Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၇ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - မေ ၂၇ မြင်ကွင်း

(မိုးမခ) မေ ၂၈၊ ၂၀၂၂

 

ပညာရေး နဲ့ နိုင်ငံရေး၊ စစ်ရေး 

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ကိုဗစ်ကူးစက်မှုကာကွယ်ရေးအတွက် ကျောင်းတွေ ပညာသင်နှစ် အကုန်ကနေ ကိုဗစ်ကူးစက်မှု ပျံ့နှံ့နိုင်ခြေ၊ အဲဒီနှစ်ကုန်မှာ ကျင်းပမယ့်ရွေးကောက်ပွဲ အခြေအနေတွေကို ချင့်ချိန်ပြီး ကျောင်းတွေကို ခေတ္တသာဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၀-၂၁ ပညာသင်နှစ်ကို ပြီးဆုံးအောင် မသင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အချို့ကျောင်းသားမိဘတွေအနေနဲ့ ကလေးပညာရေး တနှစ် လစ်ဟာသွားမယ့် အရေးနဲ့ ကိုဗစ်ကူးစက်ခံရမယ့်အရေးမှာ ကိုဗစ်ကူးစက်ခံရမယ့်အရေးကို ပိုစိုးရိမ်ကြလို့ အဲဒီပညာသင်နှစ်ကို ကျောင်းမအပ်ဘဲ ကျော်လိုက်ကြတဲ့ အဖြစ်တွေလည်း ရှိခဲ့ပါတယ်။  

အဲဒီနှစ်က မတ်လ ဧပြီလမှာ အရေအတွက်မများတဲ့ ကိုဗစ်ကူးစက်မှုတကြိမ်၊ သြဂုတ်လကနေ အောက်တိုဘာ နိုဝင်ဘာထိ ကူးစက်မှု တကြိမ် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံက ကျောင်းသားအများစုရဲဲ့ ပညာရေးက တနှစ်နောက်ကျခဲ့တာ ဖြစ်ပါတယ်။  

ကိုဗစ်ကူးစက်မှုထက် ဆိုးရွားတဲ့ နိုင်ငံရေး ကပ်ရောဂါ စစ်အာဏာသိမ်းမှုက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖြစ်ပွားပြီးနောက်မှာတော့ ၂၀၂၁ ခုနှစ်မှာ ကျောင်းပြန်ဖွင့်ရေးက အလှမ်းဝေးခဲ့ပါတယ်။ အထက်တန်းကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေထဲက အများအပြား စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲ ပါဝင်နေကြပြီး ယမန်နှစ်က စာသင်နှစ် ပြန်စမယ့်ရာသီ ဇွန်လလိုကာလမှာ ကိုဗစ်ကူးစက်မှု အန္တရာယ်လည်း မြင့်မားနေသလို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု အရှိန်ကလည်း မြင့်တက်နေဆဲမို့ ကျောင်းဖွင့်ဖို့ စစ်ကောင်စီ ကြိုးစားမှုတွေက မအောင်မြင်ခဲ့ပါဘူး။  

အခု နှစ်မှာတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးက နေ့ချင်း ညချင်းအောင်ပွဲရဖို့ထက် အချိန်တခု ကြာမြင့်နိုင်တယ်ဆိုတဲ့ အရိပ်အယောင်မျိုးကြောင့် ကျောင်းဖွင့်ရာသီမှာ ကျောင်းအပ်မယ့် မိဘအရေအတွက် များပြားလာတာ တွေ့ရပါတယ်။  

ကျောင်းမတက်ဖို့ စည်းရုံးပြောဆိုကြသူတွေရဲ့ ဘက်က အကြောင်းတွေက စစ်အာဏာရှင်စနစ်အောက်က ပညာရေးက စစ်ကျွန်ပညာရေး၊ ဒီမိုကရေစီ ပညာရေးမဟုတ်ဘူးဆိုတဲ့အချက်က အထင်ရှားဆုံး စောဒက ဖြစ်ပါတယ်။ နောက်အခြားအချက်တွေမှာတော့ ပြည်နယ်နဲ့ တိုင်းဒေသအများအပြားက ကျေးရွာတွေ မြို့တွေမှာ စစ်ဘေးက ပြေးနေရှောင်နေ အသက်တွေ ဆုံးရှုံးနေကြရတဲ့ အခြေအနေမှာ မြို့ပေါ်က သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခ မဖြစ်ပွားတဲ့ ဒေသတွေက ကျောင်းသားလူငယ်တွေအနေနဲ့ ကျောင်းတက်ခြင်းဖြင့် စစ်ကောင်စီကို အသိအမှတ်ပြုရာ မရောက်ဘူးလားဆိုတဲ့ အချက် ဖြစ်ပါတယ်။  

နောက်တချက်ကတော့ ကျောင်းဆရာ၊ ဆရာမ၊ ပညာရေးမှူးတွေ စတဲ့ဝန်ထမ်းတွေ အများအပြားက CDM လှုပ်ရှားမှုမှာ ပါခဲ့ကြတာဖြစ်လို့ ကျောင်းတက်ခြင်းအားဖြင့် သူတို့ရဲ့ စွန့်လွှတ်မှုကို အသိအမှတ်မပြုရာကျမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။  

အခြားသော ထည့်သွင်းစဥ်းစားရမယ့် အချက်တွေကတော့ မကြာခဏ ကျောင်းတွေ အရှေ့မှာ ၊ အနီးအနားမှာ ဗုံးတွေပေါက်ကွဲနေတာကြောင့် ကျောင်းသားလူငယ် လူရွယ်တွေရဲ့ လုံခြုံရေး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဗုံးတွေ ပေါက်ကွဲမှုတွေက ဘယ်သူတွေ လုပ်ဆောင်တယ်ဆိုတာ တိတိပပ မပြောနိုင်ဘဲ အများအားဖြင့် လက်သည်မပေါ်တဲ့ ဖော်က်ခွဲမှုတွေ ဖြစ်ပါတယ်။  

အခြားတဘက်မှာ ၂ နှစ်နီးပါး စာမသင်ကြားနိုင်လို့ သားသမီးတွေ စာသင်ယူလိုတဲ့ စိတ်လျော့ပါးသွားပြီး ဂိမ်းလို၊ အခြားသော ကလေးနဲ့ မသင့်တော်တဲ့ စိတ်ဝင်စားမှုတခုခုဆီ ရောက်ပြီး စိတ်လေလွင့်သွားမယ့် အရေး၊  စစ်ကောင်စီကျောင်းမဟုတ်တဲ့ ပုဂ္ဂလိကကျောင်းထားဖို့ရာ ငွေကြေးမတတ်နိုင်တာ၊ အွန်လိုင်းက စေတနာ့ဝန်ထမ်း သင်ကြားပေးတဲ့ ကျောင်းသင်ခန်းစာတွေ လေ့လာသင်ယူဖို့ ကွန်ပျူတာ၊ အင်တာနက်၊ မိဘရဲ့ စောင့်ကြည့်ကူညီမှု စတာတွေ မဖြည့်ဆည်းနိုင်တဲ့ အနေအထားမျိုးမှာ  အခု စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းကိုပဲ ထားရမယ့် ရွေးချယ်မှုမျိုးလည်း ရှိနေကြတာ ဖြစ်ပါတယ်။  

ကလေးသူငယ် အခွင့်အရေး ရှုထောင့်ကကြည့်ရင် ကလေးသူငယ်တွေရဲ့ ပညာသင်ယူခွင့်ဟာ မွေးရာပါအခွင့်အရေးဖြစ်ပြီး မိဘတွေနဲ့ လူမှုအသိုက်အဝိုင်းက တတ်နိုင်သမျှ ကူညီဖေးမပေးရပါမယ်။ ကလေးသူငယ်တွေအနေနဲ့ မိမိတို့ဘာသာ ဆုံးဖြတ်နိုင်တဲ့ ဗဟုသုတ၊ အတွေ့အကြုံမရှိသေးချိန်မှာ မိဘ ၊ အုပ်ထိန်းသူက ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို မကန့်သတ်ရဘူးလို့  ရှုမြင်ကြတာ ဖြစ်ပါတယ်။  

ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ၂ နှစ်တာ လစ်ဟာနေခဲ့တဲ့ ကလေးတွေရဲ့ ပညာရေး အခြေအနေကို နောက်ထပ် ၁နှစ်ဖြစ်စေ ၂ နှစ်ဖြစ်စေ ထပ်ပြီး မလစ်ဟာစေချင်ကြတဲ့ မိဘတွေလည်း အများအပြားရှိတာဖြစ်ပါတယ်။  တော်လှန်ရေးအတွင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်နေတဲ့ အသိုင်းအဝိုင်းများ၏ ရွေးချယ်မှုက တမျိုး ဖြစ်ပြီး တော်လှန်ရေးနဲ့ နိုင်ငံရေးတိုက်ပွဲတွေ၏ ပြင်ပက ပရိသတ်တွေ မထိစပ်တဲ့ အသိုင်းအဝိုင်းတွေ၏ သဘောထားကလည်း နောက်တမျိုး ဖြစ်နေတာကို လက်ခံရပါမယ်။ 

ပညာရေးက နိုင်ငံရေးနဲ့ ဆက်စပ်နေသလားလို့ မေးရင် ဆက်စပ်နေတယ်လို့ ဖြေရမှာဖြစ်ပြီး ပညာရေးရဲ့ အကြောင်းအရာဖြစ်တဲ့ အတတ်ပညာတွေ၊  သင်ခန်းစာတွေကတော့ နိုင်ငံရေး အားလုံးလွှမ်းမိုးထားတာ မဟုတ်ပဲ ဘယ်လို သင်ကြားမှု ရှုထောင့်မျိုးနဲ့ ချဥ်းကပ်သလဲ၊ သင်ရိုးက ခေတ်နဲ့ လိုက်ဖက်ရဲ့လား၊ သင်ကြားမှု စနစ်မှန်ကန်ရဲ့လား ၊ကျောင်းတွေကို အုပ်ချုပ်စီမံခန့်ခွဲမှုက အုပ်ချုပ်သူ ဘယ်လောက် စွက်ဖက်သလဲ စတာတွေက နိုင်ငံရေး စနစ်မကောင်းရင် မကောင်းသလို အရည်အသွေးကျဆင်းနိုင်ပါတယ်။  

သို့ပေမဲ့ တဘက်မှာလည်း အခြားရွေးချယ်နိုင်တဲ့ ငွေကြေး အခွင့်အလမ်းမရှိသူ မိဘတွေအဖို့ အများပြည်သူ တက်ရောက်တဲ့ ကျောင်းမျိုးကိုပဲ အပ်နှံနိုင်တာမို့ စနစ်ကျနတဲ့ ပုဂ္ဂလိကကျောင်းအချို့လိုက ပညာရေးမျိုးနဲ့ နှိုင်းယှဥ်ရင်တော့ အရည်အသွေး နိမ့်ကျမှာ အမှန်ပဲဖြစ်ပါတယ်။  

ပညာရေးစနစ် ပြောင်းလဲခြင်းဟာ နိုင်ငံရေးစနစ် ပြောင်းလဲနိုင်ခြင်းအပေါ် အခြေခံနေတာဖြစ်ပြီး နိုင်ငံရေးစနစ်မပြောင်းလဲနိုင်သေးခင်မှာ လက်ရှိပညာရေးစနစ်ကို လုံးဝ ပစ်ပယ်ထားပြီး အခြားသော အထောက်အကူပြု အွန်လိုင်းသင်တန်းတွေ နဲ့ အစားထိုးမလားဆိုတာ အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ အစားထိုးပညာရေးဆိုတာကလဲ အားလုံး လက်လှမ်းမီနိုင်စွမ်း မရှိခဲ့ဘူးဆိုရင် ပညာသင်ကြားနေသူ ကျောင်သားတိုင်း၏ လက်ရှိဘ၀အခြေအနေအရ ရွေးချယ်နေမှုကို ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ ထုတ်ပြန်တာကလည်း စည်းရုံးရေးနည်းနာရှုထောင့်ကနေ ပြန်ဆင်ခြင်သင့်ပါတယ်။ 

တိုင်းရင်းသားနဲ့ အချို့သော မြန်မာနိုင်ငံ အလယ်ပိုင်း လွတ်မြောက်နယ်မြေတွေမှာ ကျောင်းတွေ ဖွင့်လှစ်ထားရှိတဲ့ သတင်းတွေလည်း တွေ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ဧရိယာက ကျောင်းတွေက လုံခြုံရေးအ ခြေအနေအရ အတည်တကျ ရှိပြီး နှစ်ကာလအတန်ကြာကတည်းက တည်ထောင်ထားခဲ့တာ ဖြစ်လို့ အတိုင်းအတာတခုထိ တည်ငြိမ်တယ်လို့ ဆိုနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေအနေနဲ့တော့ လုံခြုံရေးအခြေအနေအရ ရွှေ့ပြောင်းရတာမျိုး ခေတ္တခဏ ရပ်ဆိုင်းထားရတာမျိုးလည်း ရှိနိုင်ပါတယ်။  

ကနေ့ ကျောင်းသားစာသင်ရမယ့်အရွယ် ကလေးတွေနဲ့ လူငယ်တွေ အဖို့ ဘာသာစကား၊ စာပေ၊ သင်္ချာ၊ သိပ္ပံ၊ စတဲ့အခြေခံအကျဆုံး အတတ်ပညာတွေကို သင်ယူနိုင်ဖို့ အရေးကြီးလှပါတယ်။ ဘယ်ကျောင်းမှာ တက်တယ် ဘယ်သင်ရိုးနဲ့ သင်တယ်ဆိုတာက ဒုတိယ ဖြစ်ပြီး သင်ယူခွင့် ရ၊ မရ က ပထမအရေးကြီးတယ်လို့ ထင်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှု ၊ တော်လှန်ရေး အချိန်ဇယားက ဘယ်လောက်ကြာမယ် မြန်မယ်ဆိုတာ အခုအချိန်မှာ ဘယ်သူမှ တပ်အပ် မသိနိုင်တာမို့ ကလေးတွေရဲ့ ပညာသင်ယူခွင့်က ကျန်တဲ့အချက်တွေ ထက် အရေးကြီးတယ်လို့ ယေဘုယျအားဖြင့် ဆိုချင်ပါတယ်။ တော်လှန်ရေးလှိုင်းလုံးကြီးများ မြင့်မားနေချိန် ပြင်းထန်နေချိန်မှာ မည်သည့် ယန္တရားမဆို ရပ်ဆိုင်းသွားရတာက သဘာ၀တရားဖြစ်ပါတယ်။ အခုချိန်က အချို့မြို့ပြဒေသနဲ့ စစ်ကောင်စီ လက်လှမ်းမီ အုပ်ချုပ်ရေးဒေသတွေက ပညာသင်ကြားရေးလည်ပတ်မှုကို ရှုမြင်ပုံနဲ့ အငြင်းပွားနေကြမှု ဖြစ်ပါတယ်။

ပညာရေးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံဖြစ်တယ်ဆိုတဲ့ စကားက မှန်ပင်မှန်ငြားသော်လည်း နိုင်ငံရေး အကျိုးစီးပွားအတွက်နဲ့ ပညာရေးကို စတေးခံရတာမျိုးလည်း မဖြစ်သင့်တာ အမှန်တရားဖြစ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar