာကြပြန်ပြီ။ ကျွန်တော် အဖေ့ကိုသတိရသည်။  

မနေ့ညက အိပ်မက်ထဲမှာ အဖေနှင့်ကျွန်တော်တွေ့ရသည်။

'အဖေ...အခြေအနေတွေကို ကျွန်တော်သိပါပြီ'ဟု ရှိုက်ကြီးတငင်ငိုယိုကာ ကျွန်တော်ပြောမိသည်။ 

ရင့်မာကြွတ်ဆတ်ခြင်းနှင့်နူးညံ့ ရင့်ကျက်ခြင်းကို ယခုမှပင် ခပ်ရေးရေးခွဲခြားတတ်လာခဲ့သည်။

သို့သော် အချိန်လွန်မှသိရခြင်းများတွင် ရင်နာစရာများစွာရှိနေခဲ့ပါပြီ။ 

(ဖေဖေ့ရေ..အရာရာမှာ တာဝန်မကျေနိုင်သေးတဲ့ သားတယောက်ကို ရောက်ရာဘုံကနေ ခွင့်လွှတ်ပေးပါဗျာ)

ကျော်ကျော် မြရည်စမ်း
၁၀၊အေပရယ်လ်၊၂၀၂၂

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar