Breaking News

ဖိုးကျော် - ဖုတ်ကောင်ရောက်လာပြီးတဲ့အခါ...


ဖုတ်ကောင်ရောက်လာပြီးတဲ့အခါ...
ဖိုးကျော်
(မိုးမခ) ဧပြီ ၂၇၊ ၂၀၂၂

ကြံစိုက်တဲ့တောင်ယာက မြို့လေးနဲ့အတော်လှမ်းတယ်။ အဖေနဲ့အတူ ကြံခင်းထဲကိုလိုက်သွားကာစညတွေမှာ အိပ်လို့ပျော်ခဲ့တယ်။ သစ်ရွက်တွေ၊ ဝါးရွက်တွေကိုလေတိုးတဲ့အသံတရှဲရှဲဟာ တကယ့်ကိုဂီတသံပဲ။ ဒါပေမဲ့ အဲ့ဒါဟာ ခဏပဲကြာခဲ့တယ်။ နောက်ပိုင်းမှာတော့ သစ်ရွက်လေတိုးသံ၊ ဝါးရွက်လေတိုးသံတွေကြားရရင် စိတ်ထဲမှာထင့်ခနဲဖြစ်ပြီး နားကိုတအားစွင့်နေမိတယ်။ တောရိပ်တောင်ရိပ်ရဲ့ အေးမြမှုနဲ့သစ်ရွက်ဝါးရွက်တွေ သူတို့ချင်းထိခတ်ရာက ထွက်လာတဲ့သာယာနာပျော်ဖွယ်ဂီတသံဟာ အဘိုးကြီးတယောက်ကို မြင်ခဲ့ရတဲ့နောက်ပိုင်းမှာ ပျက်စီးသွားခဲ့ရတယ်။ 

ပတ်ဝန်းကျင်ရဲ့အလှအပနဲ့အေးချမ်းမှုလေးတွေဟာ အိုမင်းရွတ်တွနေတဲ့ လူကြီးတယောက်ကြောင့်ပျက်စီးကုန်ပြီ။ 

အဖေပြောဖူးတယ်။ သူတို့ငယ်ငယ်တုန်းက သူတို့ရွာကို ဓားပြခဏခဏတိုက်တယ်တဲ့။ လွတ်လပ်ရေးရပြီးကာစ ၁၉၅၀ ခုနှစ်ပတ်ဝန်းကျင်တွေဆိုတော့ ကူမင်တန်တပ်တွေကျန်ထားခဲ့တဲ့သေနတ်တွေကလည်း ပေါတယ်တဲ့။ အင်္ဂလိပ်တွေဆုတ်ပြေးကြတုန်းကလည်း ဧရာဝတီမြစ်ထဲမှာ ဖောက်ခွဲနစ်မြှုပ်ကာနီး သင်္ဘောတွေပေါ်ကို လူတွေကစွန့်စွန့်စားစား တက်ကြတယ်။ တချို့ဆို စီးပွားဖြစ်ရောင်းစားလို့ရတဲ့အထိကို သေနတ်တွေအပုံလိုက်အစည်းလိုက် ရသွားကြတာတဲ့။ 

အဲဒီတော့ တကိုယ်တော်ဓားပြတဲ့၊ ငါးယောက်အုပ်စု ဓားပြအဖွဲ့တဲ့၊ လုပ်သေနတ်ဓားပြအဖွဲ့တဲ့...အဖေပြောပြဖူးတဲ့ဓားပြအဖွဲ့တွေ မနည်းမနောပဲ။ အဖေကတော့ ဓားပြတွေကိုကျေးဇူးတင်တယ်တဲ့။ ဓားပြတွေကြောင့် အဖေတို့က မြို့ပေါ်ပြောင်းလာဖြစ်ကြတာလို့ ပြောပြတယ်။ ဟုတ်တာပေါ့။ မြို့ပေါ်ရောက်လို့ အမေနဲ့ညားရတာကိုး...လို့ တွေးမိသေးတယ်။ ဓားပြတွေက ဘယ်နေ့မှာ ဘယ်လိုပုံနဲ့လာတိုက်မယ်မှန်းလည်းမသိကြတော့ တရွာလုံးက နေ ဝင်ပြီဆို ကြောက်လန့်နေကြရောတဲ့။ အရက်ပုန်းဆိုင်လည်း ခပ်စောစောသိမ်းရလို့ရောင်းမကောင်း။ "မြန်မြန်မြိုပြီး မြန်မြန်ပြန်..နင့်ပထွေးတွေက ဘယ်အချိန်လာမယ် ပြောမထားဘူး"လို့ ဆိုင်ပိုင်ရှင်ချစ်ထွားက အရက်သမားတွေကို ပြောမောင်း မောင်းရတာတဲ့။ ရွာက စိုးရိမ်ကြောက်လန့်စိတ်က နွားတွေတောင်အစာမဝဘူး။ ညနေဆို နေချိုတာနဲ့ စားကျက်ကနေပြန်ကောက်ကြရတာတဲ့။ ဓားပြတွေက နွားတွေ့လည်းနွားဆွဲသွားပြီး  ပြန်ပေးလုပ်ကြသေးတယ်တဲ့။ ကြုံသလိုညားသလို ဆိုးသွမ်းကြတဲ့ဓားပြတွေအကြောင်းကြားရတော့ ရယ်တောင်ရယ်ချင်မိတယ်။ အဖေက တည်တည်ကြီးနဲ့ပြောနေတော့လည်း ကျနော့်မှာ လက်မကိုကိုက်ထားလိုက်ရတယ်။

တကယ်တော့ အဖေနဲ့ကျနော်က ကြံခင်းလုပ်နေကြတာပဲလေ။ သေနတ်တွေအကြောင်း ပြောကြဆိုကြဖို့အကြောင်းကိုမရှိပါဘူး။ ကျနော်တို့သားအဖ ပြောသင့်တာက ကြံပေါင်းလိုက်ဖို့၊ နေ့စားအလုပ်သမားငှားဖို့၊ တောင်စောင်းဖက်မှာ ငှက်ပျောတွေတန်းစီပြီးချထားဖို့၊ ငှက်ပျောတွေနဲ့အတူ နှစ်ရှည်အတွက် သရက်မျိုးကောင်းကောင်းတွေကိုလည်း ချထားဖို့ဆိုတဲ့လုပ်ငန်းအကြောင်းကိုပဲ ပြောနေသင့်ကြတာပါ။

ဒါပေမယ့် သေနတ်အကြောင်းက ပြောဖို့ဖြစ်လာတယ်။ 

တနေ့က ကြံခင်းထဲမှာ ကျနော်တယောက်တည်း ရှိနေခဲ့တယ်။

​သကာရည်(ပွက်ရည်)ချက်ချိန်ကျရင်မီးထိုးဖို့ ကျွန်းတုံးတွေကို ခွဲနေခဲ့တယ်။ကျွန်းပင်ခြောက်တွေကို ၂ ပေကျော်ကျော်ဖြတ်ထားတော့ ပေါက်ဆိန်နဲ့ထုလိုက်တိုင်း ခွမ်းခနဲခွမ်းခနဲ ကွဲထွက်ကုန်တာ။ အဲသည်အသံနဲ့ပဲ လူကလည်း မမောနိုင်မပန်းနိုင် ဆက်တိုက်ကြီးအလုပ်ထဲနစ်နေတယ်။ ပေါက်ဆိန်ရိုးကျွတ်သွားတော့မှ ကျွန်းတုံးတွေပေါ်ထိုင်ချရင်း သပ်ပြန်ထဲ့နေတယ်။ အဲသည်အချိန်မှာ ကျောထဲက စိမ့်ခနဲ ခံစားလိုက်ရတယ်။ ကျနော့်နောက်ကျောဖက်ကနေ တယောက်ယောက်ကကြည့်နေသလိုမျိုးခံစားလိုက်ရလို့ ဖျတ်ခနဲလှည့်ကြည့်လိုက်မိတယ်။ ခေါင်းပေါင်းပေါင်းထားပြီး မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေ ဆွတ်ဆွတ်ဖြူနေတဲ့အဘိုးကြီးတယောက်ဟာ ကျနော့်ကိုကြည့်နေတယ်။ ကြည့်နေတာမှ ကျနော့်မျက်လုံးတွေကို စိုက်ကြည့်နေတာ။ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပေမဲ့ ပေါက်ဆိန်ရိုးကိုခပ်တင်းတင်းဆုပ်ထားရင်း သူ့မျက်လုံးတွေကို ပြန်ကြည့်နေလိုက်တယ်။ ကျနော် သူ့ကိုတခါမှ မမြင်ဖူးဘူး။

"မင်းက ဦးကိုလေးရဲ့သားလား"
အရယ်အပြုံးမပါပဲ၊ ကိုယ်ခန္ဓာလှုပ်ရှားမှုမရှိပဲ သူ့ဆီကစကားသံထွက်လာတယ်။ သူက ပါးစပ်ပွင့်ရုံလေးပြောပေမဲ့ အသံက ရေခဲလိုအေးစက်စက်နဲ့။ ပြီးတော့ ကျနော့်ကိုယ်ခန္ဓာကို သူ့အသံကဖြတ်ထွက်သွားသလိုမျိုးကြီး။
"ဟုတ်တယ်..ဘာဖြစ်လို့လဲ"
စိတ်ထဲမှာရွံ့သွားပေမဲ့ ဘယ်ခြေရှေ့ထုတ်ပြီး ခပ်တင်းတင်းပြန်မေးလိုက်တယ်။ အဘိုးကြီးရဲ့ဥပဓိမြင်လိုက်ရပြီးတော့ ကျနော့်စိတ်ထဲမှာ သက်ကြီးရွယ်အိုတယောက်လို့မခံစားရဘဲ မိစ္ဆာတကောင်လို့ခံစားမိနေတာ။ လက်ထဲကပေါက်ဆန်ရိုးကိုလည်း ညာဖက်လက်ဖဝါးကိုခပ်လျော့လျော့ထားရင်း ဘယ်လက်နဲ့ တင်းတင်းအုပ်ပြီး ကိုင်ထားလိုက်တယ်။ အဘိုးကြီးက ကျနော့်မျက်လုံးကိုကြည့်နေရာကနေ လက်တွေကိုပြောင်းကြည့်တယ်။ ကျနော့် အဲသည်အဘိုးကြီးဆီကနေ အနံ့တခုကိုခံစားလိုက်ရတယ်။ သက်ကြီးရွယ်အိုတယောက်ရဲ့အနံ့အသက်မဟုတ်ဘူး မိစ္ဆာတကောင်ရဲ့ အနံ့မျိုးပေါ့။ ညှီစို့စို့နဲ့။ ပြောရမယ်ဆို မနုဿသွေးညှီနံ့တွေ ရနေသလိုပဲ။

"အဘိုးက ရေနွေးသောက်မလို့ကွ။ ဦးကိုလေးမရှိဘူးထင်တယ် ပြန်တော့မယ်"

ကျနော်က သူ့ကိုမဖိတ်ခေါ်ဘူး။ သူ့ဆီကထွက်နေတဲ့အနံ့အသက်ကြောင့် မဖိတ်ခေါ်တော့တာ။ "ထိုင်ပါဦးခင်ဗျ၊ နားပါဦးခင်ဗျ " ဆိုတဲ့ အပိုဆာဒါးစကားတွေနဲ့ခရီးဦးကြိုပြုဖို့ဆိုတာမျိုးကိုတော့ ဝေးစွပေါ့။

ပြန်လှည့်ပြီး လာလမ်းအတိုင်းပြန်သွားတဲ့ အဘိုးကြီးနောက်ကျောကိုလှမ်းကြည့်လိုက်တော့ အသွားတဝင်းဝင်းနဲ့ဓားမတလက်ကို ပုဆိုးမှာ လိမ်ထိုးထားတယ်။ သူလမ်းလျှောက်သွားပုံက ထူးဆန်းနေပြီး ဟန်ချက်မညီလို့သေချာကြည့်လိုက်တော့ သူ့ဘယ်လက်တဖက်က မလှုပ်မရှားနဲ့တွဲလောင်းကြီး။

ထင်းခွဲတာရပ်လိုက်ပြီး ဆေးပေါ့လိပ်ဖွာရင်း အဖေ့စက်ဘီးသံကို နားစွင့်နေလိုက်တယ်။ အဖေ ပြန်လာစေချင်ပြီ။ ကြံခင်းစောင့်တဲလေးနေရာက ကြည့်လိုက်ရင် အဖေလာခဲ့မယ့်လမ်းကိုမမြင်ရပေမဲ့ အဖေ့စက်ဘီးသံကို ကြားနိုင်တယ်။ အတော်လေးမှောင်မှ အဖေရောက်လာတယ်။ သားအဖနှစ်ယောက် ညစာထမင်းစားကြရင်း အဘိုးကြီးရောက်လာတဲ့အကြောင်း ကျနော်ပြောလိုက်တယ်။ "အဖေက ရေနွေးလာသောက်တာနေမယ်၊ တဲထဲ ဝင်ထိုင်သေးသလား" ဆိုပြီး ကျနော့်ကိုမေးတယ်။

"မထိုင်သွားဘူး။ကျနော်ကလည်း ထိုင်ပါဦးလို့ မပြောလိုက်ဘူး" လို့ ပြောလိုက်တယ်။

အဖေက "ဘာဖြစ်လို့လဲ" လို့ ကျနော့်ကိုမေးတယ်။

"ဘာရယ်မပြောတတ်ဘူးအဖေ။ ကျနော့်စိတ်ထဲ သူ့ကိုမခင်တတ်ဘူး။ အင်း....ခင်တယ် မခင်ဘူးကထားပါတော့.. တွေ့တွေ့ချင်း စိတ်ထဲမသိုးမသန့်ကြီးဖြစ်သွားလို့" ဆိုပြီး ကျနော်ပြောလိုက်မိတယ်။

အဲဒီညကတော့ အဖေက ဘာမှပြောမပြခဲ့ပါဘူး။ ထမင်းစားပြီးတော့ သူက ပဋ္ဌာန်းရွတ်နေတယ်။ ကျနော်က လေးခွကိုသားရေကြိုးပြန်တင်းနေလိုက်တယ်။ နောက်တော့ အဖေလည်းအိပ်ရာဝင်သွားရော ကျနော်လည်း အိပ်ရာဝင်ခဲ့တယ်။ နောက်တနေ့ ဝါးရုံရိပ်မှာ နေ့လယ်နေ့ခင်းနားကြတဲ့အချိန်မှ အဖေက သူတို့ငယ်ငယ်က ဓားပြတွေအကြောင်း ပြောပြတာ။ ပြောပြရင်းနဲ့အဘိုးကြီးရဲ့အကြောင်းကို ထည့်ပြောတာ။

"အဲဒီလူကြီးက ဦးသန်းရွှေဖြစ်မယ်လို့ အဖေထင်တယ်။ ဒါပေမဲ့ အခုတော့ သူ့နာမည်က ဦးသန်းဝေ တဲ့" 

နှစ်ပေါင်း ၅၀ လောက်ကွာဟသွားတဲ့အတိတ်ကို အဖေက ပြန်စီကြည့်နေပုံရတယ်။

"တနေ့က သူ့ကိုအဖေတွေ့လိုက်တော့ အံဩသွားတယ်။ ဒါပေမဲ့ ဟန်မပျက်အောင်ပဲနေလိုက်တယ်။ သူက အခုနေရာလေးကိုရောက်နေတာ အတော်တောင်ကြာပြီ။ ဒီအနားကလူတွေက လူလတ်ပိုင်းတွေဆိုတော့ သူ့ကို ဘယ်သူဘယ်ဝါမှန်းသိကြမယ်မထင်ဘူး"

"ဦးကျော်ရှင်းတို့သားအဖတွေကို ကျနော်ပြောပြလိုက်ရမလား"

ကျနော်က ၂ မိုင်လောက်ဝေးတဲ့ခြံက ဦးကျော်ရှင်းတို့သားအဖတွေကို သတိရလိုက်တယ်။ သူတို့က အုပ်စုတောင့်တယ်။ အနီးအနားတဝိုက်မှာ အခုလိုမျိုး အဘိုးကြီးရောက်နေတာကို လက်ခံကြမှာမဟုတ်ဘူး။

"ဟာ..သွားမပြောပါနဲ့တော့၊ အဘိုးကြီးက အသက်ကြီးနေပါပြီ၊ နေပစေတော့"

အဖေက ကျနော်နဲ့မတူဘူး။ နေရာတကာမှာ တရားဖက်လွန်းတယ်။ ဓမ္မနဲ့အဓမ္မရဲ့လွန်ဆွဲမှုကို အဖေက ယုံလွန်းတယ်။ 

"သူက အဲသည်တုန်းကတည်းက သေသွားရမှာနော်... အဖေ" ကျနော်က စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တယ်။

ကျနော့်စကားကို အဖေကအသိအမှတ်ပြုတာမျိုးလည်း မဟုတ်၊ ဆန့်ကျင်ဖက်ပြောတာမျိုးလည်းမဟုတ်ဘဲ သူသိခဲ့ကြုံခဲ့ရတဲ့ဓားပြတွေအကြောင်းကိုပဲ ဆက်ပြောပြတယ်။

"ဓားပြတိုက်လို့ ဘာမှမပေးနိုင်ဘူးဆိုရင်လည်း ရိုက်သေးတယ်ကွ။ ဓားပြားနဲ့ဆော်တယ်။ ဓားနှောင့်နဲ့ထုတယ်။ ဆန်ကောအပေါက်ဖောက် လည်ပင်းကိုစွပ်ပြီး လှည့်ချင်လှည့်သေးတာ"

"အဖေတို့ရွာက လူငယ်တွေလူကြီးတွေက ပြန်ချကြပါလားဗျာ"

စိတ်ထဲက မခံချိမခံသာဖြစ်လာပြီး အဖေ့ကိုပြောလိုက်တယ်။

"အဲတာ ခက်နေတာပေါ့ကွ။ စုစုစည်းစည်းနဲ့ ပြန်ချရင် ရတာပေါ့။ သူတို့က လက်တဆုပ်စာလူတစုကွာ... ဒါပေမဲ့"

"ဒါပေမဲ့...ဒါပေမဲ့ ဘာဖြစ်လို့လဲအဖေ"

"သူတို့လူတွေက ရွာသားတွေထဲမှာလည်း ရှိချင်ရှိနေတာ...ခေတ်ကမကောင်းတော့ ဘိန်းလေးတပေါက်နှစ်ပေါက်နဲ့လည်း ဒလန်လုပ်ချင်လုပ်နေကြတာ၊ပြန်ချမယ်လို့တိုင်ပင်လိုက်တိုင်း ဓားပြတွေကကြိုသိနေကြရောလေ"

အဲသည်နေ့က အဖေ့ဆီကကြားရသမျှဟာ ၁၈ နှစ်သားကျနော့်အတွက်တော့ အထူးတဆန်းတွေချည်းပါပဲ။
ကာလမကောင်းတဲ့ခေတ်ခယောင်းအကြောင်းကို ကြားသိခဲ့ရတယ်။ ဇာတ်တူသားစားကြပုံကို အံဩခဲ့ရတယ်။

"အဲ့သည်ဘိန်းစားတွေက လက်ထောက်ချလိုက်...ရွာထဲနေပြီး ရွာ့မျက်နှာမကြည့်သူတွေကလက်ထောက်ချလိုက်နဲ့ ဓားပြတွေက သတင်းအတိအကျကြီး သိနေကြတာ။ ဒေါ်အေးစိန်ကြီးဆို အဲသည်ခေတ်ထဲက ဘောင်းဘီကြီးချုပ်ပြီး စိန်ရင်ထိုး၊ စိန်နားကပ်ကို ကိုယ်နဲ့မကွာထားတာ...အဲတာလည်း အတွင်းလူက သတင်းပေးတော့ အတိအကျသိနေရော"

အဖေတို့ခေတ်က မလွယ်လိုက်တာလို့ တွေးနေမိတယ်။ အဖေက ဦးသန်းဝေဆိုပြီး နောက်ကြောင်းမြှုပ်ထားတဲ့ ဦးသန်းရွှေအကြောင်းကို ဆက်ပြောပြတယ်။ ဦးသန်းရွှေက တကိုယ်တော်ဓားပြကြီးတဲ့။ သူ့မှာက မောင်းပြန်သေနတ်တလက်ရှိတယ်ဆိုပဲ။ သူက ဓားပြလည်းတိုက်သလို ပြန်ပေးကလည်း ဆွဲသေးသတဲ့။ တနေ့တော့ ရွာထဲကမငွေလေးကို ပြန်ပေးဆွဲသွားတယ်။ ပြီးတော့ ငွေနဲ့လာရွေးဖို့ စာပို့တယ်တဲ့။ စာကို ဘယ်လိုပို့တယ်ဆိုတာကိုတော့ ကျနော်လည်း မမေးလိုက်မိဘူး။ အဖေကလည်း ပြောမပြဘူး။ အဖေပြောပြနေတာက သည်းထိတ်ဖိုဆန်လို့ ပြန်ပေးရွေးတဲ့အကြောင်းကိုပဲ နားစိုက်နေမိတယ်။

"ရွာရဲ့အရှေ့စူးစူးမှာ သောင်ခုံလေးပေါ်နေတယ်...အဲသည်ကို ချိန်းတာ။ ဓားပြကြီးသန်းရွှေက မငွေလေးကိုလှေနဲ့တင်လာတယ်။ ကြိုးတုတ်ပြီး သောင်ခုံပေါ် ဒူးထောက်ခိုင်းထားတယ်။ ပြီးတော့ မောင်းပြန်သေနတ်ကိုလွယ်လို့..ဓားနဲ့ မငွေလေးဇက်ပေါ် မိုးထားတာ"

အဖေက သူမမြင်လိုက်ရပေမဲ့ သူကြားဖူးခဲ့တဲ့အကြောင်းတွေကို မြင်သာထင်သာရှိအောင် ပြောပြတယ်။

"ကိုငြိမ်းဖေက သိုင်းပြောင်းပြန်သမား..သူက မငွေလေးကိုရွေးဖို့ လှေနဲ့သွားတယ်...ညနေအတော်ကြီးစောင်းသွားအောင် စောင့်နေပြီးမှသွားတာ။သောင်ခုံမှာ ကိုငြိမ်းဖေရဲ့ လှေကလေး လျောခနဲဝင်ကပ်တော့..မိုးတောင်ချုပ်နေပြီ။ ဘာလို့နောက်ကျနေသလဲ...ဒီကောင်မ...ငါခုတ်သတ်လိုက်တော့မလို့ဆိုပြီး ဓားပြကြီးသန်းရွှေက လှမ်းအော်တယ်"

အဖေ့စကားနားထောင်နေရင်း မောင်းပြန်သေနတ်ကြီးလွယ်ထားပြီး မိန်းမပျိုလေးခေါင်းပေါ် ဓားမိုးထားတဲ့ဓားပြကြီးရဲ့ပုံစံကို မြင်ယောင်လာတယ်။ တနေ့ကတွေ့လိုက်ရတဲ့အဘိုးကြီးကို သက္ကရာဇ်ဖြိုပြန်ငယ်ခိုင်းပြီး သောင်ခုံလေးပေါ် ထားကြည့်တယ်။ မောင်းပြန်သေနတ်လွယ်ခိုင်း..ဓားကိုင်ခိုင်း...။ ဟုတ်တယ် တရုပ်တည်းပဲ။ အဲသည်အဘိုးကြီးဟာ ဓားပြကြီးပဲ။

"ဘယ်မလဲငွေ..ဆိုတော့ ကိုငြိမ်းဖေကငွေအိတ်မြှောက်ပြလိုက်တယ်...ပြီးတော့ ငွေရှာနေရလို့မိုးချုပ်သွားတာဆရာကြီးရာ...လို့ လေအေးနဲ့ပြောလိုက်တယ်...အနားလည်းရောက်ရော ဓားကိုင်ထားတဲ့လက်ကို လမ်းလျှောက်ရင်း ညာခြေဖျားနဲ့ဆတ်ခနဲခတ်လိုက်တာ ဓားလွတ်ကျသွားသတဲ့"

ကျနော့်ကိုပြန်ပြောပြနေရင်းနဲ့ သူငယ်ငယ်သူ့ဦးကြီး ဘကြီးဆီကနေတဆင့်ပြန်ကြားရပုံကို အဖေလည်း သတိပြန်ရနေပုံပါပဲ။

"ဖမ်းချုပ်လိုက်ရမှာ တခါတည်း...ဒါမှမဟုတ် အသေဆော်ရမှာ ပွဲသိမ်း"

"အဲသလောက်ကြီးတော့ ဘယ်လွယ်လိမ့်မလဲသားရာ...ဓားပြကြီးက ဓားကျသွားတော့ လွယ်ထားတဲ့သေနတ်ကို ဖြုတ်ဖို့လုပ်တယ်တဲ့...အဲ့သည်အချိန်မှာ ကိုငြိမ်းဖေကဝင်လုံးတာ။ နှစ်ယောက်သာ ရေထဲကျသွားကြတာတဲ့။ ဓားပြကြီးက ရေထဲကအရင်ပြန်တက်လာပြီး ကိုငြိမ်းဖေကို သေနတ်နဲ့ပစ်တယ်။ သေနတ်က မီးမကူးဘူးတဲ့။ တကယ်တော့ ရေထဲကျသွားလို့ ဖြစ်မှာပေါ့။ အဲသည်အချိန် ကိုငြိမ်းဖေက ဓားပြေးကောက်ပြီး ဝင်ခုတ်ပစ်တာ...ပိုင်းတာတော့ဇက်ပဲ။ ဒါပေမဲ့ ပခုံးကိုစိုက်ဝင်သွားသတဲ့။ ဓားပြကြီးကလည်း သတ္တိတော့မခေဘူး။ သွေးရူးသွေးတန်းဖြစ်သွားလည်းဖြစ်ချင်ဖြစ်မှာပေါ့လေ...မငွေလေးကို လည်ပင်းဝင်ညှစ်တယ်တဲ့။ ကိုငြိမ်းဖေက ဓားနဲ့ပိုင်းရအောင်ကလည်း အဲ့တော့အဆင်မပြေတော့ဘူး။
မငွေလေး အန္တရာယ်မဖြစ်ဖို့ပဲကာကွယ်ရတော့တာ။ အဲသည်အချိန်လေးမှာ ဓားပြကြီးသန်းရွှေက လှေဆီပြေးပြီး လက်တဖက်တည်းနဲ့လှော်ရင်း စုန်ချသွားတာတဲ့"

"ဓားပြက... သူလည်းသေတော့မယ်ဆိုတော့ ကြံမိကြံရာ ကြံတာပဲ"

"ဟုတ်တယ်သား...တကယ်လို့ကိုငြိမ်းဖေကဝင်ခုတ်ရင် မငွေလေးနဲ့ သူက ကာမှာလေ...၊သူတို့လိုလူမျိုးက အဲ့တာမျိုး ဝန်မလေးဘူး"

ကျနော့်မျက်လုံးထဲမှာ သွေးရူးသွေးတန်းဖြစ်ပြီး လှေနဲ့စုန်ပြေးသွားတဲ့ ဓားပြကြီးကို မြင်ယောင်နေမိတယ်။ ခေတ်တခုအပြောင်းမှာ သူဟာ ပြန်ရောက် လာခဲ့ပြန်ပြီ။ သူ့နောက်ကြောင်းရာဇဝင်ကြွေးတွေအတွက် ဘယ်သူတောင်းကြမလဲ။ ကျနော်က အသက်အရွယ်အရ တောင်းဆိုခွင့်နည်းနေလိုက်တာ။

အဘိုးကြီးနဲ့ တောလမ်းအကွေ့လေးတွေမှာ မကြာခဏဆုံဖြစ်သေးတယ်။ သူကလည်း ကျနော့်ကိုကြည့်တယ်။ ကျနော်ကလည်း သူ့ကိုကြည့်တယ်။ အချိန်တခုလွန်ခဲ့ပေမဲ့ သူနဲ့ကျနော် မိတ်ဆွေမဖြစ်ခဲ့ကြဘူး။ ညတွေမှာ အဖေက ပဋ္ဌာန်းရွတ်တယ်။ ကျနော်က လောက်လေးခွက သားရေပင်တွေကို စိတ်ချရအောင် ပြန်ချည်နှောင်တယ်။ လင်းကင်းဓားကို သွေးထားတယ်။

သစ်ရွက်ဝါးရွက်တွေအချင်းချင်းထိခတ်ရာကထွက်လာတဲ့အသံဟာ အပူအပင်ကင်းကင်းရှိနေချိန်မှာတော့ ဂီတဆန်တဲ့မြခြူသံလေးပေါ့။ အခုတော့ နားကိုစွင့်ထားရတယ်၊ မျက်စိကို စိတ်ချလက်ချ မှိတ်မထားရဲဘူး။

ပျော်တဝက်နိုးတဝက်အိပ်မက်တွေထဲမှာ ကိုငြိမ်းဖေလက်ထဲကို သေနတ်တလက် အမြဲလိုထည့်ပေးခဲ့မိတယ်။ ကျနော့်အတွက် တူမီးတလက်ဝယ်ပေးထားဖို့လည်း အဖေ့ကို ပူဆာမိတယ်။ အိပ်မက်ထဲမှာ ရင်ပူလိုက်ရတာ။

အဘိုးကြီးဟာ အသက်သာကြီးလို့သွားတယ် သူ့စိတ်က အရင်လိုပဲနေလိမ့်မယ်။ သူ့မျက်လုံးက သိသာတယ်။ ပြီးတော့ သူ့ဆီက ထွက်လာတဲ့ အနံ့ အသက်က ညှီစို့စို့နဲ့။

အခုအနေအထားမှာ သူဟာဦးသန်းဝေဖြစ်နေပေမယ့် တခေတ်တခါတုန်းက ဓါးပြကြီးသန်းရွှေပဲ။ အဲဒီလိုအဘိုးကြီးမျိုးကို ကျနော်အလစ်မပေးရဲဘူးဗျ။ ဘယ်သူမှလည်း အလစ်မပေးသင့်ဘူး။

ဖိုးကျော်
၂၇၊ဧပြီ၊၂၀၂၂
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar