Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၇ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - မေ ၇ မြင်ကွင်း

(မိုးမခ) မေ ၈၊ ၂၀၂၂

ထိုင်းနိုင်ငံထဲခိုးဝင်ဖို့ကြိုးစားကြရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ဘဝ၊ စားဝတ်နေရေး နွံထဲရုန်းကန်နေကြရတဲ့ လူထု


နေ့စဥ်သတင်းတွေထဲ အစဥ်အမြဲပါနေကျ သတင်းအကြောင်းအရာတခုက ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံကြရတဲ့ သတင်းအကြောင်းအရာ ဖြစ်ပါတယ်။ နေ့စဥ် ဖြစ်ပျက်နေတာဖြစ်လို့ မထူးဆန်းဘူး သတင်းမဟုတ်တော့ဘူး လို့ယူဆစရာ ရှိကောင်းရှိပေမယ့် တကယ်တော့ အဖြစ်အပျက်တွေက နေ့စဥ်ထူးခြားတဲ့ အဖြစ်အပျက်တွေ အသက်ဆုံးရှုံးမှုတွေ အထိဖြစ်ပျက်နေတာက ကြားနေကျ သတင်းပေမယ့် ဖြစ်ရပ်တွေက တကြိမ်နဲ့ တကြိမ်မတူပဲ ထူးခြားနေတာ ဖြစ်ပါတယ်။

တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ ကား မှောက်လို့ အသက်ဆုံးရှုံးကြရတဲ့ သတင်းမျိုးလည်း မကြာခဏကြားသိကြရသလို ယမန်နေ့ကတော့ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ကားတစီးသေနတ်နဲ့ အချက်များစွာပစ်ခံရပြီး မြန်မာနိုင်ငံသားတဦးသေဆုံးပြီး ၂ ဦးသေနတ်ဒဏ်ရာရထားတာကို တွေ့ရှိရတယ်လို့ သတင်းဖေါ်ပြမှုမှာ ဖတ်ရှုရပါတယ်။

အချို့သော တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားတဲ့ အဖြစ်အပျက်တွေမှာတော့ ဟင်းသီးဟင်းရွက်တင်တဲ့ ကားထဲ လူတဒါဇင်ကျော် ပုန်းအောင်းပြီးလိုက်ပါလာတာကို ရဲတွေရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်မျိုးလည်း တကြိမ်မက သတင်းထဲတွေ့ခဲ့ရသလို ၊ တောထဲ ရက်အတန်ကြာ ပုန်းအောင်းနေကြရလို့ စားစရာ လုံလုံလောက်လောက် မပါဘဲ တောထဲတောင်ထဲ ခိုအောင်းပြီး ခိုးဝင်ဖို့ကြိုးစားကြရတဲ့ သတင်းတွေလည်း မကြာခဏ သတင်းတွေထဲ ဖတ်ရှုကြရတာ ဖြစ်ပါတယ်။

လူမှောင်ခိုကူးသူတွေကို မြန်မာငွေသိန်းဆယ်ဂဏန်းချီပေးပြီး အခုလိုခိုးဝင်ဖို့ ကြိုးစားကြရတာလည်း ဖြစ်ပါတယ်။ ငွေသိန်းဆယ်ဂဏန်းအထိ ပေးပြီး တရားမဝင်ဝင်ရောက်ရတဲ့ အခြေအနေ လမ်းမှာ ကားမတော်တဆဖြစ်ပွားခဲ့ရင် အသက်ဆုံးရှုံးနိုင်ခြေ၊ အခုလို သေနတ်နဲ့ ပစ်ခတ်ခံရရင် အသက်ဆုံးရှုံးနိုင်ခြေ စသဖြင့်အန္တရာယ် အမျိုးမျိုးကြားက ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ဖို့ ကြိုးစားရတဲ့အခြေအနေက မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ထိ ကျဆင်းနေသလဲဆိုတာကို ထင်ဟပ်ပြသနေတာလည်း ဖြစ်ပါတယ်။

စက်ရုံအလုပ်ရုံတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာနေတာ၊ ကျေးလက်တွေမှာ မတည်မငြိမ်ဖြစ်နေတာကြောင့် လုံခြုံမှုမရှိတဲ့အနေအထားကနေ တဖက်နိုင်ငံမှာ တရားမဝင်နေရတာ ဖြစ်ပေမယ့် အလုပ်အကိုင်အခွင့်အလမ်းနဲ့ တည်ငြိမ်တဲ့ အခြေအနေရှိလို့ သွားရောက်ဖို့ ဆုံးဖြတ်ကြတာလို့ ကောက်ချက်ချမိပါတယ်။

စက်သုံးဆီစျေးနှုန်းမြင့်တက်တာ၊ ငွေကြေးလဲလှယ်နှုန်းတွေ မတည်ငြိမ်တာ၊ ဘဏ်စနစ်မှာ ငွေလည်ပတ်မှု အကြပ်အတည်းရှိနေတာတွေက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ အလုပ်အကိုင်အခွင့်အလမ်းသစ် ပေါ်လာဖို့ထက် ရှိနေပြီးအခွင့်အလမ်းတွေပါ တတိတိနဲ့ လျော့နည်းလာနေတဲ့ အခြေအနေမှာ ပြည်ပကို အလုပ်ထွက်လုပ်ဖို့ နည်းလမ်းကို ရွေးချယ်ကြရတာမျိုးဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှု လျော့ကျလာချိန် ထိုင်းနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်လည်ပတ်နိုင်အောင် ကြိုးစားလာချိန် မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာမှာကို မျှော်မှန်းပြီး သွားရောက်ဖို့ကြိုးစားကြတာလည်း ဖြစ်ပါတယ်။

ခုလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံမှာ အစိုးရ ၂ ရပ်လို ဖြစ်နေပြီး တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသားတွေအခွင့်အရေးနဲ့ ပတ်သက်လို့ ဘယ်အစိုးရက တာဝန်ယူလုပ်ဆောင်မှာလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်းမရှိပါဘူး။ တဖက်မှာလည်း နိုင်ငံရေးအခြေအနေက ဦးစားပေးဖြစ်နေပြီး နိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းက နိုင်ငံရေးပြဿနာ အကြပ်အတည်းကို ဖြေရှင်းပြီးနောက်ဆိုတဲ့အတွေးမျိုး အယူအဆမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ တရားမဝင် သွားရောက်ဖို့ ကြိုးစားသူတွေ အကြောင်းအပြီးမှာတော့ ပြည်တွင်းက လူတွေရဲ့ စားဝတ်နေရေး မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေရဲ့ ဝန်၊ ဝင်ငွေကျဆင်း အလုပ်အကိုင် အခွင့်အလမ်းလျော့နည်းလာတဲ့ အခြေအနေ ၊ ဒေသအတော်များများမှာ လုံခြုံရေးအခြေအနေ မကောင်းတဲ့ အခြေအနေတွေက လူနေမှု ကုန်ကျစရိတ်ရေထဲ တဖြေးဖြေးနဲ့ ခြေဖျားထောက်မမှီလို့ နစ်မြုပ်လာတဲ့ အနေအထားမျိုး ဖြစ်လာနေပါတယ်။

ကမ္ဘာမှာ စစ်ရိပ်စစ်ငွေ့နဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ ကန့်သတ်မှုတွေ စိုးရိမ်မှုတွေက စက်သုံးဆီမြင့်တက်လာသလို စားအုန်းဆီ၊ ဂျုံလို ရိက္ခာစျေးတွေလည်း ကမ္ဘာနဲ့ချီမြင့်တက်လာနေတာက မြန်မာနိုင်ငံကိုလည်း အတိုင်းအတာတခုထိ ရိုက်ခတ်နေပါတယ်။ ဆန်စပါးက ပြည်တွင်းမှာထွက်ရှိလို့ ဆန်စျေး သိသာစွာမတက်ပေမယ့် စက်သုံးဆီစျေး စံချိန်တင်မြင့်တက်မှုကြောင့် သယ်ပို့စရိတ်တက်ပြီးစားသောက်ကုန်တွေ အသားငါးတွေ စျေးမြင့်တက်လာတာ တွေ့နေရပါတယ်။

စားအုန်းဆီစျေးလည်း ၂ ဆနီးနီးမြင့်တက်လာတာကြောင့် နေ့စဥ် စားသောက်စရိတ်ကို သိသာစွာမြင့်တက်စေတာ ဖြစ်ပါတယ်။ ကိုဗစ်ကန့်သတ်မှုတွေ စတင်ခဲ့စဥ်ကတည်းက ပိတ်ထားရတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်တဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း၊ ဟိုတယ် တည်းခိုရေး လုပ်ငန်းလိုမျိုးက ကိုဗစ်ကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ပေးချိန်မှာ လုံခြုံရေးအခြေအနေက ကျဆင်းလာတာကြောင့် ပြန်မစနိုင်ကြသေးတာလည်း တွေ့ရပါတယ်။ ခရီးသွားလုပ်ငန်းတွေကို မှီခိုကြရတဲ့ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး၊ မကွေးတို့လို ဒေသတွေမှာလည်း ပြန်မလည်ပတ်နိုင်ကြတာတွေ့ရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ဒေသတွေက ပြည်သူတွေအဖို့ အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်တဲ့ နေအိမ် ပိုင်ဆိုင်မှုတွေ ခြိမ်းခြောက်ခံနေရသလို လက်နက်ကိုင် ပဋိပက္ခတိုက်ရိုက် မဖြစ်ပွားတဲ့ ဒေသကသူတွေ အဖို့ မြို့ပြတွေမှာ နေထိုင်တဲ့ သာမန်ပြည်သူတွေအဖို့လည်း အခြားသော စီးပွားရေးဆိုင်ရာ လူနေမှုစရိတ်မြင့်တက်လာတာ ဝင်ငွေအခွင့်အလမ်း ရှားပါးလာတာ ရဲ့ နှစ်ဖက်သော အကျိုးသက်ရောက်မှုတွေနဲ့ ဒီရေတက်လာလို့ တဖြည်းဖြည်း ခြေထောက်လို့ မမှီတော့တဲ့ အနေအထားမျိုးနဲ့ အလားသဏ္ဍာန်တူနေတဲ့ဘဝမျိုး ဖြစ်လာနေပြီ ဖြစ်ပါတယ်။

(ထိုင်းနိုင်ငံအတွင်း မေ ၇က အထက်ပါသတင်းမှာ - အတိုက်ခိုက်ခံရတဲ့ မြန်မာနိုင်ငံသားများကို ထိုင်းရဲတို့စစ်မေးနေစဉ် ဓာတ်ပုံ)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar