Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၂ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၂ မြင်ကွင်း

(မိုးမခ) မေ ၂၃၊ ၂၀၂၂


NUCC နဲ့ NLD ရဲ့အခန်းကဏ္ဍ ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လမ်းခရီးက စိန်ခေါ်မှုတွေ  

အခု ရက်ပိုင်းအတွင်း နိုင်ငံရေး အသိုင်းအဝိုင်းများအကြား NUCC ကနေ  NLD နုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်းတွေ တိုးတိုးတိတ်တိတ် ပြောဆိုနေခဲ့ကြရာက မနေ့ကတော့ အွန်လိုင်းသတင်းဌာန တခုမှာ NUCC မှာ NLD မပါတော့ဘူးဆိုတဲ့ သတင်းစတင်ထွက်ပေါ်လာပြီးနောက် နာရီအနည်းငယ်အကြာ အခြားသတင်းဌာနကတခုနဲ့ အင်တာဗျူးမှာ CRPH  ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်ညွန့်က အဆိုပါ သတင်းက မှားယွင်းကြောင်း ဖြေရှင်းခဲ့ပါတယ်။  

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ  အတိုကောက်အားဖြင့် NUCC ဟာ  စစ်အာဏာသိမ်းပြီးနောက် မကြာခင်ပေါ်ထွက်လာတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစုတွေ အများဆုံးပါဝင်တဲ့ တပ်ပေါင်းစုလို့ နားလည်ထားကြတဲ့ အတိုင်ပင်ခံကောင်စီ ဖြစ်ပါတယ်။ NUCC မတိုင်ခင် ပေါ်ထွက်လာတဲ့ အဖွဲ့အစည်းတွေက CRPH ဖြစ်ပြီး NUG လို့ခေါ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရက NUCC ဖွဲ့ပြီးနောက် တလကျော် အကြာ ၂၀၂၁ ခုနှစ် သင်္ကြန်အတက်နေ့  ဧပြီ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။  

NUCC မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုတော့ ယေဘုယျအားဖြင့် ခွဲခြားကြည့်ရင် ခေါင်းစဥ် ၅ မျိုးတွေ့ရပြီး ၁၊ CRPH ၂၊ နိုင်ငံရေးပါတီ ၃၊ လူမျိုးအလိုက် အတိုင်ပင်ခံကောင်စီတွေ ၄၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ၅၊ သပိတ်ကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြု အဖွဲ့အစည်းတွေ ဖြစ်ပြီး စုစုပေါင်းအဖွဲ့အနေနဲ့ ၃၀ နီးပါး လူအားဖြင့် ၅၀ နဲ့ ၆၀ ကြား စတင်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။  ဘယ်လို တာဝန်ယူကြသလဲဆိုတဲ့ အချက်အလက် အသေးစိတ် ထုတ်ပြန်ပြောဆိုတာ မရှိသေးပဲ။ ယေဘုယျအားဖြင့် NUCC က နိုင်ငံရေးအရ စုစည်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု မူဝါဒ ချမှတ်တဲ့အဖွဲ့ အောက်ခြေအဖွဲ့အစည်းမရှိဘဲ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးကို ရည်မှန်းချက် ပန်းတိုင်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့လည်း ဆိုရမယ် ထင်ပါတယ်။  

 အခုလို နိုင်ငံရေးအရ မဟာမိတ်တပ်ပေါင်းစု ဖြစ်တဲ့ NUCC ထဲမှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့လည်း ရှိပါတယ်။ ကေအန်ယူ၊ ကေအန်ပီပီ နဲ့ အခြားအမည်မဖေါ်လိုတဲ့ အဖွဲ့ စုစုပေါင်း ၆ ဖွဲ့ပါဝင်တယ်လို့ စတင်ဖွဲ့စည်းစဥ်ကာလမှာ ပြောဆိုထားဖူးတာလည်း ဖြစ်ပါတယ်။  

NUCC အနေနဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ အွန်လိုင်းက တဆင့်ပြုလုပ်ခဲ့ပြီး နောက်ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ယ​ခုနှစ် ဇန်နဝါရီလ မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မူဝါဒချမှတ်ရုံပဲလား၊ စစ်အာဏာရှင်ဖြုတ်ချရေးမှာ ခေါင်းတွဲလို ဖြစ်နေတဲ့ NUG နဲ့ ဘယ်လို ဆက်ဆံ လုပ်ကိုင်ကြသလဲ၊ ဘယ်သူတွေက ဘာတာဝန်တွေ ယူထားသလဲ ဆိုတာတွေက လုံခြုံရေး အနေအထားကြောင့် သော်လည်းကောင်း ပုံစံကျ စနစ်ကျနေတဲ့ ဦးဆောင်အဖွဲ့အစည်းတခုအဖြစ် ပုံဖော်နေဆဲကြောင့်သော်လည်းကောင်း ထုတ်ပြန်အသိပေးနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။  

အဲဒီလို အခြေအနေမျိုးမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေစဥ် နိုင်ငံအနှံ့အပြား တိုက်ပွဲ၊ စစ်ဘေးရှောင် ဒုက္ခသည်၊ နေအိမ်နဲ့ ကျေးရွာတွေ ဖျက်ဆီးခံနေကြရချိန်မှာ နိုင်ငံရေးအရ ဦးဆောင်မှု အပိုင်းမှာ ရှုပ်ထွေးမှုတွေ ပေါ်ထွက်လာတာဖြစ်လို့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပါဝင်သူတွေ အဖွဲ့အစည်းတွေအဖို့ ရှုပ်ထွေးမှုတွေ၊ အားလျော့မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။  

မြန်မာ့နိုင်ငံရေး သမိုင်းရဲ့ အတက်တွေ အကျတွေ ဖြစ်တဲ့ မဟာမိတ် တပ်ပေါင်းစုတွေ ဖွဲ့စည်းလိုက်၊ ပြန်လျော့သွားလိုက်၊ ရပ်ဆိုင်းသွားလိုက် ဆိုတဲ့ အတက်တွေ အကျတွေ အရင့်အရင် နိုင်ငံရေးသမိုင်းအဖြစ်အပျက်တွေမှာ ရှိခဲ့ပြီးဖြစ်တာမို့လို့ အခုတကြိမ်လည်း သံသရာ တကျော့မလည်စေချင်ပါဘူး။  

NUCC  အနေနဲ့ အခုလို သတင်းတွေ ပြောဆိုမှုတွေ ထွက်ပေါ်လာနေချိန်မှာ အများရှင်းရှင်းလင်းလင်း သိရှိအောင်၊ အမြင်မတူမှုတွေ ရှိနေခဲ့ရင်လည်း တာဝန်ခံမှုရှိစွာ၊ အများအကျိုးကို ပထမဦးစားပေးထားပြီး အမြန်ဆုံး ရှင်းလင်း တင်ပြသင့်တယ်လို့ ထင်ပါတယ်။ ပါဝင်နေသူ အားလုံးက ညှိနှိုင်းဆွေးနွေးဖြေရှင်းကြဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း နှိုးဆော်ချင်လိုက်ချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar