Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၉ မြင်ကွင်း

(မိုးမခ) မေ ၁၀၊ ၂၀၂၂


ငြိမ်းချမ်းရေးဆွေးနွေးမှု တက် မတက် အဖြေပေးရတဲ့နေ့၊ တင်းလိုက် လျှော့လိုက် ကစားနေတဲ့ ရခိုင်ပြည်နယ်

ငြိမ်းချမ်းရေး ဆွေးနွေးမယ်၊ ကိုယ်တိုင်တွေ့မယ် နောက်ပြီး အလုပ်အဖွဲ့တွေနဲ့ ဆက်ဆွေးနွေးကြမယ်၊ ကြိုတင်ကန့်သတ်ချက်မထားဘူး စတဲ့ ကမ်းလှမ်းချက်တွေကို စစ်ကောင်စီဥက္ကဋ္ဌလုပ်သူက TV ကနေ မိန့်ခွန်းပြောပြီး ကမ်းလှမ်းခဲ့တဲ့အချိန်ဟာ တိုင်းပြည်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန့်ကျဲလျက် ဖြစ်ပွားနေတဲ့အချိန် ဒေသအလိုက် ကိုယ်ထူကိုယ်ထ လက်လုပ်လက်နက်၊ လက်လုပ်ဗုံး၊ တပတ်ရစ် မောင်းပြန်သေနတ် စတဲ့ လက်နက်တွေနဲ့ လက်နက်ကိုင် အဖွဲ့ပေါင်းမြောက်မြားစွာ ပေါ်ထွက်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြချိန်၊ သတင်းပေးလို့ သံသယရှိသူ၊ စွပ်စွဲခံရသူ၊ ပျူစောထီးလို့ ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်နေကြချိန် တရက်တရက်မှာ ဟိုဘက် ထောက်ခံသူ၊ ဒီဘက်ထောက်ခံသူ နှစ်ဘက်စလုံးအနေနဲ့  လူ ရာဂဏန်းမျှ သေဆုံးနေကြချိန်၊ သိုမှီးထားတဲ့ ရိက္ခာ၊ ခုလက်ငင်း စားသောက်ဖို့ သိမ်းဆည်းထားတဲ့  ရိက္ခာ၊ နေအိမ် ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံနေရချိန်လည်း ဖြစ်ပါတယ်။  

ဒီလိုအဖြစ်အပျက်တွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းတာလို့ ဆင်ခြေပေးရင် မမှားသော်လည်း ဒီလိုအခြေအနေတွေကို ပြဿနာတွေကို ဖြေရှင်းလိုတဲ့ ရိုးရိုးရိုးသားသား ဆန္ဒရှိတာမဟုတ်ခဲ့ရင် ပြေလည်ဖို့ ဆိုတာထက် တဘက်ဘက်နဲ့ ပြဿနာကို ခေတ္တဆိုင်းငံ့ပြီး အခြားတဖက်ကို အနိုင်ရဖို့ ချေမှုန်းဖို့ တိုက်ခိုက်ဖို့ ပရိယာယ်လို့သာ ကောက်ချက်ချရပါလိမ့်မယ်။  

ဒီနေ့ ၉ ရက်နေ့မှာ စာရင်းပိတ်လိုက်တဲ့အခါ စစ်ပွဲလည်း မဖြစ်တာ ဆယ်စုနှစ်များစွာရှိနေပြီဖြစ်တဲ့ တိုင်းရင်းသားနယ်မြေတွေထဲ ကိုယ်ပိုင်အုပ်ချုပ် ဆုံးဖြတ်ခွင့် အမြင့်ဆုံးရထားတဲ့ ဒေသဖြစ်တဲ့ ဝ ဒေသက UWSA အဖွဲ့၊ လတ်တလောနှစ်တွေမှာ စစ်ကောင်စီနဲ့ တိုက်ခိုက်မှု ကြီးကြီးမားမားမရှိ ရှမ်းမြောက်နဲ့ ရှမ်းတောင်အချို့ဒေသမှာ နယ်မြေစိုးမိုးရေးအတွက် ရှမ်းလက်နက်ကိုင် အခြားတဖွဲ့နဲ့ အင်အားပြိုင်နေရတဲ့ SSPP အဖွဲ့၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေထဲ အင်အားအကြီးဆုံးလို့ ယူဆရတဲ့ RCSS အဖွဲ့၊ ရှမ်းပြည်တောင်ပိုင်း အင်အားသိပ်မကြီးသော်လည်း ပအိုးဝ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ PNLO၊ လူအင်အားအရေအတွက်အားဖြင့် မများတဲ့ ရခိုင်ပြည်နယ် အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မွန်ပြည်သစ်ပါတီလို့ အတိုကောက်ခေါ်ကြတဲ့ မွန်တိုင်းရင်းသားလက်နကိကိုင် အဖွဲ့၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်က ကေအန်ယူကနေ ခွဲထွက်ခဲ့တဲ့ KNU/ KNLA PC လို့ခေါ်တဲ့ ထော့ကော့ကိုး အဖွဲ့ ၊ စစ်ကောင်စီနဲ့အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့မရှိတဲ့ MDAA လို့ အတိုကောက်ခေါ်တဲ့ မိုင်းလားအဖွဲ့ တို့ တက်ရောက်ကြမယ်လို့ စာရင်းပေးထားကြတာ ဖြစ်ပါတယ်။  

အခု တက်ရောက်မယ်ဆိုတဲ့အထဲက အချို့အဖွဲ့တွေအနေနဲ့ စစ်ရေးအင်အား ကြီးကြီးမားမား မရှိတဲ့အဖွဲ့လည်းပါသလို တချို့အဖွဲ့တွေကတော့ အင်အားကြီးသော်လည်း ဆယ်စုနှစ်နဲ့ချီပြီး ပြည်မက စစ်တပ်နဲ့ တိုက်ခိုက်မှုမရှိတဲ့ အဖွဲ့တွေလည်း ပါတာကြောင့် အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဒီကနေ့ တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေအပေါ်  ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်မယ့် အရိပ်အယောင် မတွေ့ရဘူးလို့ မှန်းဆနိုင်ပါတယ်။  

တခုသော အခြေအနေ ဖြစ်နိုင်ခြေကတော့ PDF  လို့ယေဘုယျအမည်နဲ့ခေါ်ကြတဲ့ ဒေသအလိုက် ပေါ်ထွက်လာတဲ့ အဖွဲ့တွေကို စစ်သင်တန်းနဲ့ လက်နက် အကူအညီမပေးဖို့ အတွက် စစ်ကောင်စီက စည်းရုံးနိုင်ကောင်း စည်းရုံးနိုင်မယ့် အချက်တချက်ပဲ ဖြစ်ပါတယ်။  

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေလမကုန်မီ ကျင်းပကောင်း ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပြီး ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ မကြာခင် အဖြေထွက်ပေါ်လာမှာ ဖြစ်ပါတယ်။  

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ အပေါ်ယံမျက်နှာပြင်မှာ တည်ငြိမ်နေပေမယ့်အတွင်းမှာ လှုပ်ရှားမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေး အုပ်ချုပ်ရေး အနေအထားတွေ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်က စလို့ AA နဲ့ စစ်တပ်အကြား တိုက်ခိုက်မှုတွေ ရပ်နားသွားခဲ့ပြီး ပိုနေမြဲကျားနေမြဲ အခြေအနေအောက်မှာ AA အနေနဲ့ လူထုအကြား တရားဝင်မဟုတ်သော်လည်း လက်တွေ့အားဖြင့် အာဏာနဲ့ သြဇာရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်အကောက် စတဲ့ နယ်ပယ်တွေမှာ တဖြည်းဖြည်း တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။  

စစ်အာဏာသိမ်းအပြီး စစ်ကောင်စီအနေနဲ့ စစ်မျက်နှာ အများအပြားမဖွင့်နိုင်တဲ့ အခြေအနေဟာ ရခိုင့်တပ်တော်လို့ ခေါ်တဲ့ AA အဖို့ အုပ်ချုပ်ရေး တရားစီရင်ရေးကို တည်ဆောက်ဖို့ အခွင့်သာစေခဲ့တာဖြစ်ပါတယ်။  

အစိုးရ ၂ ရပ် သို့မဟုတ် Shadow Government ကို ပြီးခဲ့တဲ့ နှစ်တွေမှာ တည်ဆောက်ခဲ့ရာက ရခိုင်ပြည်နယ် မြို့တော် အပါအဝင် မြောက်ပိုင်း မြို့နယ်တွေ အားလုံးနီးပါးနဲ့ တောင်ပိုင်း မြို့နယ်အချို့အထိ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်တာဝန်ပေးထားနိုင်တဲ့အနေအထား ထိရောက်ခဲ့သလို အမှုအခင်း ဖြစ်ပွားတဲ့အခါမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးထက် AA ရဲ့ တရားစီရင်ရေးကို တိုင်ကြားကြတာတွေအထိ အခြေအနေ ဖြစ်ပေါ်လာတဲ့ အနေအထားဖြစ်ပါတယ်။  

ဒီအနေအထားကို စစ်ကောင်စီကလည်း သတိမထားမိတာ မဟုတ်ဘဲ သတိထားမိတာကြောင့် မကြာခင် သီတင်းပတ်တွေကစလို့ မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးတာ၊ မြို့တွေမှာ ဧည့်စာရင်းစစ်တာ၊ တဦးစ နှစ်ဦးစသော အေအေ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတာတွေ ခုရက်ပိုင်း ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမ်းမြို့နယ်လိုမျိုးမှာ ဆန်စပါး သယ်ယူခွင့်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ပိတ်ပင်လိုက်တယ်လို့လည်း သတင်းတွေထဲ ဖတ်ရှုရပါတယ်။  

စစ်ကောင်စီ အနေနဲ့ AA လက်နက်ကိုင် အဖွဲ့ရဲ့ တဖြည်းဖြည်း အုပ်ချုပ်ရေးအာဏာ တည်ဆောက် အစားထိုးဝင်ရောက်နေတာကို တားဆီးဖို့ ကြိုးစားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ အခုလို အချိန်ကာလမှာ ရခိုင်ပြည်နယ်မှာ ထိုးစစ်တွေ စစ်ပွဲတွေ ဖြစ်ပွားနိုင်လောက်အောင် စစ်ကောင်စီအနေနဲ့ အသင့်မဖြစ်သေးတာကလည်း လက်တွေ့အနေအထား ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တဖက်မှာ အုပ်ချုပ်ရေး နယ်ပယ်က တဖြည်းဖြည်း ဆုတ်ပေးနေရတဲ့ အနေအထားမျိုးကို ရပ်တန့်သွားဖို့ ကြိုးစားနေတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ 

AA/ ULA  အနေနဲ့ စစ်ကောင်စီ အခက် ရခိုင့်အချက် အဖြစ်အသုံးချမှာက သဘာဝဖြစ်ပြီး ဒီလိုအခွင့်အရေးမျိုးက လွယ်လွယ်နဲ့ မရနိုင်တာကြောင့် စစ်တိုက်ပြီး နယ်မြေသိမ်းယူတာထက် လူထုကြားထဲ ထိုးဖောက်ပြီး အာဏာကို တည်ဆောက်ရတာဟာ စစ်ရေးထက် နိုင်ငံရေး ပိုဆန်တဲ့ နည်းဗျူဟာလည်း ဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar