Breaking News

လင်းလက်နွေဦး - ရန်သူတွေ ဝိုင်းနေချိန်

လင်းလက်နွေဦး - ရန်သူတွေ ဝိုင်းနေချိန်
(မိုးမခ) ဧပြီ ၇၊ ၂၀၂၂

‘အဖေ့ဟာက ဟုတ်ပါ့မလား’ တဲ့။ သားတော်မောင်က တွေးတွေးဆဆ ပြောလာပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကျွန်တော့်မှာလည်း ဇဝေဇဝါ။ အရင်က အားတက်စရာတွေ တစ်လှေကြီး ပြောမဝ။ ရာဇဝင်နဲ့ချီပြီး ပြောခဲ့တယ်။ ပြောစရာတွေလည်း ရှိခဲ့ပါရဲ့။ ခုတော့ မသေအောင် မနည်းကြိုးစားနေရတဲ့ပုံနဲ့ ။ ကျွန်တော်တို့မှာ မမေ့သင့်တဲ့ ရိုးရာဓလေ့တစ်ခုလောက်သာ မစို့မပို့ ရှိနေပါတယ်။

မသေမရှင် စံပယ်လေးပင်လေ၊ မှတ်မိပါတယ်နော်။ ခုဆို တစ်နှစ်နီးပါးရှိနေပြီ၊ ရေလောင်းလိုက်ရ၊ ခါးကြပ်မှာစိုးလို့ မြေဆွလိုက်ရ၊ ပေါင်းမြက်တွေ နှုတ်ပေးလိုက်ရ။ သူတို့သာ ခဲယဉ်းနေတာ၊ သူတို့ဘေးနား ကပ်ပေါက်နေတဲ့ ပေါင်းပင်တွေက သန်လိုက်တာမှ၊ တစ်ထွာ တစ်တောင် မကတော့ဘူး။ လက်နဲ့နှုတ်မရလို့ ပေါက်ပြားနဲ့ ခုတ်ခုတ်ပစ်ရတာ အမော။ ခုတ်တိုင်း ဟိုမအလတွေ မျက်ခွက်ပြေးမြင်မိတယ်။ ဒီကောင်တွေက စိမ်းလို့စိုလို့၊ စံပယ်လေးပင်ကတော့ အရွက်ဖျားလေးတွေတောင် ခြောက်ချင်နေပြီ။

ခြောက်တော့ စိတ်ဓာတ်တွေ ထိုးကျလာတာပေါ့။ ဒီတော့ ဇနီးသည်ခမျာ၊ လင်တော်မောင် ရောဂါအသစ်မတိုးရလေအောင် အားပေးရရှာတယ်။

‘အောက်လက်ခြောက်တာ သဘာဝပဲ’ တဲ့။ ‘ရွက်နုထိုးချင်လို့’ တဲ့။ ဟုတ်ပါ့မလား မောင်ကာဠုရယ်…။

အဲနေ့ကလည်း ဝတ္တရားအရ ခါးဆွပေးနေတာပါ။ ရေသာ ဖိလောင်းနေတယ်၊ မြေကြပ်ရင် ဒီအပင်တွေ မစားရ မသောက်ရ ဖြစ်မယ်မဟုတ်လား။ ဒီတော့ ဆွပေး မြှောက်ပေးရတယ်နော့်။ ရေဆိုတော့ အပင်တွေက မိုးရေကြိုက်တယ်ကြားဖူးလို့ တကူးတက မိုးရေဆွဲလောင်းသေးတာဗျ။ ပျင်းတဲ့အချိန်တော့ တွင်းရေပဲပေါ့ဗျာ။ တခါတလေ မကျည်းစပ်ချဉ်လေးလည်း ခံတွင်းတောင်းအုံးမှာ မဟုတ်လား။

ဒီတော့ သားတော်မောင်က မြက်နှုတ်သလိုလို ပေါင်းနှုတ်သလိုလိုနဲ့ လာကူပြီးပြောလိုက်တာဗျ။ ဖျတ်ကနဲ ကျွန်တော်မော့ကြည့်မိတော့ သူက စံပယ်ပင်လေးတစ်ပင်ကို ကိုင်ကြည့်နေတယ်။ ဟုတ်ပါ့၊ အလယ်က ခါးကျိုးနေတဲ့အပင်လေး၊ အမြစ်တွေ ပေါ် ပေါ်နေလို့ မြေဖုံး ဖုံးပေးရတယ်ဆိုတဲ့ အပင်လေးလေ။ အဲဒီအပင်ဆို အရွက်က တစ်ရွက်နှစ်ရွက်ရယ်၊ တခါတလေ ဆွဲနှုတ်ပစ်လိုက်ချင်တာ၊ စိတ်ကို ယားနေတာပဲ။

တစ်နေ့က မုန်တိုင်းမိုး ရွာတယ်နော်။ နှစ်ရက်လောက် ပူလောင်အိုက်စပ်ပြီး၊ အကျိုးရလာဒ်အနေနဲ့ မိုးလေး နည်းနည်းပြန်ရတယ်ပေါ့။ ခြံထဲ မြက်တွေ ကြုံးထကုန်တယ်။ ကိုယ့်ကောင်တွေလည်း မြက်လှိုင်းအောက် ပိနေတာပေါ့။ သေရင်တောင် သဘာဝအတိုင်း သေပါစေ၊ ငတ်လည်း မသေပါစေနဲ့၊ မြက်ပိ လင်းရိပ်မိပြီးလည်း မသေပါစေနဲ့ဆိုပြီး၊ ပေါင်းရှင်းပေးမယ်ပေါ့။ အခြေအနေကိုကြည့်လိုက်တော့… ‘အားလား လား’ ရွက်နုတွေများ ထိုးနေတာ သိလား၊ ထတောင် အော်မိတယ်။

‘မိန်းမရေ… မိန်းမ… ဒီမှာ မိုက်နေပြီဟ’ ဆိုတော့ သားတော်မောင်က အရင်ရောက်ချလာတယ်။ သူလည်း လက်ခုတ်လက်ဝါး တီးလို့။ သမီးဖြစ်သူကလည်း ‘အဖေ့အပင်တွေတော့ ရှယ်ပဲ’ တဲ့။ အမျိုးသမီးကတော့ ကျွန်တော်တို့ကိုကြည့်ပြီး ပိုရန်ကောလို့ မဲ့ကာ ရွဲ့ကာ ရောက်လာတာပါပဲ။ သူလည်း ကြည့်ပြီး အံ့တွေဩကုန်တော့တယ်။ မိုးလေး နှစ်ရက်တော့ ဖွဲဖွဲရွာပြီးနောက်မှာ ‘အပ်ချလောင်း’ ဆို ပြောင်းလဲသွားတာလေ။ ဒါကြောင့် သူတော်ကောင်းတွေက ‘အနစ္စ၊ မမြဲခြင်းသာ နစ္စ၊ မြဲကုန်၏’ လို့ ပြောကြတာကိုး။ ကျွန်တော်က သားတော်မောင်ကို ပြုံးကြည့်လိုက်တယ်။ ဒါကို သူကသိတော့ နိုင်ငံခြားဇာတ်ကားထဲကအတိုင်း ဟန်ပါပါ ‘ပုခုံးတွန့်ပြ’ နေတယ်။ အတုခိုးတာလည်း မြန်ပါ့။

ခက်တာက ပေါင်းမြက်တွေပဲ။ မိုးဆိုတာ၊ ဘာတဲ့ ပေါက္ခဝဿမိုးလို ‘လိုတဲ့နေရာလေးပဲ’ ကွက်မရွာဘူးလေ။ ဒါကြောင့် ဖြစ်နိုင်ရင် မိုးတိမ်ထဲမှာ ပေါင်းသတ်ဆေး ထည့်ပေးကြပါ။ ဟော… မိုးရွာလည်း မြက်မထတော့ဘူးပေါ့။ အော်… လူတွေ တိရစ္ဆာန်တွေတော့ မထိခိုက်အောင် ကြိုစဉ်းစားကြပေါ့။ တိရစ္ဆာန်ဆိုလို့ ကြာနီကန်ဆရာတော်ဟောတဲ့ ‘ကြွက် ခြင် သန်း ကြမ်းပိုး ပလိပ်ဆိုး ငါးမျိုးမပါ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ’ မေတ္တာပို့လိုပါပဲ။ မကောင်းတဲ့ အင်းဆက်တွေ ဆိုးသွမ်းတဲ့ တိရစ္ဆာန်တွေ လူ့တိရစ္ဆာန်တွေတော့ သူ့ကံနဲ့ သူပေါ့၊ ရှိပါစေ၊ မြန်မြန် ရှိပါစေ။ လူ့တိရစ္ဆာန်တွေက တော်တော်ဆိုးတယ်၊ လူမဆန် ရက်စက်ကြမ်းကြုတ်တယ်။ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ပြောတာပါဗျာ။ (ဒီကကောင်တွေက ပိုဆိုးတယ်… ဘာဝေဂါဟံ ဘယံဒိဿွာ ဘာဝဇ္ဇ ဝိဘဝေသိနံ၊ ဘာဝနာ ဘိဝဒိံ ကိစ္စိ နံဒိံစန ဥပါဒိယိံ…. ရန်သူမမြင်ဂါထာ ရွတ်နေတာပါ၊ ‘ဒီကကောင်တွေက ပိုဆိုးတယ်ဆိုတဲ့စာသားကို ရန်သူတွေ မမြင်အောင်လို့ပါ။)

ဒါနဲ့ ခုနစာသားကို ခင်ဗျားမြင်လား၊ မြင်ရင် ခင်ဗျားနဲ့ကျွန်တော် ရန်သူတွေမဟုတ်လို့ပါပဲ။

ဒီ ရန်သူမမြင်ဂါထာ (စာလုံးပေါင်းမှန်လား မသိဘူးနော်) ကို ဆိုင်မှာကပ်ထားတော့ စိတ်ဝင်စားတဲ့သူတွေက ဓာတ်ပုံတွေ ဘာတွေ ရိုက်ယူ၊ စာရွက်တောင်းပြီး ကူးယူသွားကြတယ်။ မယုံသလိုလို ဘာလိုလို လူတွေကတော့ မေးကြတယ်၊ ဂါထာက တကယ်စွမ်းလားတဲ့။ အဲဒီတင် သူ့ရှေ့မှာပဲ အလွတ်ရွတ်ပြ လိုက်တယ်။ ပြီးတော့ ‘ကျွန်တော့်ကို မြင်သေးလား’ ဆိုတော့ ‘ဟ၊ မြင်တာပေါ့ကွ’ တဲ့ ရယ်ကျဲကျဲကြီး ဖြေကြတယ်။ ဒီတော့မှ ‘အာ့ဆို ခင်ဗျားက ကျွန်တော့်ရန်သူမဟုတ်ဘူး’ လို့ ပြန်ချေလိုက်တာပေါ့။ ဟုတ်တယ်လေ၊ ဆိုင်ဖွင့်ထားတာ၊ လာဝယ်တဲ့သူဟာ ရန်သူ မဖြစ်နိုင်တော့ဘူးပေါ့။ လာမဝယ်တဲ့သူတွေကတော့ စွန်းချောနေလို့ အမြင်ကပ်တာပဲဖြစ်ဖြစ်၊ စီဒီအမ်ဆိုင်ဆိုပြီး လာမဝယ်ရဲတာပဲဖြစ်ဖြစ်၊ အဆင်ပြေမှာစိုးလို့ပဲ ဖြစ်ဖြစ်… မျိုးစုံဖြစ်နိုင်တယ် မဟုတ်လား။

ကျွန်တော်ကတော့ ကိုယ်က စီဒီအမ်ဆိုတော့၊ စီဒီအမ်ကြက်သွန်နီပဲ ကြိုက်တယ်၊ စီဒီအမ် ခေါက်ဆွဲသုတ်ကို ပိုကြိုက်တယ်၊ တနေ့က စီဒီအမ် ဖက်ထုပ်ဆိုင်တဲ့၊ ဖွင့်ပွဲကတည်းက သွားအားပေးတယ်။ သူတို့ခမျာ ခက်ခက်ခဲခဲ မလုပ်ဖူးတာတွေ လုပ်နေရတာလေ။ စီဒီအမ် ကားစပယ် ယာကြီး မတွေ့တာကြာလို့ မေး မေးနေရတယ်။ အဲ အကိုကြီးက မီးရထားရုံပိုင်ဗျ။ ခင်ဗျားတို့ သိရဲ့လား၊ မစကြနဲ့… မပေါ့ကြနဲ့။ သူနာပြု ဆရာမလေး တစ်ယောက်လေ… ‘အိပ်ဆေးရရင် သောက်ချင်တယ်’ တဲ့၊ ကျုပ်မှာ ငိုလိုက်ရတာ…။ သူ့အမေ ပင်စင်ငွေလေးနဲ့ အဆင်ပြေရဲ့လားလို့ မေးပေးကြစမ်းပါဗျာ။

အသုံးမဝင်တဲ့ ပေါင်းမြက်တွေက ဒလကြမ်းပဲ။ ဒီကြားထဲ မြေက ကြပ်ကြပ်သွားသေးတယ်။ တွင်းရေ လောင်းလိုက် မိုးရေလောင်းလိုက်။ စံပယ်အမြစ်တွေက စုပ်အားမကောင်းဘူး ထင်ပါရဲ့။

ဒီလို အရွက်နုလေး ထိုးလာအောင် ကြိုးစားလိုက်ရတာ၊ ကျွန်တော့်မှာလေ။

လင်းလက်နွေဦး
၇.၄.၂၀၂၂ နေ့လည် ၁၁နာရီ ၀၉မိနစ်။
(ဒီစာကို ကလစ်နေရင်း ရေးပါသည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar