Breaking News

အောင်စံအေး - အဖေ့တဲ မီးလောင်ခြင်း

အောင်စံအေး - အဖေ့တဲ မီးလောင်ခြင်း
(မိုးမခ) ဧပြီ ၉၊ ၂၀၂၂


ကျွန်တော်က မိသားစုထဲမှာ အငယ်ဆုံးသား။ အကို (၅) ယောက် ရှိတယ်။ ကျွန်တော့်ကို အမေနဲ့အဖေက တခါမျှမရိုက်ခဲ့ဘူး။ အမေကတော့ အထွေးဆုံသားမို့တော်တော်ချစ်ရှာတယ်။ ကျွန်တော်ရန်ကုန်မှာကျောင်းတက်တော့ မျက်ရည်လေးစမ်းစမ်းနဲ့ လိုက်ပို့ရှာတယ်။ ကျွန်တော်လုပ်သမျှ ဘယ်တော့မှ မကောင်းမပြော၊ မကြိုက်ရင် တောင် ချိုချိုသာသာ ပြောလေ့ရှိလို့ ကျွန်တော်ကလည်း အမေကို သိပ်ချစ်ခဲ့တယ်။ အမေက ရွာနီးချုပ်စပ်အလှုမင်္ဂလာဆောင်ရှိရင် ကျွန်တော့်ကိုအမြဲခေါ်သွားတတ်တာလည်းပါမှာပေါ့လေ။ ကျွန်တော်တို့ညီကိုတွေစကားများတာမျိုး တခါနှစ်ခါကြုံဘူးပေမဲ့ ခိုက်ရန်ဖြစ်တာမျိုးတော့ တခါမှမကြုံခဲ့ဘူး။ သေစာရှင်စာလောက်တတ်တဲ့အမေက ဘယ်လိုများသင်ကြားခဲ့သလဲဆိုတာ ကျွန်တော်သားသမီးရတော့ အံ့သြမဆုံးဖြစ်ရတယ်။ 

အဖေကတော့ ဘုန်းကြီးလူထွက်ပြောရမလားမသိ။ ရဟန်းတက်ခါနီးမှ အဘိုးဆုံးလို့ လူထွက်ခဲ့ရသူ။ ကိုရင်ဘ၀က ရန်ကုန်မှာစာသင်တယ်လို့ ပြောဘူးတယ်။။ အဖေက တခါတလေ အင်္ဂလိပ်ခေတ် ကုလားဗမာအဓိကရုန်းပြောပြတတ်တယ်။ အဲဒီတုန်းက ဘုန်းကြီးတချို့ ထုံးအိုးကြီးတွေကိုမန်း လမ်းဆုံလမ်းခွမှာချပြီး ကုလားရိုက်မဲ့လူတွေကို ကျွေးသတဲ့။

အဖေ့ကြောင့် ဗုဒ္ဒဘာသာပုံပြင်တွေကျွန်တော် သိခဲ့ရတာ။ ဒါက ငယ်ငယ်က။ နည်းနည်းလေးကြီးလာ အတန်းစာလေးနည်းနည်းတတ်တော့ အဖေပြောတာတွေကို ဆန့်ကျင်လာတယ်။ ကျွန်တော်က နမော်နမဲ့သမား။ အဖေအမြဲပြောလေ့ရှိတာကတော့ မင်းတော်တော်နမော်နမဲ့နိုင်တဲ့ ကောင်တဲ့။ ဒါကြောင့်အဖေနဲ့ သိပ်အဆင်မပြေဘူး။ အဖေကို တခါတခါ စကားလှန်ထိုးတတ်တဲ့ကျွန်တော့်ကို အဖေက မင်းက လူလိုနားမလည်ဘူး လူနို့မသောက်ပဲ နွားနို့သောက်ကြီးခဲ့တဲ့ကောင်လို့ ပြောတတ်တယ်။ ကျွန်တော့်ကိုမွေးတော့ အမေက (၄၅) နှစ်နို့မထွက်တော့လို့ ပြည်သူ့ဆိုင်ကနို့မှုန့်၀ယ်ပြီး အဖေက ဖျော်တိုက်ခဲ့ရသတဲ့။ ဒါပေမဲ့ ကျွန်တော်မှတ်မိတာက နို့မထွက်တဲ့အမေ့နို့ပိန်ကြီးကို ကျွန်တော်(၈)နှစ်သားလောက်အထိ စို့ခဲ့တာပါပဲ။ ဆိုပါစို့ ... ကျွန်တော်ထင်ခဲ့တာက အဖေကျွန်တော့်ကိုသိပ်မချစ်ဘူးပေါ့။

အကိုတွေကလဲ ညီအငယ်ဆုံးကိုရိုက်နှက်ဆုံးမတာမျိုးမရှိခဲ့။ ကျွန်တော်တို့ညီကိုတွေကို တကယ်အုပ်ချုပ်တာက အကိုကြီး။ အဖေ၊ အမေနဲ့ စိတ်ကောက်ပြီးထမင်းမစားပဲနေရင်တောင် အကိုကြီးက ညီလေးလာစားဆိုရင် တခွန်းမှပြန်မဟရဲ။ မျက်ရည်သုတ်နှပ်သုတ်ပြီး ထမင်းဝိုင်း၀င်ထိုင်ပြီး စားရတာပဲ။အဲ ကျွန်တော့်အကိုတွေက ကျွန်တော့်ကို အငယ်ဆုံးလေးဆိုပြီး အလိုလိုက်လိမ့်မယ်တော့ မထင်ပါနဲ့။  တောအရပ်ဆိုတော့ လေး၊ ငါး၊ ခြောက်နှစ်သားဆို နိုင်တဲ့တာ၀န်ယူရတာပဲ။ ဂေါ်ဖီခင်းမှာ ကျောင်းပိတ်ရက်မြက်နှတ်ရတာမျိုးပေါ့။

ကျွန်တော့်ရဲ့နမော်နမဲ့နိုင်မှုကြောင့်(၈)တန်းမှာ တခါကျတယ်။ ကျမှာပေါ့(၈)တန်းဖြေတော့ ရွှေတောင်မှာဖြေရတယ်။ အဲဒီနှစ်က အဖေလိုက်ပို့တာ။ သိပ္ဗံဖြေမဲ့နေ့ကျမှ စာအုပ်ပါမလာမှန်းသိတော့တယ်။ သိတဲ့အတိုင်း ဘယ်သူကမှမငှား။ စာမေးပွဲဖြေခါနီးမှ စာကျက်တတ်တဲ့ တပွဲထိုးသမားကျွန်တော် ဖုံးခနဲကျပါတော့တယ်။

ကျွန်တော့ မိသားစုက တခြားတောသူတောင်သားတွေလိုပဲ ဆင်းရဲကြတော့ ကျွန်တော်အကိုကြီးတွေက အဲဒီခေတ်က လေးတန်းစကောလားရှစ်ရပေမဲ့  ကျောင်းဆက်မတက်နိုင်ခဲ့ကြဘူး ။(၄)တန်းအောင် ကျောင်းထွက်၊ နွားကျောင်း တနှစ်၊ နှစ် နှစ်လောက်ဆို ထွန်ကိုင်၊ ထယ်ကိုင်စပြီးသင် ပြီးရင် လယ် သမားလုပ်ကြရတာပါပဲ။ အဲကျွန်တော်တို့အငယ်နှစ်ယောက်ကိုတော့ ပညာတတ်အောင်သင်ပေးမယ်လို့ဆုံးဖြတ်ခဲ့ကြတယ်။ ဖြစ်ချင်တော့ ကျွန်တော် အထက်က အကို(၇)တန်းရောက်တဲ့နှစ်မှာ ဦးသန့်အရေးအခင်းဖြစ်။ ကျောင်းတွေအကြာကြီးပိတ်၊ အမ၀မ်းကွဲတယောက်က အဲဒီအချိန် စာပေးစာယူ စာမေးပွဲဖြေပြီးရန်ကုန်ကပြန်လာတော့ ကျောင်းသားတွေအသတ်ခံရတာတွေဘာတွေ သိပြီး အကိုလေးက ကျောင်းအပြီးအပိုင်ထွက်လိုက်ပါတယ်။

ကျွန်တော်တို့အငယ်နှစ်ယောက်ကို ကျောင်းထားပေမဲ့ စည်းကမ်းချက်တခုတော့ထားပါတယ်။ တနှစ်တတန်းအောင်ရမယ်။ ကျရင် ထွက်တော့။ 

ကျွန်တော်ရှစ်တန်းကျတော့ ပွဲကသိမ်းနေပါပြီ။ ဒါပေမဲ့ အမေကမိသားစုတခုလုံးအစည်းဝေးလုပ်ပြီး ကျွန်တော့်ကိုကျောင်းပြန်ထားပေးဖို့ ပြောပါတယ်။ အစည်းဝေးအကြောင်းမပြောခင် ကျွန်တော့်အရည်အချင်း နည်းနည်းပြောပါ့မယ်။ 

ကျွန်တော်က တောမှာနေပေမဲ့လယ်မထွန်တတ်ပါ။ ကျွန်တော်တတ်တာဆိုလို့ မြက်ရိတ်၊ ကောက်ရိတ်ပဲအဖြစ်ရှိခဲ့ပါတယ်။ တနေ့ အကိုကြီးခေါ်လို့ ကောက်လှိုင်းတိုက် လိုက်သွားပါတယ်။ ကျွန်တော်က ကောက်လှိုင်းတွေကို အပေါ်ပစ်တင်ပေးရပါတယ်။ လှည်းပြည့်တော့ ကြိုးနဲ့ ကောက်လှိုင်းတွေပြုတ်မကျေအောင်ချည်တုတ်ရပါတယ်။ လှည်းပေါ်ကအကိုကြီးက ကြိုးကိုပစ်ချပေးပြီး လှည်းပန်းတောင်းလုံးမှာ ချည်ဖို့ပြောပါတယ်။ လှည်းပန်းတောင်းလုံးဆိုတာ လှည်းဘီးဗဟိုချက်အဝိုင်းဘုလုံးကြီးပါ။ ကျွန်တော်ကမသိတော့ လှည်းပန်းတောင်းလုံးရှာနေပါတယ်။ အကိုကြီးကမဆူပဲ သူ့ဘာသာလှည်းပေါ်ကဆင်းပြီးချည်လိုက်ပါတယ်။ အိမ်ပြန်ရောက်တော့ မိသားစုထမင်းဝိုင်းမှာ အကိုကြီးကမရယ်စဖူးတဟားဟားရယ်ရင်း အမသားတော့ ပညာတတ်အောင်သင်ပေးပေတော့။ ဒီကောင်လှည်းပန်းတောင်းလုံးတောင်မသိတဲ့ကောင် တောမှာဘာမှလုပ်စားတတ်မှာမဟုတ်ဘူးပြောလို့ တအိမ်သားလုံးပွဲကျခံခဲ့ဘူးပါတယ်။ အဲဒီလောက် ပတ်၀န်းကျင်လေ့လာမှုအားကောင်းတာပါ။

ဒါနဲ့ ကျွန်တော့်ကိုကျောင်းပြန်ထားရေးအစည်းဝေးမှာအမေ့အဆိုအောင်မြင်ပြီး ကျွန်တော်ကျောင်းပြန်တက် ခွင့်ရပါတယ်။ ဒါပေမဲ့ အားလုံးကဆုံးမစကားဆိုကြပါတယ်။ အမေကတော့ မင်းကိုအကိုတွေကငဲ့ညှာပြီးကျောင်းပြန်ထားတာဖြစ်လို့ နောက်တခါခြေချော်လက်ချော်မဖြစ်ဖို့ သတိပေးပါတယ်။ အဖေကတော့ နမော်နမဲ့နိုင်တာကိုမပြင်ရင် မင်းဒုက္ခရောက်မယ်လို့ သတိပေးပါတယ်။ အကိုကြီးက ကျောင်းပြန်နေရပေမဲ့ အရွယ် ရောက်ပြီဖြစ်လို့ နွားစာကျွေးတာ၊ နွားစာရိတ်တာတွေ၊ နွားခြံရှင်းတာတွေ တာ၀န်ယူရမယ်လို့ပြောပါတယ်။ အကိုလတ်တယောက်ကတော့ ဟေ့ဟိုမှာတွေ့လား ဇီးသားတံပိုးနဲ့ ဝါးတံပိုး (ရိုက်ဖို့ပြောတာမဟုတ်ပါ)ကြိုက်တာရွေး မင်းဒီတခါကျရင်တော့ မြက်ထမ်းဖို့၊ ရေထမ်းဖို့သာပြင်ပေတော့တဲ့။ နောက်အကိုတယောက်ပြောတာကတော့ မင်းက အိမ်မှာစာအတတ်ဆုံး၊ အဲဒီတော့ မင်းကိုစာကျက်ပါလို့ ငါတို့မပြောနိုင်ဘူး၊ မင်းလိမ်ပြီးဖတ်နေရင် ငါတို့သိမှာမဟုတ်ဘူး။ ဒီတော့ မင်းဘာသာတာ၀န်ယူတဲ့။ နောက်အကိုတယောက်ကတော့ မင်းကျောင်းမှာဘာဘာညာညာ ဖြစ်လို့ငါတို့မလိုက်နိုင်ဘူး၊ ငါတို့အားနေတာမဟုတ်ဘူး၊ ကျောင်းပြဿနာ ကျောင်းမှာပဲရှင်းခဲ့လို့ဆိုပါတယ်။ ကျွန်တော်ငယ်ငယ်က ရန်တော်တော်ဖြစ်ပါတယ်။

ကျွန်တော် (၉-၁၀) တန်းရောက်တော့ ကျွန်တော်တို့ရွာတွေမှာ သိပ်ကျပ်တည်းကြတယ်။ ကျွန်တော်တို့မိသားစုလဲ ကျပ်တည်းတဲ့အထဲပါတာပဲ။ ပြီးတော့ အကိုလတ်တယောက်ကလဲအိမ်ထောင်ပြုတော့ ဗူးလေးရာဖရုံဆင့်ဖြစ်တာပေါ့။ အကိုအကြီးဆုံးက အိမ်ထောင်ခွဲ။ အိမ်ကလယ်လုပ်ဖို့တော့ ဒုတိယအကိုက တာ၀န်ယူရတယ်။ တတိယအကိုက အိမ်ထောင်ကျတယ်။ ကျန်အကိုနှစ်ယောက်က ဦးလေးတွေထံမှာ စာရင်းငှားလုပ်ကြတယ်။ အိမ်မှာ သူတို့လုပ်စရာ လယ်မှမရှိတာ။ 

ကျွန်တော် (၁၀) တန်းနှစ် ဆောင်းရာသီ ဂေါ်ဖီချိန်မှာပါ။ ကျွန်တော်တို့အရပ်က လယ်လည်းလုပ်၊ ဆောင်းတွင်းဆို ခြံမှာ ဂေါ်ဖီစိုက်ကြပါတယ်။ ကျွန် တော်နဲ့ဒုတိယအကိုက အိမ်မှာနေလို့ ကျွန်တော်တို့နှစ်ယောက်တွဲအလုပ်လုပ်ရပါတယ်။ သူ့နာမည်အရင်းရှိပေမဲ့ဗိုက်ကြီးလို့ပဲ ခေါ်ကြပါတယ်။ သူက ရွာ နီးချုပ်စပ်အထိ အတော်သန်တဲ့လူလို့ အမည်ပေါက်ပါတယ်။ နှစ်တင်း၀င်ဆန်အိတ်ကို ကိုယ်တိုင်ကျောပေါ်တင်ပြီး အလွယ်ထမ်းပိုးနိုင်သူပါ။ သူက တနေကုန်တနေခမ်း တောင်ယာမှာပဲနေပါတယ်။ ကျွန်တော်က ညနေသုံးနာရီကျောင်းဆင်းတာနဲ့ အိမ်မှာ အမေအသင့်ချက်ပြုတ်ထားတဲ့ ထမင်း၊ ဟင်းတွေယူပြီးတောင်ယာသွားရပါတယ်။ တောင်ယာရောက်ရင် လွယ် အိတ်နဲ့ဆိုင်းထမ်းကိုချလို့ကိုဗိုက်ကြီးကို ကူရပါတယ်။ ရေလောင်းကူရတာပါ။ ရေထမ်း(၅၀) လောက်ကူပြီးရင် နေလည်း၀င်ပြီ။ တနေကုန်လုပ်စရာတွေသိမ်းစီးပြီး ညီကိုနှစ်ယောက် အတူစားကြပါတယ်။ ထမင်းက နို့ဆီဗူးခြောက်လုံးချက်ပါ။ ထမင်းကျန်တယ်လို့ ဘယ်အခါမှမရှိပါ။ အလုပ်ကြမ်းလုပ်ကြရလို့ အလွန်စားနိုင်ပါတယ်။ တခါတလေ တပြည်ချက်ကို  ညီလေးရေရှင်းလိုက်ရအောင်ဆိုရင် ပြတ်တော့တာပါပဲ။ ထမင်းစားပြီး အများအားဖြင့် ကိုဗိုက်ကြီးက အိပ်ရာ၀င်ပါတယ်။ ကျွန်တော်က စာကျက်ရပါတယ်။ အလုပ်တွေပင်ပန်းပေမဲ့ တောမှာမနေချင်ပဲ ရန်ကုန်မှာ ကျောင်းတက်ချင်လွန်းလို့ ကြိုးစားတာပါ။ စာကြည့်စရာရေနံဆီက တခါတလေကုန်နေတတ်လို့ လရောင်နဲ့ ဒါမှမဟုတ် မီးဖိုပြီးကြည့်ရပါတယ်။

ည(၁၀)နာရီကျေ ာ်အိပ်ရာ၀င်ပါတယ်။ မနက်ကျတော့ နှစ်နာရီခွဲသုံးနာရီလောက် အုံးမောင်းခေါက်သံကြားရင် အိပ်ရာထကြပြီး ဂေါ်ဖီရေစလောင်းပါတယ်။ဆောင်းတွင်းမနက်စောစောရေလောင်းရတဲ့ ဒုက္ခကမသေးပါ။ ရေတွင်းထဲဆင်းတဲ့အခါ အေးတာအပြင် မှောင်နေလို့ လှေကားထစ်ကချော်ကျမဲ့ အန္တရယ်လဲ သတိထားရပါတယ်။ ဒါပေမဲ့ ကိုယ်လိုပဲ ဟိုဘက်ကုန်းဒီဘက်ကုန်းက သီချင်းသံတကျော်ကျော်နဲ့ ရေလောင်းနေသူတွေအသံက ကြားနေရပါပြီ။ ကိုယ်တွေကလဲ ပြန်ဟစ်အသံပေးကြပါတယ်။ ရေလောင်းရင်းသီချင်းဆိုတယ်ဆိုတာ အနည်းဆုံး ဂေါ်ဖီရေလောင်းသက် တစ်နှစ်ရှိသူမှ ဆိုနိုင်တာပါ။ ရေအပြည့်နဲ့ ရေထမ်းပုံးထမ်းရင်း၊ ရေးပန်းနှာတံကို ထိမ်းရင်း၊ ကိုယ်လောင်းရမဲ့အတိုင်းအဆကို တွက်ရင်းလုပ်ရတာမို့ပါ။

ကျွန်တော်မှာ နာရီမရှိပါ။ ဒါပေမဲ့ အရှေ့ကနေ၀န်းထွက်လာတာနဲ့ ကျွန်တော်ရေလောင်းရာကရပ်ပြီး လွယ်အိတ်လွယ်၊ ဆိုင်းထမ်းသယ်လို့ ရွာကိုပြန်ရပါတယ်။ အိမ်ပြန်ရောက်တော့ နွားတွေထုတ်၊ နွားချေးသိမ်း၊ လူချိုးဖို့၊ နွားတွေ ရေသောက်ဘို့ ရေအကုန်ဖြည့်ရပါတယ်။ နွားစာလည်းထည့်ပြီးကျွေးရပါတယ်။ ညပိုင်းတော့ အဖေဖြစ်စေ၊ အမေဖြစ်စေ နွားစာ ကျွေးထားပြီးသားပါ။ ပြီးမှ အမေကျော်ထားတဲ့ ထမင်းကျော် တ၀တပြဲစား။ 

ထမင်းထုပ်ကြီးကိုအင်ဖက်နဲ့ထုပ်လို့ ကျောင်းကိုလစ်ရပါတယ်။ ကျောင်းနဲ့ရွာက တမိုင်ကျော်ကျော်ဝေးပါတယ်။ ရွာနဲ့တောင်ယာကလဲ တမိုင်လောက်ဝေးပါတယ်။ ညနေကျောင်းကပြန်ရင် တောင်ယာသွား။ ဒါတနေကုန်လည်ပါတ်နေရတာပါ။

ကျွန်တော်တို့စံမြန်းရာ ယာယီနန်းကိုပြောပါအုံးမယ်။ ဂေါ်ဖီချိန်လေးမှာပဲစတည်းချတာဖြစ်လို့ တဲက ရိုးပြတ်မိုး ရိုးပြတ်ကာ ရိုးပြတ်ခင်းထားပါတယ်။ တဲရဲ့တ၀က်ကမြေပြင်ပါ။ ရေထမ်းပုံးတွေနဲ့ ပေါက်ပြားပေါက်တူး စတာတွေထားပါတယ်။ တခြမ်းကိုတော့ အောက်ခံဝါးကြမ်းခင်းအပေါ်မှာ ရိုးပြတ်ခင်း၊ ပြီးမှ နှီးချောဖျာခင်းပြီး အိပ်ကြတာပါ။ တတ်နိုင်သူတချို့တလေကတော့ တော်တော်ခိုင်ခိုင်ခန့်ခန့်လုပ်တာရှိပါတယ်။ သူတို့တွေက တနှစ်လုံးနီးပါးသုံးကြတာပါ။

တနေ့မှာ ကျွန်တော်က ရေနံဆီမီးခွက်နဲ့ စာကြည့်ပါတယ်။ ခါတိုင်းလိုပဲ ည (၁၀) နာရီလောက် အိပ်ဖို့ပါ။ အဲဒီညက သောကြာညပါ။ နောက်တနေ့ကျွန် တော်အိမ်ပြန်စရာမလိုပဲ အဖေက ထမင်းကြမ်းလာပို့နေကြပါ။ အဲဒီညက ကျွန်တော်အပင်ပန်းလွန်တာရယ် ထုံးစံအတိုင်း နမော်နမဲ့နိုင်တာရယ်ကြောင့် အိပ်ပျော်သွားပြီး ရေနံဆီမီးခွက်က တဲကို မီးဆွဲပါတော့တယ်။ ကံကောင်းချင်တော့ ကျွန်တော်ဖျတ်ခနဲလန့်နိုးပြီး မီးလောင်တာသိလိုက်ပါတယ်။ ကိုဗိုက်ကြီးကို အမြန်နှိုးရပါတယ်။ ကျွန်တော်တို့ပထမဆုံးလုပ်တာကတော့ ရေထမ်းပုံးတွေ၊ စောင်တွေ အရင်အပြင်ထုတ်၊ ရေတွင်းရှိရာကို အမြန်ပြေး၊ ရေသယ်ပြီး မီးငြိမ်းဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ တဲကလေးပြာကျသွားပါတယ်။ 

ကျွန်တော်အတော်၀မ်းနည်းသွားပါတယ်။ ကျွန်တော်ကြောင့်ဖြစ်ရတာမို့ပါ။ ပြီးတော့ မနက်အဖေလာရင် ဘယ် လိုမျက်နှာပြရမယ်မှန်းမသိလို့ပါ။ နဂိုကတဲက ကျွန်တော့်ကို နမော်နမဲ့သမားလို့ ပြောထားလို့ပါ။ ဒါပေမဲ့ ဒီတခါတော့ အဖေပြောတာကို ကျေကျေနပ်နပ်ခံမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီလိုလုပ်လိုက်မှ ကျွန်တော်စိတ်နည်းနည်းသက်သာမယ်လို့ထင်ထားလို့ပါ။ ကိုဗိုက်ကြီးကတော့ ဘာမှမပြောပါ။

မနက် (၈)နာရီလောက်မှာ အဖေဆိုင်းထမ်းနဲ့ရောက်လာပါတယ် တဲလေးပြာကျနေတာ အဝေးကတဲက သူမြင်မှာပါ။ အနားရောက်တော့ ကျွန်တော်က ခပ်လှမ်းလှမ်းက အဖေ့ကိုပေစောင်းပေစောင်းကြည့်နေပါတယ်။ အဖေက ကိုဗိုက်ကြီးနဲ့စကားပြောနေပါတယ်။ ကျွန်တော်ဆီလာပြီး အဖေ အပြစ်တင်စေချင်လှပါပြီ။ ကျွန်တော့ရင်တွေလည်း တဒိတ်ဒိတ် ခုန်နေပါတယ်။

အဖေအနားရောက်လာပါတယ်။ ခါတိုင်းလို မဟုတ်ပါ။ ထူးထူးခြားခြား အဖေအသံက ကြင်နာနေတယ်ထင်မိပါတယ်။ 

 "ညကမီးလောင်တာထင်တယ်။ စာကျက်တဲ့အခါ သတိထားမှပေါ့" 

 "ဟုတ်ကဲ့အဖေ ကျွန်တော့်ကြောင့်ပါ " 

 "အေး…ဒါပေမဲ့ ..မင်း ..အဲဒါနိမိတ်ကောင်းပဲကွ မင်းထွန်းတောက်မဲ့နိမိတ်ပဲ" 

 "မင်းဒီနှစ် (၁၀) တန်းနှစ်ချင်းပေါက်အောင်လိမ့်မယ်"

အဖေပြောသမျှ ထော်လော်ကန့်လန့်တိုက်တတ်တဲ့ကျွန်တော် သည်တခါ အဖေပြောတာ အမှန်ပဲဖြစ်မယ်လို့ယုံကြည်စိတ်၀င်သွားခဲ့ပါတယ်။ အဲဒီနှစ် ကျွန်တော်(၁၀)တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ပါတယ်။

အောင်စံအေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar