Breaking News

ရွှေဟင်္သာ - နိုင်ငံရေးပါတီခေါင်းဆောင်နှင့် နိုင်ငံရေးပါတီဆိုရာဝယ်

ရွှေဟင်္သာ - နိုင်ငံရေးပါတီခေါင်းဆောင်နှင့် နိုင်ငံရေးပါတီဆိုရာဝယ်
(မိုးမခ) ဧပြီ ၇၊ ၂၀၂၂

နိုင်ငံရေးပါတီတစ်ရပ်ဖွဲ့စည်းကြပြီဆိုလျှင် ပြည်သူလူထု၏ ဥပဒေအရ လိုလားဆန္ဒကို မျက်ကွယ် ပြုလို့မရပါဘူး။ ပြည်သူလူထုရဲ့ နာကျင်ခံစားနေရတဲ့ မတရားမှုတွေနဲ့ အဓမ္မအနိုင်ကျင့်ခံရမှုတွေကို ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ပြည်သူကို တန်ဘိုးထား နားလည်ပေးရမှာဖြစ်ပါတယ်။ ဤကဲ့သို့သော သဘောထားမရှိတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီများဟာ ငါ့အရေးပါတီတွေသာဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်ငံရေးစာရေးဆရာတစ်ဦးပြောခဲ့ရေးခဲ့တာကို ပြန်လည်ဝေမျှပါတယ်။ 

ဗြုတ်စဖျင်းတောင်း အလေဏတော (Catch All Party) တဲ့။ Conycatcher သူခိုး၊ လူလိမ်တဲ့။ ယနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အဓိကဖြစ်စဉ်က စစ်တပ်ဟာ သူတို့ရေးဆွဲပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အခြေခံဥပဒေနဲ့အညီ အတည်ပြုပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများကို ကျော်လွန်ချိုးဖောက်ပြီး ပြည်သူလူထုက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော အစိုးရဆီမှ ရွေးကောက်ပွဲကို ချိုးဖောက်ကာ၊ နိုင်ငံတော်အာဏာကို လက်နက်အားကိုး အဓမ္မရယူလိုက်ခြင်းကြောင့် စတင်ဖြစ်ပေါ်လာရတဲ့ပြသနာဖြစ်စဉ်အခင်းအကျင်းများဖြစ်ပါတယ်။ 

ထပ်တစ်ခါမှာ အာဏာသိမ်းစစ်ကောင်စီ (နစက) ဟာ သူတို့လုပ်ရပ်ကို မထောက်ခံကြတဲ့ ကလေးသူငယ်၊ လူငယ်၊ လူရွယ်၊ လူလတ်၊အသက်အရွယ်ကြီးသူများ၊ ယောကျာ်း၊ မိန်းမ၊ မရွေး၊ ကိုယ်ဝန်သည်များပါမကျန်၊ ရဟန်းသံဃာများ၊ အခြားဘာသာရေးအစုအဖွဲ့များကို
ရက်ရက်စက်စက် နှိပ်ကွပ်နှိမ်နင်းခဲ့တဲ့အပြင် ကိုယ့်အိုး ကိုယ့်အိမ်၊ ကိုယ့်ရွာ၊ ကိုယ့်အရပ်ဒေသကို တရားမဲ့မီးရိူ့ဖျက်စီးလာခြင်းကြောင့်အကြောက်တရားများဖြစ်လာခဲ့ကာ၊ အရပ်ရပ်ပြည်သူများနဲ့ ကျောင်းသားလူငယ်ကလေးများက ကိုယ့်ကိုကိုယ်၊ ကိုယ့်အိုး ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ပြည်သူကို ကာကွယ်ရင်းနဲ့ ပြန်လည်ခုခံကြတဲ့ ဓမ္မစစ်ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းလုံးမှာလည်း အဓမ္မနဲ့ဓမ္မတို့ဟာ အားပြိုင်မှုတွေပြင်းထန် များပြားလာနေပါပြီ။ သေချာတာက ပြည်သူလူထုအများစုကတော့ ဓမ္မဘက်တော်သားများဖြစ်နေကြပါတယ်ဟု ဆိုတာပါ။ ပြည်သူလူထုဟာလည်း စိတ်ချလက်ချနေထိုင် စီးပွား ပညာရှာလို့မရတော့ပါဘူး။
ကျီးလန့်စာစား နေနေကြရပါတယ်။

စားဝတ်နေရေးတွေက အလွန်ပင်ခေါင်းပါး ဒုက္ခရောက်နေကြရရှာပါပြီ။ နိုင်ငံကလည်းတစ်ဖြေးဖြေး "Failed State" ဖြစ်လာလုနေပါပြီ။
ဒီပြသနာအရေးကို ဘယ်လိုနည်းလမ်းတွေရှာကြံပြီး ဖြေရှင်းမှုလုပ်ကြရမလဲ။ ဘယ်အရာက ပိုသေချာခိုင်မာမလဲ၊ ပြည်သူလူထုက ဘာဖြစ်စေချင်သလဲ၊ ဘာလိုချင်သလဲ၊ ဘာတောင့်တနေကြသလဲ၊ "ဘယ်လိုပုဂ္ဂိုလ်လိုအပ်သလဲ"၊ ပြည်သူလူထုက "ဘယ်ပုဂ္ဂိုလ်" ကို ယုံကြည်ပြီးလိုချင်သလဲ၊ ကိုယ်ကိုတိုင်နဲ့ ကိုယ့်အစုအဖွဲ့ဟာ အဓိကတာဝန်ရှိသူနဲ့အုပ်စု အစုအဖွဲ့အပေါ်မှာ နိုင်ငံရေးသြဇာသက်ရောက်မှုရှိရဲ့လား၊ သြဇာကြီးမားသက်ရောက်လောက်တဲ့ပြည်သူလူထုက ထောက်ခံဆန္ဒမဲပြားများရရှိထားပါရဲ့လား၊ ပြည်သူလူထုက ယုံကြည်ထောက်ခံနေမှုရော ကိုယ့်ဆီမှာ ကိုယ့်အစုအဖွဲ့အပေါ်မှာ ကြီးကြီးမားမားရှိရဲ့လား။ မစို့မပို့လောက်နဲ့သွားထိလိုက်ရင်တော့ သေချာပါတယ်၊ တိုင်းပြည်လည်းဘာမှအပြောင်းအလဲဖြစ်လာမှာမဟုတ်သလို ကိုယ်သာလျှင် ပြည်သူ့ချဉ်ဖတ်ဖြစ်သွားစေမှာသာဖြစ်ပါတယ်။ 

သူတို့ကတော့သွေးစုပ်ဖုတ်ကောင်တွေလို ကိုယ့်အသွေးအသားကို အကုန်စုပ်ယူသွားမှာသာဖြစ်ပြီး၊ ကိုယ်ကတော့ ပြည်သူတွေရဲ့ခါးခါး သီးသီး မုန်းတီးမှုတွေကိုခံစားနေရမှာသာဖြစ်ပါတယ်။ ယခုအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC ) နိုင်ငံ ရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များရွေးချယ်ခြင်းနဲ့ အမြဲတမ်းကော်မတီ၏လုပ်ငန်းအဖွဲ့ရွေးချယ်ရန်ဟုဆိုကာ လက်ရှိ ကော်မတီဒုဥက္ကဌ ဦးစိုင်းအိုက်ပေါင်း (SNDP ) ပါတီက လက်မှတ်ထိုးထုတ်ပြန်ကြေညာထားသည်ကိုတွေ့ကြရပါတယ်။ အမြဲတမ်းကော်မတီဝင် (၁၆) ပါတီနှင့်အရန်ကော်မတီဝင် (၁၆) ပါတီကိုရွေးချယ်ရန်ဟု သိရပါတယ်။

(၁၂.၄.၂၀၂၂) ရက်နေ့တွင် နောက်ဆုံးစာရင်းပေးပြီး၊ (၂၇.၄.၂၀၂၂) ရက်နေ့တွင် ဆွေးနွေးကြမည်ဟု ဖိတ်ကြားလွှာ၌ပါပါတယ်။ မြန်မာ နိုင်ငံ၌ နိုင်ငံရေးပါတီပေါင်း (၉၂) ပါတီရှိပါတယ်။  သို့သော်လည်းဘဲ ရွေးကောက်ပွဲအနိုင်ရပါတီအများစုကတော့ဖြင့် တက်ရောက်ဆွေးနွေးအရွေးချယ်ခံကြမှာမဟုတ်ပါဟု သတင်းများဖြစ်နေပါတယ်။

ပထမအကြိမ် ဦးစိုင်းအိုက်ပေါင်းကို ဒုတိယဥက္ကဌအဖြစ်ရွေးချယ်ခဲ့စဉ်မှာလည်း အနိုင်ရပါတီအများစုက တက်ရောက်မှုမရှိခဲ့ပါပေ။ "UPDJC" သည် စစ်ကောင်စီမှ ဥက္ကဌ နေရာရယူထားကာ ပါတီများအစုအဖွဲ့မှ ဒုတိယဥက္ကဌနေရာရရှိပြီး၊ ဒုတိယဥက္ကဌသည် "Authority" ဆုံးဖြတ်ချက်ချမှု အမိန့်အာဏာမရှိနိုင်ပါပေ။ 

သို့ပေမယ်လို့ယခုအခါမှာ ပြည်သူလူထုကမဲပေးရွေးချယ်မှု (သို့မဟုတ်) ယုံကြည်ထောက်ခံမှုလွန်စွာနည်းပါးလှသော၊ သို့တည်းမဟုတ် မဲရှုံးပါတီဟုပင်ခေါ်ဝေါ်ရမလား၊ ၎င်းပါတီများမှ "UPDJC"  ၌ ဒုတိယဥက္ကဌနေရာရရေးအတွက် အပြိင်အဆိုင် တိတ်တိတ်ပုန်းစည်းရုံး အစုဖွဲ့နေကြကာ လုံးပမ်းနေကြသည်ဟု သတင်းအရင်းအမြစ်များက ဆိုနေကြပါတယ်။

ပြည်သူလူထုမနှစ်သက်သော လိုလားမှုမရှိပါသော အရေးကိုပြုမူလုပ်ဆောင်ခြင်းနှင့် အာဏာသိမ်းအဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်ရန်အတွက် နေရာလုနေကြမှုသည်။ လူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံရေးဂုဏ်သိက္ခာမရှိကြပါသော ရှက်ဖွယ်လိလိလုပ်ရပ်တွေသာဖြစ်ပါတယ်ဟု ပြည်သူအများက ဝေဘန်သုံးသပ်နေကြပါတယ်။ 

နစက အဖွဲ့သည် အပစ်အခတ်ရပ်စိုင်းရေးသာလုပ်ခွင့်ရှိပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းဖေါ်ဆောင်မှုအတွက် ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားသောအစိုးရသာလျှင်ဦးဆောင် လုပ်ဆောင်ပိုင်ခွင့်ရှိပါတယ်။ 

နဝတနှင့် နအဖအဖွဲ့တို့၏ လုပ်ငန်းစဉ်များကိုရူမြင်ကြည့်ပါ။ အရပ်ရပ်ပြည်သူများအား တရားလက်လွတ် ကြမ်းကြုတ်ရက်စက်နေမှုများကို၊
တွေ့ပင်တွေ့ငြား၊ သိပင်သိငြားသော်လည်း၊ မသိကျိုးကျွံဖြင့်၊ ၎င်းမဲရူံးပါတီများဟာ သူတို့အချင်းချင်း စမန်ခုတ် နေရာလုနေကြခြင်းသည်ကား မဲဆန္ဒရှင် အရပ်ရပ်ပြည်သူများအပေါ် မတော်တရော် မထီလေးစား ရမ်းကားနေမှုပင်ဖြစ်လို့နေပေတော့သည်ဟု ပြည်သူအများက ရူမြင်နေကြပါကြောင်း အသိပေးရေးသားလိုက်ရပါတယ်။

လေးစားလျက် 
ရွှေဟင်္သာ 
၆.၄.၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar