နေသွင်ညိဏ်း - ကျင့်ဝတ်သီလနှင့် ဦးဆောင်မှု
ကျင့်ဝတ်သီလနှင့် ဦးဆောင်မှု
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၈၊ ၂၀၂၂
ကမ္ဘာကြီးမှာ အရှားပါးဆုံးအရာတွေက ရေနံ၊ ရေကောင်းရေသန့်၊ စားနပ်ရိက္ခာတွေ မဟုတ်ပါဘူး၊ ကျင့်ဝတ်သီလနှင့် ဦးဆောင်မှုဖြစ်ပါတယ်။ အမှန်တရားအပေါ် သံန္နိဌာန်ချထားတဲ့ သိပ္ပံပညာ၊ ကိုယ့်ကျင့်တရားကို ယုံကြည်သူတွေကသာ ကျနော်တို့ ရှေ့က စိန်ခေါ်နေတဲ့၊ လူ့အဖွဲ့အစည်းက လက်ရှိကြုံတွေ့နေရတဲ့ ဆင်းရဲမွဲတေမှု၊ ရောဂါဘယ၊ ဒုဗိကန္တယကပ်တွေကနေ ကျော်လွှား နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အာဏာကိစ္စတွေက အမှန်တရားကို ရွံရှာမုန်းတီးတဲ့ အလျှောက် မနားမနေ တိုက်ခိုက်နေပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဗားကလက်ဟာဗယ် ကတော့ လူသားမျိုးဆက်တခုကို သစ္စာတရားနဲ့ အသက်ရှင် နေထိုင်ဖို့ ကျေးဇူးပြုနိုင်ခဲ့ပါတယ်။
ဗားကလက်ဟာဗဲလ်ဟာ ဆိုဗီယက် ပြည်ထောင်စုကြီးရဲ့ အရှေ့ဥရောပ လွတ်မြောက်ရေး တော်လှန်ရေးရဲ့ အဓိက ခေါင်းဆောင် တယောက်ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ ပြဇာတ်တွေ၊ အက်ဆေးတွေ၊ ပေးစာတွေက အရှေ့ဥပရောမှာ ကွန်မြူနစ် အာဏာရှင်တွေရဲ့ အုပ်စိုးမှုအောက်မှာ ရိုးရိုးသားသား လိပ်ပြာလုံလုံ အသက်ရှင်နိုင်ရေး အတွက် ရုန်ကန်ရမှုတွေ အကြောင်းတွေပါပဲ။
သူဟာ သစ္စာတရားနဲ့ အသက်ရှင်ခွင့်ရရေးအတွက် ဘဝတခုလုံးနဲ့ လောင်းကြေးထပ်ခဲ့ပါတယ်။ သူ့အသုံးအနှုန်းအတိုင်းဆိုရင် ကိုယ့်လိပ်ပြာအပေါ် ကိုယ်ရိုးသားခြင်း။ လူ့အဖွဲ့အစည်းနဲ့ လူသန်းရာပေါင်းများစွာရဲ့ လွတ်လပ်မှုတွေအပေါ် ဖိနှိပ်ထားတဲ့ အာဏာရှင်စနစ်အပေါ် သူရဲကောင်းဆန်ဆန်ပဲ ရိုးသားခဲ့ပါတယ်။ သူရဲ့ ရွေးချယ်မှုအတွက်လည်း ကြီးကြီးမားမားပေးဆပ်ခဲ့ရပါတယ်၊ နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခံခဲ့ရသလို၊ စောင့်ကြည့်ခံခဲ့ရ၊ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရ၊ သူ့ရဲ့ စာမူတွေလည်း ပိတ်ပင် ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူရဲ့ အမှန်တရား အလင်းရောင်ကတော့ ပျံ့နှံ့ခဲ့ပါတယ်။
ဟာဗဲလ်ဟာ သူ့မျိုးဆက်တွေကို မျှော်ချက်တွေ၊ သတ္တိတွေ၊ မကြောက်တရားတွေကို ပေးနိုင်စွမ်းခဲ့တယ်။ မုသားကွန်ယက်ကြီး ၁၉၈၉ နိုဝင်ဘာလမှာ ပြိုကျသွားတဲ့အခါမှာ ချက်နဲ့ ဆလိုဗက်ကီးယားက သိန်းနဲ့ ချီတဲ့ လူပေါင်းများစွာဟာ လမ်းမတွေပေါ် ထွက်လာကြပြီး သူတို့ရဲ့ လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြပါတယ်၊ ထောင်ကျခံ၊ ဘေးထုတ်ခံထားရတဲ့ ပြဇာတ်ရေး ဆရာတယောက်လည်း အသစ်ရွေးချယ်ခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။
ဟာဗဲလ် လို အမှန်တရားနဲ့ အသက်ရှင်နေထိုင်သူတွေ၊ ဒေသတခုလုံးက အလွန် လေးစားကြည်ညိုတာကို ခံရတဲ့ စာရေးဆရာ သတင်းစာဆရာ အဒမ် မစ်ချ်နက်ခ်၊ နိုင်ငံရေးသမား ဂျက်ခ် ကူရန်၊ သမိုင်းပညာရှင် နိုင်ငံရေးသမား ဘရွန်နစ်လော ဂျာရမစ်ခ်၊ သတင်းစာဆရာ လူမှုဗေဒ ပညာရှင် ဂရက်ဂေါစ် လင်းဒန်ဘာ့ဂ် တို့လို ခေါင်းဆောင်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ သတ္တိရှိတဲ့ ဒီလိုအမျိုးသမီးခေါင်းဆောင်တွေနဲ့ အမျိုးသားခေါင်းဆောင်တွေဟာ သူတို့ရဲ့ သတ္တိ၊ အမြော်အမြင်၊ ဂုဏ်သိက္ခာတွေကို ပေါင်းစပ်လို့ အောင်မြင်အောင် ဦးဆောင် နိုင်ခဲ့ပါတယ်။
မှန်သော စကားပြောကြားခြင်းဟာ အဲဒီအချိန်က အနာဂတ်အတွက် တောက်ပတဲ့ အလင်းရောင်ပါပဲ။ သစ္စာစကားကြောင့်ပဲ သမိုင်းမှာ ခေါင်းမာတဲ့ အရှေ့ဥပရောပရဲ့ ဆိုဗီယက် လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ သတင်းစာဆရာ အဒမ် မစ်ခ်ျနက်ခ်ဟာ ဟာဗဲလ် လိုပဲ အကြောက်တရား ကင်းမဲ့တဲ့ အမှန်တရားရဲ့ အလင်းရောင်ပါပဲ။
မကောင်းမှုတွေ၊ အလိမ်အညာတွေ တယောက်ဆီကနေ နောက်တယောက်ဆီကို ကူးစက်တတ်သလို၊ မှန်ကန်တဲ့ ကိုယ်ကျင့်တရား၊ သတ္တိတွေကလည်း တယောက်ကနေ နောက်တယောက်ဆီကို ပွားများနိုင်တဲ့ သတ္တိရှိပါတယ်။ မစ်ချ်နက်ခ် နဲ့ ဟာဗယ်တို့ရဲ့ အောင်မြင်မှုဟာ အင်အားထက် အမှန်တရားကို ပိုတန်ဖိုးထားတဲ့ မီးခေးလ် ဂေါဘာချော့ဗ် လို ဆိုဗီယက် ခေါင်းဆောင် နဲ့ တစိတ်တပိုင်းအားဖြင့် ဆက်စပ်နေပါတယ်။
ဂေါဘာချော့ဗ် ရဲ့ အောင်မြင်မှုဟာလည်း တနိုင်ငံတည်းသား နျူးကလီယားရူပဗေဒပညာရှင်၊ ဆိုဗီယက် အင်ပါယာရဲ့ ဗဟိုချက်ထဲမှာ ဘဝတစ်ခုလုံးကို ရင်းနှီးပြီး အမှန်တရားကို ပြောဖို့ သတ္တိရှိခဲ့တဲ့၊ ဒီလိုပြောခဲ့လို့ နှစ်ပေါင်းများစွာ ချောင်ထိုးခံခဲ့ရတဲ့ ရုရှားသိပ္ပံပညာရှင် နိုဘယ်ဆုရှင် အန်ဒရီ ဆာခါရော့ဗ်လို ကြီးမြတ်တဲ့ လူတွေဆီကနေ တစိတ်တပိုင်းအားဖြင့် ပျံ့နှံ့ သွားတာဖြစ်ပါတယ်။
ဒီလို စိတ်ဓာတ်အင်အား၊ ခိုင်ခိုင်မာမာ ဦးဆောင်မှုမျိုးပေးခဲ့သူတွေထဲမှာ မဟတ္တမ္မဂန္ဒီလို ပုဂ္ဂိုလ်မျိုးကို ဥပမာပြနိုင်ပါသေးတယ်၊ ဂန္ဒီကိုယ်တိုင်က သူရဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိကို သစ္စာတရားနှင့် ကျွန်ပ်၏အတွေ့အကြုံများ The Story of My Experiments With Truth လို့ အမည်ပေးခဲ့ပါတယ်။
သူတို့ အားလုံးဟာ သိပ္ပံပညာနဲ့ ကိုယ်ကျင့်တရားတွေဟာ အဆုံးတနေ့မှာ မုသားတွေနဲ့ အာဏာတပ်မကြီးကို မုချအောင်နိုင်မယ်ဆိုတဲ့ သစ္စာတရားအပေါ်မှာ ယုံကြည်ခဲ့ကြ ပါတယ်။ ဒီလို ယုံကြည်မှုအတွက် အသက်ပေးခဲ့သူတွေလည်း မနည်းလှပါဘူး။ သူတို့ရဲ့ အမှန်တရားအပေါ် ယုံကြည်တဲ့အတိုင်း လက်တွေ့လုပ်ဆောင်ခဲ့လို့လည်း ဒီနေ့ ကျနော်တို့တွေ အကျိုးကျေးဇူးတွေကို ခံစားနေကြတာဖြစ်ပါတယ်။
ဗားကလက်ဟာဗဲလ်ရဲ့ ဘဝကနေ သစ္စာတရားရဲ့ မယုံနိုင်စရာ အောင်မြင်မှုတွေအတွက် အမှတ်ရစရာ ဖြစ်သလို၊ စိတ်ဓာတ်ကျစရာတွေကိုလည်း ထပ်သတိပေးနေပါတယ်၊ အဲဒါကတော့ သစ္စာတရားရဲ့ အောင်ပွဲဟာ ဘယ်သောအခါမှ ထာဝရမတည်မြဲနိုင်ဘူးဆိုတဲ့ အချက်။ မျိုးဆက်တိုင်းဟာ အစဉ်ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်း၊ နည်းပညာတွေ အပေါ်မှာ စာရိတ္တ မဏ္ဍိုင်ကို ခိုင်မြဲအောင် ထိန်းကြောင်းဖို့ လိုတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဗားကလက် ဟာဗဲလ် ကွယ်လွန်ချိန်မှာ ရုရှားမှာ ရွေးကောက်ပွဲ မဲမသမာမှုတွေအတွက် ဆန္ဒပြနေကြတယ်၊ အီဂျစ်မှာ အာဏာကို ခိုင်ခိုင်မြဲမြဲ ချုပ်ကိုင်ထားတဲ့ စစ်တပ်ကို ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တော်လှန်နေကြတယ်၊ တရုတ်ပြည်က ကျေးလက်မှာ အဂတိ လိုက်စားတဲ့ အာဏာပိုင်တွေကို ဆန္ဒပြနေကြတယ်၊ အမေရိကန်က မြို့ကြီးတွေမှာ သံချပ်ကာ ယူနီဖောင်းဝတ်ထားတဲ့ ရဲတွေက ဆန္ဒပြသမားတွေကို အကြမ်းဖက်ဖြိုခွင်းနေတယ်၊ ကမ္ဘာတဝှမ်းလုံးမှာ အာဏာနဲ့ သစ္စာတရားတို့ တိုက်ပွဲထဲ ထိပ်တိုက်တွေ့နေကြတုန်းပါပဲ။
ကမ္ဘာ့ နေရာအသီးသီးက ဒီနေ့ ရုန်းကန်မှုတွေဟာ လောဘနဲ့အမှန်တရားတို့ရဲ့ တိုက်ပွဲကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီနေ့ စိန်ခေါ်မှုတွေနဲ့ ဗားကလက် ဟာဗဲလ် တို့ ခေတ်က စိန်ခေါ်မှုတွေ ကွဲပြားပေမယ့်လည်း အမှန်တရားနဲ့ အသက်ရှင်ခြင်းဆိုတာကတော့ အရင်လိုပဲ မဖောက်မပြန် အရေးကြီးတုန်းပါပဲ။
ဒီနေ့ ကမ္ဘာကြီးရဲ့ အမှန်တရားက ငွေကြေးချမ်းသာသူတွေက ဓနကို အာဏာအဖြစ် ပြောင်းယူပြီး၊ သူတို့ ကိုယ်ပိုင်ဓနတွေ တိုးပွားအောင် အဲဒီအာဏာကို အလွဲသုံးစားလုပ်နေကြတယ်၊ သူတို့ အာဏာတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်စီး၊ မတော်မတည့်တဲ့ အကြောင်းပြချက်တွေပေးပြီး စစ်ပွဲတွေကို ဖန်တီး၊ လူမှုရေး မငြိမ်သတ်မှုတွေဖြစ်အောင် သွေးထိုးပေး၊ ဆင်းရဲသားတွေရဲ့ ဆန္ဒကို လျစ်လျူရူ့ထားကြတယ်၊ ဒီလုပ်ရပ်ဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့သားသမီးတွေလည်း တန်ဖိုးကြီးကြီး ပေးရမယ်ဆိုတာကိုလည်း သိပုံမရကြပါဘူး။
ဒီနေ့ ခေတ်ရဲ့ စိတ်ဓာတ်ရေးရာခေါင်းဆောင်တွေဟာ ဟာဗဲလ် အုတ်မြစ်ချပေးခဲ့တဲ့ အပေါ်မှာ တည်ဆောက်ရမယ်။ လူတော်တော်များက အပြုသဘောအပြောင်းအလဲတွေ ဖြစ်မှ ဖြစ်ပါ့တော့မလားလို့ စိတ်ဓာတ်ကျနေတာလည်းရှိပါတယ်။ အင်အားကြီးမားတဲ့ ကော်ပိုရိတ်ကြီးတွေရဲ့ ၀ါဒဖြန့်မှုတွေ၊ အလိမ်အညာ လူထုဆက်ဆံရေး နည်းလမ်းတွေ၊ ကိုယ့်အစိုးရတွေ ကိုယ်တိုင်က မရပ်မနား မုသားထုတ်လွှင့်ချက်တွေဟာ ဟာဗယ်တို့ ရင်ဆိုင်ခဲ့ရတဲ့ ရက်စက်တဲ့ ဆိုဗီယက်ခေတ်ရဲ့ အကြွင်းအကျန်တွေပါပဲ။
ဒီလိုကြီးမားတဲ့ အဟန့်အတားတွေရှိနေပေမဲ့ ကျနော်တို့ ကမ္ဘာတလွှား ဖြန့်ကျက်ထားတဲ့ လူမှုမီဒီယာတွေရှိနေပါတယ်၊ အထီးကျန်မှုတွေကို ကျော်လွှားပြိး ပြုပြင်ပြောင်းလဲမှုအသစ်တွေကို သန်းနဲ့ချီတဲ့ လူတွေရဲ့ ထောက်ခံမှုရအောင် ဆောင်ရွက်နိုင်ကြပါတယ်၊ အောင်မြင်ဖို့ ခက်ခဲတဲ့ နည်းလမ်းပဲ ဆိုဆို၊ မပြည့်မစုံ၊ ခနိုးခနဲ့ပဲဆိုဆို လူတော်တော်များများမှာ အနည်းဆုံးသော ပြောရေးဆိုခွင့်၊ စုရုံးခွင့်တွေ ရှိကြပါတယ်။ နောက်ထပ် အလွန်ကြီးကျယ်ပြီး၊ အရေးကြီးတဲ့ ကျေးဇူးထူးတခုကတော့ ဘဝကို အမှန်တရားနှင့် နေထိုင်သွားတဲ့ ဗားကလက်ဟာဗယ်လို လေးစားစရာပုဂ္ဂိုလ်တယောက် ကျနော်တို့ ရှေ့မှာ မားမားမတ်မတ်ရှိနေတာပါပဲ။
*ဂျက်ဖရီဆာ့စ် Jeffery D. Sachs ၏ The Power of Living in Truth (Dec 20, 2011) ကို ဘာသာပြန် ထားခြင်းဖြစ်ပါသည်။
နေသွင်ညိဏ်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar