ကိုအောင်မှိုင်း - တမ်းတမ်းတတ
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၂
မိုးစက်တွေပက်ဖြန်း
ပိတောက်ပန်းတို့
လန်းဆန်းနိုးထပွင့်ကြပြန်ပြီမောင်။
နှစ်လုံးသားမှာ
အမြဲဆောင်ထား
ပန်းခြောက်ကလေးများ
စကားပြောတတ်ကြမယ်ဆိုရင်မောင်။
ချစ်ရလွန်းသူရဲ့
ချစ်တတ်လွန်းတဲ့
သိတတ်မှုတွေအတွက်
နောင်ဘဝဆိုတာ ရှိစေချင်တယ်မောင်။
နုတ်မဆက်ဘဲ
ရုတ်တရက်ထွက်ခွါ
ကျည်သင့်ခံရ ခဏမှာပေါ့
ပန်းခြောက်လေးတွေ နီရဲကုန်တယ်
ပိတောက်တွေလေ သွေးစွန်းကုန်တယ်
မောင့်တကိုယ်လုံးလဲ ပစ်ထားခဲ့ရတယ်မောင်။
ကျည်ဆံတွေကြား မောင့်အနား
ကျမသွားခဲ့ပါတယ်
ကျည်လမ်းကြောင်းသင့်
ဆွဲခွင့်မသာခဲ့ပါဘူး
တော်လှန်ဘဝတွက် ခွင့်လွတ်ပေးပါမောင်။
ပြောနေကြစကား
မေ့ထားကြရအောင်လား
ကျည်ဆံမိုးတွေကြား
ပန်းရိုင်းတပွင့်အလား
မကာကွယ်နိုင်ခဲ့ဘူးမောင်။
မှန်တချပ်လိုကျကွဲ
ဘဝခြားနေပေမဲ့လဲ
လက်များဆုတ်ထားကြဦးစို့မောင်။
မောင့်ယုံကြည်ချက်
ကျမယုံကြည်ချက်
တနိုင်ငံလုံးယုံကြည်ချက်
ပြည်မဲ့ရက်အထိပေါ့မောင်။
သင်္ကြန်နီးလာပြန်ပြီ
ပိတောက်တွေလဲဝေလို့
ကျမ
နက်ဖန်တိုက်ပွဲထွက်ရမယ်မောင်။
(ရဲမေတဦးအတွက် ရေးစပ်ပါတယ်)
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar