မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၂
ဧပြီလ ၁၁ ရက် - ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ ပြန်ဖြစ်လာ
နိုဝင်ဘာလလယ်လောက်က စလို့ ပစ်ခတ်မှုတွေနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ အရှိန်လျော့သွားတဲ့ ရန်ကုန်မြို့မှာ အခုရက်ပိုင်း ဗုံးကွဲမှုတွေ နဲ့ ပစ်ခတ်မှုအချို့ ပြန်လည် ဖြစ်ပွားလာတာ တွေ့ရပါတယ်။ မင်္ဂလာဒုံလေတပ်ကို ရည်ရွယ် ပစ်ခတ်တယ်လို့ ယူဆရတဲ့ ရှော့တိုက်ဒုံးက စည်ပင်ပိုင် ဂေါက်ကွင်းကို ကျရောက်ခဲ့ပြီး ဂေါက်ကွင်း ကယ်ဒီအမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
နောက်ရက်တွေမှာတော့ အင်းလျားလမ်းက ဗွီအိုင်ပီတွေ နေအိမ်ဝင်းဝက စစ်ကောင်စီတပ်သား လုံခြုံရေးတွေကို ကားပေါ်ကနေ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့မှာလည်း မြန်မာပလာဇာ အောက်ထပ် စက်မှု ၁ လမ်းနဘေးရှိတဲ့ ဟယ်ရီဘားလို့ ခေါ်တဲ့ ဘီယာဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို တောင်ဒဂုံဘက်မှာလည်း ညဘက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
အရင်နေ့ကလည်း ရန်ကုန်မြို့လည် လသာမြို့နယ်က ကမ်းနားလမ်းအနီးမှာ မြို့နယ်အုပ်ချုပ်ရေး အရာရှိ စစ်ကောင်စီဗိုလ်တဦး ပစ်ခတ်လုပ်ကြံခံရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသေးတယ်။
မန္တလေးမြို့မှာလည်း ဒီနေ့ နံနက်ပိုင်းမှာ လမ်းလယ်ကျွန်းမှာ ထောင်ထားတဲ့ ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ဖြတ်သွားတဲ့ ကားတစီးပေါ်မှာ စီးနင်းလာသူတွေ ဒဏ်ရာပြင်းထန်စွာ ရသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
မန္တလေးမှာ ခုသီတင်းပတ်ပိုင်းမှာ ဆန္ဒပြသူတွေနဲ့ PDF နဲ့ ဆက်စပ်သူတွေ ဒါဇင်နဲ့ချီပြီး ဖမ်းဆီးခံထားရသလို အချို့ဆန္ဒပြခေါင်းဆောင်တွေ ဖမ်းဆီးခံရပြီး လနဲ့ချီတဲ့အထိ အကျဥ်းထောင်ထဲ မပို့သေးပဲ စစ်ကြောရေးမှာ ရှိနေသလား အသက်အန္တရာယ် စိုးရိမ်ရလားဆိုတဲ့ အနေအထားရှိတဲ့ သတင်းတွေလည်း ဖေါ်ပြနေကြတာ တွေ့ရပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ မြို့ပေါ်လှုပ်ရှားတဲ့ လက်နက်ကိုင်ပြောက်ကျားအဖွဲ့တွေ ခပ်စိပ်စိပ် လှုပ်ရှားလာနေပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို အခြေမကျအောင် လုပ်ဆောင်နေတဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။ မြို့ပေါ်က လူထုအနေနဲ့တော့ စားဝတ်နေရေးအရ ရှင်သန်နေထိုင်ဖို့အတွက် စီးပွားရေး လုပ်ဆောင်မှုတွေအတွက် သွားလာလှုပ်ရှားနေကြရတဲ့ အနေအထားရှိပြီး စစ်ကောင်စီဘက်ကတော့ လူတွေပုံမှန် သွားလာလှုပ်ရှားနေကြတယ်ဆိုတာမျိုး ပုံဖော်ဖို့ ရည်ရွယ်ချက်ရှိတာလည်း ဖြစ်ပါတယ်။
လူတွေ ပုံမှန်သွားလာနေကြတာကို အခြေအနေ ပုံမှန်ပြန်ရောက်သွားပြီလို့တော့ ယူဆလို့မရပါဘူး။ နိုင်ငံရေးအရ ထောက်ခံမှု လက်ခံမှုနဲ့ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားကြရတာ မတူကွဲပြားတဲ့ သဘောပါ။
သာမန် လက်လုပ်လက်စားလူတန်းစားများရဲ့ အခြေအနေဟာ ကျပ်တည်းသည်ထက် ကျပ်တည်းနေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းကြီးငယ်များ ပိတ်သိမ်းနေတာလည်း တိုးလာပါတယ်။ ဒေါ်လာအရောင်းအဝယ်ကို စစ်ကောင်စီက အကျပ်တည်းဆုံး ကန့်သတ်ပြီးနောက်မှာ မြန်မာစစ်ကောင်စီကိုယ်တိုင်က သူတို့ကိုယ်သူတို့ ဆန်ရှင်လုပ်လိုက်သလို ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တချို့က ဝေဖန်လိုက်ပါတယ်။ ဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်း၊ သဘာ၀ရင်းမြစ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနဲ့ သွင်းကုန်လုပ်ငန်းတွေကနေ စစ်ကောင်စီကိုယ်တိုင်က အကျိုးအမြတ်ရှိနေရာက အခု ဒေါ်လာကို ကန့်သတ်တာဟာ အိမ်နီးချင်း သီရိလင်္ကာနိုင်ငံက ဒေါ်လာရင်းမြစ် ခမ်းခြောက်ပြီး အထွေထွေအကျပ်အတည်းဆိုက်မှု ရင်ဆိုင်ရတာမျိုးကို စိုးရိမ်နေတာလားလို့ အချို့က တွက်ချက်ကြသလို အချို့ကတော့လည်း စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူစုဆောင်းမှု တိုးချဲ့လာနေတာကြောင့်လဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ စစ်လက်နက်ကို အိမ်နီးချင်းနိုင်ငံတွေကသာမက အခြားအဝေးနိုင်ငံတွေကနေ တိုက်ရိုက် ငွေပေးပြီး လွတ်လပ်စွာ ဝယ်ယူစုဆောင်းနိုင်တဲ့ နိုင်ငံတော်အာဏာရယူထားတဲ့ အဖွဲ့အစည်းဖြစ်တာမို့ စစ်ကောင်စီက စျေးကွက်ထဲက လည်ပတ်နေတဲ့ ဒေါ်လာငွေကို သိမ်းဆည်းပြီး စစ်လက်နက်နဲ့ ၎င်းတို့အင်အားများ အကျိုးစီးပွားအတွက် မြှင့်တင်သုံးစွဲချင်တာဖြစ်မယ်လို့ ဆိုကြပါတယ်။
ခုခံစစ်ဆင်နွှဲနေတဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကလည်း မြို့ပြပြောက်ကျားစစ်ကို တိုးတဲ့အပြင် နယ်တွေမှာလည်း တွန်းလှန်စစ်တွေ တိုးမြှင့်လာနေပါတယ်။ ပျံလွှားအောင် စစ်ဆင်ရေးကနေ နန်းထိုက်အောင် စစ်ဆင်ရေးကို ပြောင်းလဲ ဆင်နွှဲနေပြီလို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲအချို့က ထုတ်ပြန်ထားပါတယ်။ ပြည်ပက မြန်မာတွေကလည်း Dragonfly စစ်ဆင်ရေးအမည်နဲ့ မြန်မာစစ်လေတပ်ကို ဖြိုခွင်းဖို့ အလှူငွေတွေ ကောက်ခံတာ ဒေါ်လာ ၂ သန်းကျော် ရက်သတ္တပတ်အတွင်း ရပြီ ဆိုကြပါတယ်။ မြန်မာစစ်တပ်ပြိုကွဲလာအောင် အင်န်ယူဂျီအစိုးရက စစ်ယန္တရားတွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ စစ်သားတွေအတွက် ဆုကြေးတွေ တိုးပေးထားပြန်ပါတယ်။ တော်လှန်ရေးအဆုံးအဖြတ်မှာ စစ်ပွဲကြီးတွေက အရေးပါသလို ရန်သူစစ်အင်အား မမျှော်လင့်ဘဲ ရုတ်ခြည်းပြိုကွဲသွားတာမျိုးကလည်း game changer ဖြစ်တယ်လို့ ဆိုကြပါတယ်။
မစားရ ၀ခမန်း ကြားရတဲ့ သတင်းတွေ ကောလာဟလတွေကို နားစွင့်နေရတဲ့ ပြည်သူတွေက မျှော်လင့်ချက်မျိူးစုံ တွက်ချက်မှုမျိုးစုံနဲ့ အားတင်းပြီး ရုန်းကန်နေကြ တောင့်ခံနေကြရတာ သေချာပါတယ်။ အိုးအိမ် အသက် စည်းစိမ်လွတ်လပ်ခွင့်တွေ စွန့်လွှတ်အဆုံးရှုံးခံထားတဲ့ ပြည်သူလူထုတွေ၏ ဘ၀တွေ အသက်တွေကလည်း အမြဲအလေးဂရုပြုထားရမယ့် အချက်လည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar