Breaking News

ဗိုလ်ကျော်ဇောရဲ့ စစ်ရေးအမြင်များ - အမှာစာ


ဗိုလ်ကျော်ဇောရဲ့ စစ်ရေးအမြင်များ - အမှာစာ

(မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၅၊ ၂၀၁၉

ဗိုလ်ကျော်ဇောကို ၁၉၁၉ ဒီဇင်ဘာ(၃)ရက်မှာ မွေးဖွားတာဖြစ်လို့ အခု ၂၀၁၉ ဒီဇင်ဘာ(၃) ရက်မှာ အသက် (၁၀ဝ) ပြည့်ပါတယ်။ ဒါကြောင့် ရာပြည့် အထိမ်း အမှတ်အဖြစ် “ဗိုလ်ကျော်ဇော၏ စစ်ရေးအမြင်များ” အတွဲ(၁) စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့ စစ်ရေးအမြင်များ ဆိုတာ ဘာလဲ။

ဗိုလ်ကျော်ဇောဟာ အသက်(၁၉)နှစ်အရွယ် (ဆရာအတတ်သင် ကျောင်းသားဘဝ)မှာ မိမိတိုင်းပြည် အင်္ဂလိပ်နယ်ချဲ့လက်အောက်က လွတ် မြောက်ရေး ဗမာ့လွတ်လပ်ရေးတိုက်ပွဲကစလို့ ဗမာပြည်သူတွေရဲ့ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်မှာ လိုအပ်တဲ့နေရာမှန်သမျှက လိုအပ် တဲ့ အရာမှန်သမျှကို တက်ကြွစွာ ဇွဲလုံ့လဝိရိယကြီးစွာနဲ့ သင်ယူလေ့လာ ဆောင်ရွက်လုပ်ကိုင်ရင်းက စစ်သားတယောက်၊ တော်လှန်ရေးသမား တ ယောက်၊ ကွန်မြူနစ်တယောက် တနည်း ရာသက်ပန် ပြည်သူဘက်တော် သားကြီးတယောက်အဖြစ် ကွယ်လွန်ချိန် (အသက် ၉၃နှစ် ၁၀-၁၀-၂၀၁၂) အထိ တိုင်းပြည်တာဝန် အဝ၀ ကို ထမ်းဆောင်သွားသူပါ။

ဗိုလ်ကျော်ဇော ဘဝတလျှောက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆိုင်ရာ ကိစ္စများအတွင်း စီမံကိန်းရေးဆွဲချက်များနဲ့ဆောင်ရွက်ချက်များ၊ ပြောဆို ချက်များ၊ နိဂုံးချုပ်ချက်များ၊ အစီရင်ခံစာများ စတာတွေမှာ ဗိုလ်ကျော်ဇော ရဲ့စစ်ရေးအမြင်များကို တွေ့ရှိနိုင်ပါတယ်။

ဒါတွေကိုစုစည်းပြီး ရတတ်သမျှတွေကို ပြန်လည်ဖြန့်ချိတာ ဖြစ်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့စစ်ရေးဘဝဟာ နှစ်ပိုင်းရှိပါတယ်။

၁။ပထမပိုင်း - ၁၉၄၁ခုနှစ် ဂျပန်မှာစစ်ပညာတွေသင်ပြီး ရဲဘော်သုံးကျိပ်ဝင် တဦးအဖြစ် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ)ကို ၂၆-၁၂-၁၉၄၂ နေ့မှာ ခေါင်းဆောင်ဖွဲ့စည်းပြီးစဉ်ကစလို့ အစဉ်အဆက် ဖွဲ့စည်းခဲ့တဲ့ ဗမာ့ တပ်မတော်တွင်း(ဘီ-ဒီ-အေ၊ ပီ-ဘီ-အက်ဖ်) တာဝန်အမျိုးမျိုးကို ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၄၅ ဂျပန်တော်လှန်ရေးအတွင်း တိုင်း(၄) တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်ကစလို့ ဗမာပြည်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ရေး များအတွက် တောင်ပိုင်းတိုင်းမှူး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အဖြစ် နှစ်တိုင်းစလုံး(ထိုစဉ်ကဗမာတပ်မတော်မှ ာစစ်တိုင်းကြီး (၂) တိုင်းပဲရှိပါတယ်။) မှာ တာဝန်ယူခဲံ့ရာမှာ တိုင်းပြည်တွင်း ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲအမျာအပြားမှာ ဦးစီးတိုက်ခဲ့ရပါတယ်။

၁၉၅၇ ခုနှစ်မှာ တပိမတော်က အငြိမ်းစားပေးခြင်း ခံရပါတယ်။

၂။ ဒုတိယပိုင်းကတော့ - မဆလစစ်အာဏာရှင်စနစ်ရဲ့လက်ကိုင်တုတ် ဖြစ်သွားတဲ့ မဆလစစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ၁၉၇၆ ခုနှစ်ကစလို့ ဗမာပြည်ကွန်မြူနစ်ပါတီဆီ ပြန်လည်ရောက်ရှိလာပြီး ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ဗဟိုစစ်ကော်မရှင်တဦးအဖြစ် တာဝန်ထမ်းဆောင်ကာ မဆလ စစ်တပ် ကို တိုက်ခိုက်တဲ့တိုက်ပွဲကြီးများမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုပါဝင်ထမ်းဆောင်ခဲ့ရတဲ့ တာဝန်အမျိုးမျိုးကို ဗိုလ်ကျော်ဇောဟာ (ဆရာကြီးမောင်စွမ်းရည်သုံးတဲ့ စကားယူသုံးရရင်) ကျောင်းဆရာဘဝက လာသူပီပီ အားလုံကို မှတ်တမ်းတင် ရေးသားထားပါတယ်။

ဒါကြောင့်ပဲ ၁၉၄၁ ဂျပန်စစ်ပညာသင်နေ့စဉ်မှတ်တမ်းကစလို့ ၁၉၅၄-၅၅ - တရုတ်ဖြူကျူးကျော်မှုကိုတိုက်တဲ့စစ်ဆင်ရေးများအလယ် ၊  ၁၉၈၈ မိုင်းယန်း တိုက်ပွဲအဆုံး မှတ်တမ်းအပြည့်အစုံ ဗိုလ်ကျော်ဇောက ရေးသား မှတ် တမ်းတင်ထားခဲ့ပါတယ်။

အဲဒီ မှတ်တမ်းမှတ်ရာတွေကို သက္ကရာဇ်ဇယားအတိုင်း လေ့လာ ကြည့် မယ်ဆိုရင် ဗိုလ်ကျော်ဇောရဲ့ စစ်ရေးအမြင်တွေ တဖြည်းဖြည်းချင်း ပြည့်ဝ ရင့်ကျက် ဘက်စုံကျလာတာတွေကို မြင်နိုင်ပါတယ်။ လက္ခဏာသဏ္ဌာန် မတူတဲ့ တိုက်ပွဲအမျိုးမျိုးကိုတိုက်ရာမှာ သေနင်္ဂဗျူဟာနည်းနာမျိုးစုံကို တီထွင် ဖန်တီးမှုရှိစွာ သုံးခဲ့တာတွေကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။

တကယ်တော့ ဗိုလ်ကျော်ဇောဟာ စစ်ပညာတွေကို စနစ်တကျ အဆင့်မြင့်မြင့် မသင်ခဲ့ရရှာပါဘူး။ ဘယ်စစ်တက္ကသိုလ်မှလည်း မတက် ခဲ့ရပါဘူး။

ဗိုလ်ကျော်ဇောရဲ့စစ်ပညာသင်ကြားမှုဟာ ၁၉၄၂ ဂျပန်တွေသင်ပေးလိုက် တဲ့ တပ်စုအဆင့် (၃)လသင်တန်းလေးနဲ့ ၁၉၄၆ မှာ အင်္ဂလိပ်တွေသင်ပေးတဲ့ မေမြို့အထူးဗိုလ်သင်တန်းလောက်သာ ဖြစ်ခဲ့ ပါတယ်။

ဒါပေမဲ့ ဒီသင်တန်းတွေကနေ သင်ပေးလိုက်တဲ့ ရရှိချက်တွေထဲက သင့်လျော်ကောင်းမွန်ချက်များကို ဗိုလ်ကျော်ဇောက သူ့အခြေခံ တိုင်း ချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ အလွန်ဇွဲလုံ့လကြီးစွာ အဆက်မပြတ် လေ့လာပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေနိုင်ခဲ့ပါတယ်။

၁၉၄၄ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ ဖျာပုံက သခင်စိုးကိုသွားခေါ်စဉ် သခင်စိုးက သူ့လာခေါ်တဲ့ ဗိုလ်ကျော်ဇောနဲ့ အပေါင်းပါရဲဘော်အုပ်ကို နိုင်ငံရေးသင်တန်း ဆီးပေးခဲ့ပါတယ်။ အဲဒီသင်တန်း မှာ ဗိုလ်ကျော်ဇောဟာ မာ့က်စ်ဝါဒနဲ့ စတင်ထိတွေ့လိုက်ရပြီး အနုပဋိ လောမရုပ်ဝါဒကို ကိုင်စွဲမိသွားပါတော့တယ်။

ဒါ့အပြင် အခွင့်အရေးရရင် ရသလို လေ့လာမှုများ (ဥပမာ အနောက် တိုင်းနိုင်ငံများ သွားရောက်လေ့လာစဉ် စစ်သမိုင်းပြတိုက်ကြီးများကို သွားရောက် လေ့လာခြင်း၊)နေရာဒေသအသီးသီး၊ လူပုဂ္ဂိုလ်အသိီးသီး တွေဆီက အချက် အလက်အကြောင်းအရာများကိုလည်း လေ့လာမေးမြန်း ဆည်းပူးပြီး မှတ်တမ်းမှတ်ရာတွေ တင်ထားတတ်ရုံမက အဲဒီအကြောင်း အရာတွေ အပေါ်မှာ မိမိ ရဲ့ထင်မြင်ယူဆချက်တွေ (နိဂုံးချုပ်ချက်)တွေ ကိုလည်း ထုတ်ယူတတ်တာ တွေ ကလည်း ဗိုလ်ကျော်ဇောရဲ့ စစ်ရေးအမြင်ဘဏ္ဍာတိုက်ကြီးကို ဖြည့်ပေးခဲ့ သလိုဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဗိုလ်ကျော်ဇောဟာ မိမိရဲ့ကြွယ်ဝလှတဲ့ လက်တွေ့များကို လေ့လာရရှိတဲ့ သဘောတရားတွေနဲ့ မှန်မှန်ကန်ကန် ပေါင်းစပ်နိုင်ပြီး မိမိရဲ့အမြင်တွေကို တဆင့်ပြီးတဆင့် မြှင့်တင်နိုင်တာကိ်ု တွေ့နိုင်ပါတယ်။

ဒါတွေပေါ် အခြေခံပြီး ဗိုလ်ကျော်ဇောဟာ သူ့ဘဝတောက်လျှောက် တိုက်ခဲ့ရတဲ့ တိုက်ပွဲများကို ရင်ဆိုင်ဖြေရှင်းရာမှာ အလွန်စနစ်တကျရှိပြီး ရေပက်မဝင်အောင် အသေးစိတ် အသေးအမွှားလေးကအစ ပြင်ဆင်နိုင် စွမ်းရှိပြီး အဆင့်တိုင်းအဆင့်တိုင်းမှာ ဘက်စုံလှပါတယ်။ မိမိရဲ့ အားနည်း ချက်များကိုလည်း ရအောင်ရှာနိုင်ပြီး သင်ခန်းစာများကို ကောင်းကောင်း လက်ခံယူနိုင်ပြီး အချိန်မီပြုပြင်တတ်တာတွေကိုလည်းတွေ့ရပါတယ်။

ဒီ-ဗိုလ်ကျော်ဇောရဲ့စစ်ရေးအမြင်များကို ခုနှစ်သက္ကရာဇ်အလိုက် လေ့လာ သုတေသနပြုလုပ်သင့်ပြီး ရရှိချက်များကိုလည်း ခုနှစ်သက္ကရာဇ်အလိုက်ပဲ အစီအစဉ်ရှိရှိ တင်ပြသင့်ပါတယ်။ တနည်းပြောရရင် စာအုပ်များ ထုတ်ဝေရင် လည်း အဲသလိုအစီအစဉ်နဲ့ပဲ ထုတ်သင့်တာပါ။ မူလက ဒီအတိုင်း လုပ်ဆောင်ဖို့စဉ်းစားထားချက်ရှိပါတယ်။

ဒါပေမဲ့ လက်ရှိ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေက ဒီလို လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးမပေးပါဘူး။

ဗိုလ်ကျော်ဇောရဲ့အစောပိုင်းကာလ စစ်သားဘဝ(ဗမာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်)က မှတ်တမ်းအားလုံးနီးပါးဟာ ၁၉၇၆ ခုနှစ် ဗိုလ်ကျော်ဇော တောခိုစဉ် ထောက်လှမ်းရေးက ရန်ကုန်စမ်းချောင်းအိမ်က အကုန်လာသိမ်းယူသွားခဲ့ပါတယ်။(ဒါတွေဟာမိတ္တူတွေပါ။ မူရင်းတွေကတော့ အစိုးရ သို့မဟုတ် စစ်တပ်ကို ပေးထားတွေရှိပါတယ်။)

သမိုင်းဝင်စာတမ်းတွေဖြစ်တဲ့ (ဥပမာ ဂျပန်စစ်ပညာသင်ကာလ နေ့စဉ်မှတ်တမ်း) ဆိုတာမျိုးတွေ တချို့တပ်မတော်မော်ကွန်းတိုက်မှာ ရှိနေပါတယ်။ နဝတ-နအဖခေတ်ထုတ် တပ်မတော်သမိုင်းစာအုပ်များမှာ ကိုးကားစာရင်းတွေထဲမှာ ပါရှိတာ တွေ့ရပါတယ်။

ဒီစာတမ်းတွေကိုယခုအခါ လက်လှမ်းမမီဖြစ်ရပါတယ်။

တခါ ၁၉၇၆-၁၉၈၉ အထိ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟို စစ် ကော်မရှင်နေနဲ့ ပါဝင်တိုက်ခိုက်ခဲ့ရတဲ့ အရှေ့မြောက်ဒေသ စစ်ပွဲကြီး များရဲ့ မှတ်တမ်းမှတ်ရာများလည်း ၁၉၈၉ ဧပြီလ ပန်ဆန်းက ထွက်လာခဲ့ရ ကတည်းက အကုန်ဆုံးရှုံံကုန်ပါတယ်။

၁၉၉၀ နောက်ပိုင်း တဖက်နိုင်ငံ ခိုလှုံနေထိုင်နေရစဉ် မှတ်မိသမျှတွေ ပြန်ရေးသားထားတာတွေ၊ တချို့စာရွက်စာတမ်းတွေ ပြန်ရလာတာတွေ စတာတွေနဲ့ ဗိုလ်ကျော်ဇောဟာ ပြန်လည်စုဆောင်း မှတ်တမ်းတင်ခဲ့တာတွေ သူလုပ်နိုင်သမျှ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့  ပြည့်စုံလုံလောက်ခြင်း မရှိပါဘူး။

အခုလည်း နေရီရီက ဗိုလ်ကျော်ဇောရာပြည့် အထိမ်းအမှတ် စာအုပ်ထုတ်ချင်တယ်လို့ဆိုလာပါတယ်။

ဒါ့ကြောင့် ပြည့်စုံလုံလောက်ခြင်းမရှိပေမယ့် ရှိသမျှလေးကို မှတ်တမ်းအဖြစ်တင်လိုတဲ့အတွက် အခု ဒီစာအုပ်-“ဗိုလ်ကျော်ဇော၏ စစ်ရေးအမြင်များ”အတွဲ(၁) ကို ထုတ်ဝေလိုက်ပါတယ်။

ဒီစာအုပ်မှာပါတဲ့---

၁။ ကူမင်တန်ကျူးကျော်မှုတိုက်ထုတ်ရေးစစ်ဆင်ရေးများ  ဆိုတဲ့မှတ်တမ်းဟာ ဗိုလ်ကျော်ဇောမှတ်မိသလောက် ပြန်ရေးသားထားချက်ဖြစ် ပါတယ်။ သူရဲ့ ကိုယ်တိုင်ရေး အတ္ထုပွတ္တိစာအုပ်မှာလည်း ထည့်သွင်းဖော်ပြပြီးဖြစ်ပါတယ်။ ဒီစာတမ်းနိဂုံးပိုင်းမှာ ဗိုလ်ကျော်ဇောက ဒီလိုရေးထားပါတယ်။

------ ဤသည်များမှာ ကျွန်တော်ဦးစီးပြိီး တရုတ်ဖြူများအား တိုက်ခိုက် ချေမှုန်းခဲ့သည့် ဘုရင့်နောင်စစ်ဆင်ရေးနှင့် ရန်ကြီးအောင် စစ်ဆင်ရေး ကြီး များအကြောင်း မှတ်မိသလောက်နှင့် စုဆောင်းထားသော မှတ်တမ်းမှတ်ရာ အချို့များမှ စုပေါင်းရေးသားတင်ပြခြင်းဖြစ်ပါသည်။---

----- ပြည့်စုံလုံလောက်ခြင်းတော့ မရှိ်ပါ။ ကျွန်တော့် ကိုယ်ပိုင်မှတ်တမ်း များကိုလည်း ကျွန်တော်တောခိုစဉ် (၁၉၇၆ခုနှစ်)က အစိုးရသိမ်းယူ သွားပြီးဖြစ်သဖြင့် မရှိတော့ပါ။ တပ်မတော်မော်ကွန်းတိုက်တွင်တော့ အတော်အသင့် ရှိနိုင်ပါသေးသည်။ ထိုကာလကထုတ်သည့် သတင်းစာ၊ စာစောင်များမှလည်းကောင်း၊ ထိုစဉ်က ကျွန်တော်တို့နှင့် အတူ ပါလာသော ရုပ်ရှင်အဖွဲ့ ရိုက်ကူးထားသော ရုပ်ရှင်များမှလည်းကောင်း ပိုမိုပြည့်စုံ သောအချက်အလက်များရရှိနိုင်ပါသည်။ ကျွန်တော်ကတော့ ဤမျှသာ တတ်နိုင်ပါတော့သည်။-----

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအတ္ထုပွတ္တိ ဆိုင်းစုမှသည်မန်ဟိုင်းဆီသို့(ယဉ်မျိုးစာပေ) နှာ၂၃၉။)

၂။ အရှေ့မြောက်ဒေသတိုက်ပွဲကြီးတပွဲ -  ပန်ကော်ချူဆွေ တိုက်ပွဲနိဂုံးချုပ် စာတမ်းကတော့ ဗိုလ်ကျော်ဇော ၁၉၇၆ ခုနှစ်ဗမာပြည်ကွန်မြူနစ်ပါတီကို ပြန်လည်ရောက်ရှိပြီးနောက် ဗဟိုစစ်ကော် မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်း ဆောင်စဉ်က ပါတိီဗဟိုရဲ့ တာဝန်ပေး ချက်အရ ရှေ့တန်းစစ်မြေပြင် ကြီးကြပ်အမိန့်ပေးအဖွဲ့ဝင်အဖြစ် ပါသွားရ စဉ်က တိုက်ပွဲအတွေ့အကြုံများ နိဂုံးချုပ်သုံးသပ်ချက်များကို ဗိုလ်ကျော်ဇော ကိုယ်တိုင်ရေးသားပြီး ဗဟိုသို့ တင်ပြခဲ့တဲ့စာတမ်းပါ။ ဒီစာတမ်းကို ၁၉၈၉ ခုနှစ် ပန်ဆန်းမှာကျန်နေရစ်တဲ့ ရဲဘော်တချို့က တွေ့ရှိသိမ်းဆည်းထားပြီး နောင်နှစ်ကာလ တချို့ ကြာပြီးနောက် ဗဟိုသို့ ပြန်လည်ပို့ပေးခဲ့တဲ့ စာရွက်စာတမ်းများထဲမှာ ပါဝင် လာတာဖြစ်ပါတယ်။ (ဒီစာတမ်းကိုလည်း မိုးမခကွန်ရက်မှာ တင်ပြီး ဖြစ်ပါတယ်။)

၃။ ၁၉၇၈ ခုနှစ် ပန်ဆန်းအရှေ့မြောက်စစ်ဒေသ နိုင်ငံရေးစစ်ရေးကေဒါ

ကျောင်းဆင်းပွဲမှာ ပြောခဲ့တဲ့ဗိုလ်ကျော်ဇောရဲ့ မိန့်ခွန်းပါ။ သင်တန်းဆင်း ရဲဘော်တယောက်ရဲ့မှတ်တမ်းလိုက်ချက်ဖြစ်ပြီး နောက်ပိုင်းမှာ ပြန်လည်ရရှိခဲ့ တာဖြစ်ပြီး တရုတ် ဘာသာနဲ့ မှတ်စုလိုက်ထားချက်ကို မြန်မာလို ဘာသာပြန်ထားတာဖြစ် ပါတယ်။ မှတ်ချက်အပြည့်အစုံကို အဲဒီမိန့်ခွန်းနိဂုံးမှာ ဖော်ပြထားပါတယ်။

၄။ ၁၉၉၆ ခုနှစ်က ပါတီဗဟိုသို့ ပေးပို့ခဲ့တဲ့စာတမ်း။ (နဝတ စစ်အုပ်စု နဲ့စစ်တပ်အကြောင်း။)

ဗိုလ်ကျော်ဇောဟာ ၁၉၇၆ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီကို ပြန်လည် ရောက်ရှိလာပြီးကတည်းက ဗမာ့တပ်မတော်(ထိုစဉ်ကမဆလတပ်)အကြောင်း သူလေ့လာတွေ့ရှိချက်တွေကို ပါတီတပ်များအတွင်း အခွင့်ရရင်ရသလို ဟောပြောပို့ချခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ရေးသားခဲ့တဲ့ ဒီစာတမ်းဟာ နဝတ-နအဖခေတ် စစ်တပ်အကြောင်း နောက်ဆုံးရေးခဲ့တဲ့စာတမ်းပါ။ ဒီစာတမ်းမှာ စစ်တပ်ရဲ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ဖြစ်စဉ်ကို ရေးသားဖော်ပြထားပြီး နောင်ဖြစ်နိုင်ချေများကိုလည်း ခန့်မှန်းတွက် ချက်ပြထားပတယ်။

ဥပမာ။ ၁။ စစ်တပ်ကိို စစ်အာဏာရှင်စနစ်၏တလက်ကိုင်ကြေးစားတပ်အဖြစ် တည်ဆောက်တဲ့ဖြစ်စဉ်အတွင်း ပြည်တွင်းစစ်ထဲမှာ နစ်ထားရမှု ကြောင့် ဖြစ်ပေါ်လာတဲ့ အားနည်းချက်။ တပ်မှူးကောင်းများချို့တဲ့လာမှု။

၂။ပြည်တွင်းပြည်သူများ အုံကြွမှုကိုလမ်းလွှဲရန်၊  မိမိတို့စစ်တပ်ကြီးတည်ရှိနေမှုသည်လိုအပ်ကြောင်းပြသရန် နှင့် ပြည်သူတို့၏စစ်တပ်ကိုမုန်းတီးနေမှုမှ ထိတ်လန့်ချောက်ချားပြီး အားကိုးအားထားစိတ်များပေါ်လာအောင်(ထိုင်းနယ်စပ်၊ ရခိုင်ဒေသတို့တွင်) နယ်စပ်စစ်ပွဲများ ဖန်တီးနိုင်သည်။

စတဲ့အချက်တွေဟာ အခုအခါ အလွန်မှန်ကန်လာတာတွေ့နိုင်ပါတယ်။

ဒီစာတမ်းကိုလည်း ပါတီကထုတ်ဝေတဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြပြီးဖြစ်ပါတယ်။

ကျန်မိန့်ခွန်းအချို့ (ဥပမာ ၂၇-၇-၁၉၇၉ - မိုင်းလား(အခု အထူးဒေသ၄)ရှိ တပ်မဟာ(၈)မှာပြောကြားခဲ့တဲ့ မဆလတပ်အကြောင်း ဟောပြောချက်) လည်း ပြန်လည်ရရှိထားပြီဖြစ်ပေမယ့် စနစ်တကျ အချောကိုင် တည်းဖြတ် ရခြင်းမရှိသေးတဲ့အတွက် ဒီအတွဲ(၁) မှာ မထည့်သွင်းနိုင်လိုက်ပါ။

နောက်အတွဲများ ဆက်လက်ထုတ်နိုင်အောင်လည်း ကြိုးစားလျက်ရှိပါတယ်။

ဒါတွေကတော့ အခုထုတ်ဝေလိုက်တဲ့ အတွဲ(၁)ထဲက အကြောင်း အရာများကို အကျဉ်းချုပ်မိတ်ဆက်ချက်ပါ။

နိဂုံးအနေနဲ့ကတော့ ကျေးဇူးစကား ဆိုချင်ပါတယ်။

ဗိုလ်ကျော်ဇောရဲ့မိန့်ခွန်းတွေ ဟောပြောချက်တွေကို စုဆောင်းပေး သူများ၊ စာရိုက်ပေးသူများ၊ ဘာသာပြန်တည်းဖြတ်ပေးသူများအားလုံး ကိုလည်းကောင်း၊ ဗိုလ်ကျော်ဇောစာအုပ်စာတမ်းများကို အခက်အခဲ အန္တ ရာယ် အမျိုးမျိုးကြားက အမြဲမပြတ် စိတ်အားထက်သန်စွာ ထုတ်ဝေပေးတဲ့ နေရီရီစာအုပ်တိုက်ကိုလည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါ တယ်။

ဗိုလ်ကျော်ဇော၏ကျန်ရစ်သူမိသားစု။
၂၀၁၉။အောက်တိုဘာ။