အန်နိုလာ - ကိုအန်နိုလာ ခင်ဗျားငရဲပြည်ရောက်ဖူးလား
(မိုးမခ) ဧပြီ ၉၊ ၂၀၂၂
အစုလိုက်အပြုံလိုက်
မုဒိမ်းကျင့်ပြီး သတ်ပစ်ခံရတဲ့ သတင်း
ခင်ဗျားမကြားရသေးခင်အထိတော့
ခင်ဗျား အိပ်တဲ့အိပ်ရာဆိုတာ
မြသလွန်နဲ့ ကတ္တီပါကော်ဇောပေါ်မှာပေါ့ ကိုအန်နိုလာ။
အစုလိုက်အပြုံလိုက်
မီးရှို့ပြီး သတ်ပစ်ခံရတဲ့ သတင်း
ခင်ဗျားမကြားရမမြင်ရသေးခင်အထိတော့
ခင်ဗျားစားနေတဲ့ ပင်လယ်စာအကင်တွေနဲ့
ဘာဘီကျူးတွေဟာ သိပ်ကို မွှေးပျံ့ရနံ့တွေ ထွက်နေမှာပေါ့ ကိုအန်နိုလာ။
ငရဲပြည်ဆိုတာ ပျော်စရာတွေကို
စက်သေနတ်နဲ့ အဆွဲခံလိုက်ရတဲ့
ဒုက္ခဝေဆာ သေချင်စရာကမ္ဘာတခုပါ ကိုအန်နိုလာ
အဟက်!...
ငရဲပြည်မှာ မြသွဲ့သွဲ့ခိုင်မရှိတော့ဘူး
ကြယ်စင်မရှိတော့ဘူး မကြည်လင်အေးမရှိတော့ဘူး
ကိုကေဇဝင်းလည်း မရှိတော့သလို
ကိုခက်သီနဲ့ အေစိုင်းကေလည်း မရှိတော့ပါဘူး
ခင်ဗျား ငရဲပြည်ရောက်ဖူးလား ကိုအန်နိုလာ။
ငရဲရဲ့တေးသံဆိုတာ
ကျမသားလေး သေပါပြီ
ကျနော့်သမီးလေး သေပါပြီဆိုတဲ့
ငိုသံတွေနဲ့ သီထားတဲ့ သီချင်းတပုဒ်ပေါ့ ကိုအန်နိုလာ
ခင်ဗျားသာ ငရဲပြည်ရောက်ဖူးရင်
ဘယ်လိုနှလုံးသားနဲ့ ဒီတေးသံကို နားဆင်မှာပါလဲ
ဒါမှမဟုတ်...
ငရဲပြည်မှာ ပုလဲသီနေမှာလား ကိုအန်နိုလာ။
နေနဲ့နီးနိုင်သမျှနီးအောင် ပျံနေတဲ့ ဖီးနစ်ငှက်တွေဟာ
အလကားသက်သက် စောက်ရူးထနေတာမဟုတ်ဘူး ကိုအန်နိုလာ
အမှောင်မြို့ရိုးတနေရာကို အလင်းရစေလိုတဲ့နှလုံးသား
သူတို့ရင်ကို မခွဲလည်း ခင်ဗျားမြင်ရမှာပါ
ငရဲပြည်က အသည်းကလီစာတွေဟာ
ကမ္ဘာကြီးရဲ့ နှလုံးသားလို အမြဲမညီမညာ။
ပွင့်စရာနေရာရှားတဲ့ သောကပန်းတွေဆိုတာ
ကျနော်တို့ ရင်ထဲမှာ ပွင့်ဝေလိုက်ကြပုံများ
အဆုပ်လိုက် အခိုင်လိုက်။
ဖမ်းစရာ လူရှားလို့
သုံးနှစ်ကျော်ကလေးလေးကိုလည်း
မူကြိုကျောင်းမှာ ဝင်ဖမ်းလိုက်ကြပုံများ
အစုလိုက် အပြုံလိုက်။
ပျော်စရာနေရာရှားလို့
ဒုက္ခဟာ ကျနော်တို့နဲ့ပျော်နေလိုက်ပုံများ
လနဲ့ နှစ်နဲ့။
ခင်ဗျားငရဲပြည် တကယ်ရောက်ဖူးရဲ့လား ကိုအန်နိုလာ
ကျနော်တို့ကတော့ ခု
ငရဲမှာ။
April 8 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar