Breaking News

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၄)

သီအိုဇော် - ပြန်လှည့်ကြည့်မိသည့် မဟာမိတ်တို့၏အတိတ်စာမျက်နှာ - အပိုင်း (၄)
(မိုးမခ) မေ ၆၊ ၂၀၂၂

မဟာမိတ်စစ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြတဲ့ ‘Chantilly Conferences’ (၁၉၁၅-၁၆) များကတည်းက မဟာမိတ်တပ်ဖွဲ့များအကြား အဓိကလိုအပ်ချက်တရပ်ကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြဖူးပါတယ်။ တပ်ပေါင်းစုအသွင် ပူးတွဲစစ်ဆင်ရေး ဖေါ်ဆောင်နိုင်ဖို့ အတွက်ပါ။ မူအားဖြင့်ကတော့ ညှိနှိုင်းဆောင်ရွက်ကြဖို့ သဘောတူကြပါတယ်။ လက်တွေ့မြေပြင်မှာတော့ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့တာ တွေ့ရပါတယ်။

ရုရှားဗိုလ်ချုပ်ကြီး’ယာကောဗ့် ဇယ်လင်းစကီး’(Yakov Zhilinsky)က ၁၉၁၅ ခုနှစ် ‘ဗဟိုအင်အားကြီးနိုင်ငံများ’ ရဲ့ ‘အရှေ့ဖက်စစ်မျက်နှာ’ ထိုးစစ်များကို ရုရှားတို့ခုခံနေချိန်မှာ ဗြိတိသျှနဲ့ပြင်သစ်တပ်တွေက ‘အနောက် ဖက်စစ်မျက်နှာ’မှာ  တိုက်ပွဲဖေါ်ဆောင်ပြီး ချိန်ကိုက်စစ်ဆင်ရေးတွေနဲ့ ဖိအားပေးဖို့ ပျက်ကွက်ခဲ့တာမျိုးတွေ မ ဖြစ်သင့်ကြောင်း ပြောကြားခဲ့လို့ နောက်ပိုင်းမှာ မဟာမိတ်တဖွဲ့အတိုက်ခံရရင် ကျန်တဲ့မဟာမိတ်တွေက ထိုး စစ်ဆင်ပေးကြဖို့ ဆွေးနွေးခဲ့ပါတယ်။ဒါပေမယ့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများက ဆက်ပြီးအားနည်း နေကြဆဲ ဖြစ်ပါတယ်။

◾️စစ်တပ် (၃) တပ်၊ စစ်မိန့် (၃) မျိုးနှင့် ဘုံရန်သူ စစ်မျက်နှာ
ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို နိုင်ငံရေးဦးဆောင် အစိုးရပိုင်းဘက်ကလည်း ဂရုပြုမိတဲ့သဘော ရှိပါတယ်။ ၁၉၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့  ပြင်သစ်နိုင်ငံ ‘ခလေးစ်’ ကွန်ဖရ့င် (Calais Conference) မှာ ဗြိတိန်ဝန်ကြီးချုပ်‘လွိုက်ဂျော့’ (Lloyd George) က ‘ရန်သူမှာက စစ်တပ် (၁) တပ်ပဲရှိတယ်၊ ငါတို့မဟာမိတ်တပ်တွေဘက်မှာလည်း ဒီလိုပဲဖြစ်သင့်တယ်။ အဲဒီလိုမလုပ်နိုင်ရင် အောင်မြင်ဖို့ မမျှော်လင့်နိုင်ဘူး’ လို့ အစချီကာ  အမိန့်တခုတည်းအောက်မှာ မဟာမိတ်တပ်တွေစုစည်းကြဖို့ စကားစခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗြိတိသျှစစ်ဗိုလ်ချုပ်ကြီးတွေက ပြင်သစ်စစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ သူတို့တပ်တွေထားရှိဖို့ အာသီသမရှိခဲ့ကြတဲ့အတွက် ဒီအစီအစဥ်လည်း ရှေ့ကို ဆက်တက်မလာခဲ့ပါဘူး။

မဟာမိတ်တပ်ပေါင်းစုရဲ့  ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စပ်လျဥ်းပြီး အမေရိကန်သမ္မတ ‘ဝူဒရိုဝယ်လ်ဆင်’ (Woodrow Wilson)ကို တင်ပြခဲ့တဲ့ ၁၉၁၇ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်၊ နေ့စွဲပါ အစီရင်ခံစာမှာလည်း စစ်ဦးစီး ချုပ်တယောက်တည်းရဲ့ အောက်မှာတပ်တွေ စုစုစည်းစည်း မထားရှိနိုင်သေးတာဟာ ကိုယ်စားပြုနိုင်ငံရဲ့ အန္တိမ ရည်မှန်းချက်ကိုပဲ ရည်မျှော်တဲ့ စစ်ရေးမနာလိုမှု၊ သံသယမကင်းမှုတို့ကြောင့်လို့ ဖေါ်ပြခဲ့ပါတယ်။ 

ပထမကမ္ဘာစစ်အပြီး ၁၉၂၂ ခုနှစ်က အမေရိကန်ဗိုလ်ချုပ်ကြီး ‘ဘလစ်’(General Tasker H. Bliss) ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်မှာ မဟာမိတ်အစိုးရတွေက သူတို့ရဲ့တာဝန်က သူတို့တပ်တွေရှိတဲ့ စစ်မျက်နှာပြင်ကွက်ကွက် လေးလို့သာပဲ ထင်နေကြတယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ ဂျာမန်တပ်တွေကို ရှုံးနိမ့်ခဲ့ရတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီးတော့လည်း တူညီတဲ့စစ်ရေးရည်ရွယ်ချက် မရှိမှုနဲ့ ကိုယ့်စစ်နဲ့သူ့စစ်မှာ တိုက်နေတဲ့ ရန်သူက အတူတူပဲ ဆို တာထက် နည်းနည်းလေးသာ ပိုတဲ့မဟာမိတ်အဆင့်သာရှိမှု တို့ကိုထောက်ပြခဲ့ပါတယ်။ မဟာမိတ်လို့သာ အမည်ခံထားခဲ့ကြပေမယ့် တစုတစည်းထဲ ဖြစ်မလာကြတာကို အားမရကြတဲ့ မှတ်ချက်များလို့ ဆိုရပါမယ်။

ဘုံရန်သူ ဂျာမန်တပ်တွေကို ဝိုင်းတိုက်နေကြတာကတော့ တူပါတယ်။ ကွာနေတာက ဒီလိုတိုက်ခိုက်ရာမှာ မ ဟာမိတ် (၃) နိုင်ငံရဲ့တပ်တွေဟာ အမိန့်ပေးထိန်းချုပ်စနစ် (Command and Control) (၃) နေရာက လာတဲ့အမိန့် စီးဆင်းမှုအတိုင်း တိုက်ပွဲဝင်ကြရခြင်းပါ။ ဒါ့ကြောင့် မဟာမိတ်တပ် အချင်းချင်းကြား ချိတ်ဆက်ဆောင်ရွက် ရာမှာ လစ်ဟာမှုတွေ၊နှောင့်နှေးကြံ့ကြာမှုတွေ၊ ကိုယ့်ဗျူဟာနဲ့ သူ့ဗျူဟာကြား မတူညီမှုတွေ၊ ဦးစီးချုပ်များ ရဲ့စစ်ရေး အမြင်ကွဲလွဲမှုတွေ ပိုပြီးကြုံတွေ့လေ့ရှိကြပါတယ်။ ဒါတွေကို  မဟာမိတ်စစ်ဗိုလ်ချုပ်ကြီးများ ဂရုမပြုမိစရာမရှိပေမယ့်၊ သီးခြားအမိန့်ပေးထိန်းချုပ်စံနစ်အနေနဲ့ပဲ ဆက်ပြီးသွားနေခဲ့ကြပါတယ်။

အလားတူပြဿနာများကို ‘အရှေ့ဖက်စစ်မျက်နှာ’မှာ ဂျာမန်တပ်များနဲ့ ဩစထရီးယန်းတပ်တွေ ရုရှားတပ်ကို ပေါင်းတိုက်ခဲ့စဥ်ကလည်း ကြုံတွေ့ရဖူးပါတယ်။ သူတို့တပ် (၂) ခု စုစည်းချိတ်ဆက်မှုမရှိတဲ့အပေါ် ရုရှားတို့ အ ခွင့်ကောင်းယူနိုင်ခဲ့လို့ ‘ဗဟိုအင်အားကြီးနိုင်ငံများ’ဘက်က ရှုံးနိမ့်ခဲ့ရတဲ့ တိုက်ပွဲတွေလည်း ရှိခဲ့ဖူးပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြင်သစ်ဗိုလ်ချုပ်ကြီး ‘ဖာဒီနန်ဖေါရှ့်’ (General Ferdinand Foch)ကတော့ သီးခြားဗျူ ဟာများနဲ့ စစ်ဆင်ရေးတွေ လုပ်နေကြမယ့်အစား မဟာမိတ်တပ်များ ပူးတွဲညှိုနှိုင်း စစ်ဆင်ရေးဗျူဟာကို ပို လိုလားသူ ဖြစ်ပါတယ်။ ‘ဖေါရှ့်’ က ဂျာမန်တို့ထိုးစစ် အကြီးအကျယ်ဆင်လာခဲ့ရင် မဟာမိတ်တပ်တွေအနေနဲ့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အယူအဆကိုလည်း ကာလကြာရှည်စွာ စွဲကိုင်ထားသူတယောက် ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ‘ဖေါရှ့်’ရဲ့ အမြင်မှာ မဟာမိတ်တွေက စစ်ပွဲ (၃) ပွဲ ဆင်နွှဲနေတယ်လို့ပဲ မြင်ထား မိလို့ပါ။

ဗြိတိသျှတပ်တွေက ဘယ်လ်ဂျီယမ် ကမ်းရိုးတန်းဘက်ခြမ်းနဲ့နီးတဲ့ ‘အနောက်ဖက်စစ်မျက်နှာ’ မှာ အဓိက တပ် စွဲထားကြပါတယ်။ ဒီအပိုင်းက ဗြိတိသျှတွေအတွက် ပိုအရေးပါတယ်လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီဘက်နဲ့ ဗြိတိန်နိုင်ငံအကြား အင်္ဂလိပ်ရေလက်ကြား (English Channel) ပဲ ခြားပါတော့တယ်။ ဒီအတွက် ဗြိတိသျှတို့ရဲ့ စစ်က သူ့နိုင်ငံနဲ့အနီးကပ်ဆုံးဖြစ်တဲ့ အင်္ဂလိပ်ရေလက်ကြားကို ကျောပေးထားတဲ့ ကမ်းရိုးတန်းဒေသ လက်မ လွှတ်ရရေးပါ။ သူတို့အတွက် ‘အနောက်ဖက်စစ်မျက်နှာ’ဟာ ဗျူဟာအရအရေးပါတဲ့ ဒေသများစွာထဲက တခု သာဖြစ်‌နေပါတယ်။

ပြင်သစ်တို့ရဲ့စစ်မှာတော့ ‘အနောက်ဖက်စစ်မျက်နှာ’က သေရေးရှင်ရေးပါ။ ပဲရစ်မြို့ကလည်း ကျသွားလို့မဖြစ်၊ စစ်ပွဲကြီးတခုလုံးအတွက် ပြောင်းလဲသွားစေမယ့် နေရာလို့ သတ်မှတ်ထားကြပါတယ်။ ပြင်သစ်တပ်တွေ အ နေနဲ့ ပဲရစ်မြို့တော်ကို ခြိမ်းခြောက်နိုင်မယ့် ‘ဆမ်း(မ)’ (Somme)၊ ’အာမီယန်’(Amiens) တို့ကလည်း လက် လွှတ်လို့မရတဲ့ အချက်အခြာနေရာတွေပါ။

အမေရိကန်တို့ရဲ့စစ်ကတော့ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးတဲ့ အချိန်ပါ။ ’အနောက်ဖက်စစ်မျက်နှာ’ဒေသ တခုလုံးထက် နေရာဒေသ အစိတ်အပိုင်းတခုအတွက်သာ သီးခြားတာဝန်ယူလိုကြပါတယ်။ အစပိုင်းကဆိုရင် မဟာမိတ် ခေါင်းစဥ်အောက်မှာတောင် မနေချင်ပဲ၊ တွဲဖက်အင်အားစု (Associated Power) လို့သာ သူတို့ ကိုယ်သူတို့ ခေါ်ဝေါ်ကြပါတယ်။

၁၉၁၇ ခုနှစ် ဧပြီလ (၆) ရက်နေ့မှာမှ ဂျာမန်တို့ကို တရားဝင်စစ်ကြေညာပြီး စစ်ထဲဝင်ရောက်ခဲ့တဲ့ အမေရိကန်တပ်ဖွဲ့တွေကို  ဗိုလ်ချုပ်ကြီး ပါရှင် (General Pershing) က ကွပ်ကဲပါတယ်။ သူဟာ နောက်ပိုင်းမှာ အမေ ရိကန် စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာခဲ့သူပါ။မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ တွဲဖက်တိုက်ခိုက်ပေမယ့် အမေရိ ကန်တပ်တွေကို သီးခြားလွတ်လပ်စွာ အမိန့်ပေးအုပ်ချုပ်လိုသူပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က လည်း သူ့ကို အဲဒီလိုညွှန်ကြားထားခဲ့ပါတယ်။

ပြင်သစ်မှာရှိတဲ့ ဗြိတိသျှတပ်ဖွဲ့များရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး’ဟိဂ်’ (General Haig)ကိုလည်း အထက်က ဒီလိုညွှန်ကြားချက်မျိုး ပေးအပ်ထားခဲ့တာပါ။ သူကိုယ်တိုင်လည်း အစက ’ပါရှင်’လိုပါပဲ၊သူ့တပ်ကို သူ့ဗျူဟာနဲ့သာ သွားချင်သူပါ။ ဒါ‌တွေကိုကြည့်လိုက်ရုံနဲ့ မဟာမိတ် (၃) နိုင်ငံက ဘုံရန်သူဂျာမန်တပ်တွေကို ပြင်သစ်စစ် မျက်နှာ ပြင်မှာ အတူတိုက်နေကြပေမယ့်၊ ကိုယ့်တပ်၊ ကိုယ့်ဗျူဟာ၊ ကိုယ့်အမိန့်နဲ့သာဆိုတော့ မဟာမိတ် တပ် တွေ အချင်းချင်းကြား ချိတ်ဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်မှု အပြည့်အဝမရှိသေးတာကို အံ့ဩစရာမရှိဘူးလို့သာပြောရပါလိမ့်မယ်။ 

မဟာမိတ်နိုင်ငံတိုင်းက သူ့ရဲ့စစ်ရေးရည်မှန်းချက်နဲ့သူ ထားရှိတိုက်ပွဲဝင်နေကြတာဖြစ်လို့၊ သူတို့ရဲ့ သီးသန့် စစ်ဗျူဟာများအရ စစ်ပွဲတမျိုးစီ ဆင်နေကြသလို ဖြစ်နေတယ်လို့ ဆိုလိုကြခြင်းဖြစ်ပါတယ်။

◾️ပထမကမ္ဘာစစ်၏နောက်တန်းစစ်မျက်နှာ
စစ်မြေပြင်မှာလိုသာ ဗုံးသံ၊ သေနတ်သံ ဆူညံပွက်နေတဲ့ကြား ပစ်ခတ်စစ်ဆင် မနေကြရပေမယ့် နိုင်ငံရေး  ဦး ဆောင် အစိုးရများအတွက်လည်း နိုင်ငံရေးစစ်မျက်နှာပြင်မှာ မနားတမ်း တိုက်ပွဲဝင်နေကြရတာပါ။ စစ်ပွဲကြာ ရှည်လာတာနဲ့အမျှ အဓိကကျတဲ့ စီးပွားရေးအပါအဝင် နယ်ပယ်အသီးသီးမှာ အကျပ်အတည်းပေါင်း များစွာ ရင်ဆိုင်လာကြရပါတယ်။ အကျအဆုံးများပြီး ရှုံးနိမ့်တဲ့တိုက်ပွဲများရဲ့ ဂယက်ဟာ အစိုးရတိုင်းကို အရှိန်ပြင်း ပြင်း ရိုက်ခတ်ပါတယ်။

အီတလီတို့ ဂျာမန်နဲ့ဩစထရီးယန်းတပ်တွေရဲ့ အကြီးအကျယ်ချေမှုန်းခြင်းကို ခံခဲ့ရတဲ့ ‘ကပိုရက်တို’ တိုက်ပွဲ  (Caporetto) ကာလတဝိုက်မှာ ဗြိတိန်၊ ပြင်သစ်၊ အီတလီဝန်ကြီးချုပ်တို့ (၃) ယောက် ၁၉၁၇ ခုနှစ် နိုဝင်ဘာလ (၅-၇) ရက်နေ့က အီတလီနိုင်ငံ ‘ရက်ပါးလို’(Rapallo) မြို့မှာ တွေ့ဆုံစည်းဝေးကြပါတယ်။ မဟာမိတ်တပ်တွေရဲ့ ချိတ်ဆက်ပေါင်းစည်း တိုက်ပွဲဝင်နိုင်မှုအပေါ်  အားရမှုမရှိတဲ့ ဗြိတိန်ဝန်ကြီးချုပ် ‘လွိုက်ဂျော့’က ဒီပုံစံနဲ့ ဆက်သွားလို့မဖြစ်တော့ဘူးဆိုကာ ‘ထိပ်သီးစစ်ကောင်စီ’ (Supreme War Council-SWC) ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပြီး (၃) နိုင်ငံလုံးက လက်ခံကြတဲ့အတွက် ပထမကမ္ဘာစစ်ရဲ့ ထိပ်သီးစစ်ကောင်စီ (SWC) သန္ဓေတည်ခဲ့ပါ တယ်။

အစည်းအဝေးမတိုင်ခင် ၁၉၁၇ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့ကတည်းက ‘လွိုက်ဂျော့’က ‘ဂျာမန်တပ်တွေ နဲ့ယှဥ်ပြောရရင် မဟာမိတ်တွေရဲ့ အဓိကအားနည်းချက်ဟာ သူတို့စစ်ဆင်ရေးဦးတည်ချက် မတူညီကြဘူး၊ မဟာမိတ်တွေအချင်းချင်းကြား အလုပ်တွဲလုပ်လို့ရမယ့် ကောင်စီတခုရှိရတော့မယ်’ ဆိုတဲ့သဘော ပြင်သစ်ဝန်ကြီးချုပ် ပန်းလီးဗီ (Painleve) ဆီ စာရေးထားခဲ့ဖူးပါတယ်။

အထက်မှာပြောခဲ့သလိုပါပဲ။ ‘လွိုက်ဂျော့’က အမိန့်တခုတည်း အောက်မှာစစ်ဆင်လိုသူပါ။ ဖြစ်မလာတဲ့နောက် အနည်းဆုံးတော့ ပူးပေါင်းချိတ်ဆက်မှု ပိုကောင်းလာစေဖို့ အရင်ကမရှိဖူးတဲ့ မဟာမိတ်အချင်းချင်း လက်တွဲဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းတရပ်ကို တည်ထောင်ဖို့ ကြိုးစားကြည့်ချင်တာပါ။ ‘လွိုက်ဂျော့’ကို ‘အနောက်ဖက်စစ်မျက်နှာ’ရလဒ်များကို ကြည့်ပြီး ဗြိတိသျှဗိုလ်ချုပ်ကြီးတွေရဲ့ စွမ်းဆောင်မှုအပေါ်  အမြင်မကြည်သူလို့လည်း သတ်မှတ်ကြပါတယ်။ ဒီအချက်ဟာလည်း သူ့အတွက် တွန်းအားတရပ်ဖြစ်ပါလိမ့်မယ်။

 ‘ဗာဆိုင်း’(Versailles)မှာ ရုံးစိုက်မယ့် ထိပ်သီးစစ်ကောင်စီ (SWC) မှာ အမြဲတမ်းစစ်ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ပြီး မဟာမိတ်တို့ရဲ့ လုပ်ငန်းအစီအစဥ်များကို ဆန်းစစ်သုံးသပ်ခြင်း၊ ပေါင်းစပ်ပေးခြင်း၊ အကြံဥာဏ်ပြု ခြင်းများ လုပ်ဖို့ရည်ရွယ်ပါတယ်။ နိုင်ငံကိုယ်စားပြုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တဦးတို့လည်း ပါရှိပါမယ်။

ဒီအစည်းအဝေးကို ဖိတ်ကြားခံရပေမယ့် အမေရိကန်ဘက်က မတက်ရောက်ခဲ့ပါဘူး။ အမေရိကန်တို့အနေနဲ့ ကတိကဝတ်ပြုပြီး စစ်ထဲပါဝင်တာထက် သီးသန့်လွတ်လပ်တဲ့ ဆုံးဖြတ်ဆောင်ရွက်မှုများကို ပိုအားသန်ပါ တယ်။နောက်ပိုင်းမှာတော့ အမေရိကန်တို့ပါဝင်အောင်၊ အထူးသဖြင့် အမြဲတမ်းစစ်ကိုယ်စားလှယ်အဖွဲ့မှာ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‘ဘလစ်’ပါရှိဖို့ ‘လွိုက်ဂျော့’က ကြိုးစားခဲ့ပါတယ်။

ဘာ့ကြောင့်လည်းဆိုတော့ စစ်ဗျူဟာအပေါ်  နိုင်ငံရေးသမားများက စွက်ဖက်လွှမ်းမိုးမှု ရှိလိုတဲ့အတွက် ဒီစစ် ကောင်စီ ပေါ်ပေါက်လာရတယ်လို့  ဝေဖန်ပြောကြားမှုများ ရှိခဲ့လို့ပါ။ ဒီလိုမြင်ရတာကလည်း ဒီ‘ရက်ပါးလို’သ ဘောတူညီချက်ထဲမှာ အရည်အချင်းပြည့်မီတဲ့ စစ်တပ်တာဝန်ရှိသူများ ရေးဆွဲထားတဲ့ စစ်ရေးအစီအစဥ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကို တင်ပြဖို့ လိုအပ်တာမျိုးတွေပါရှိနေတဲ့အတွက် ဖြစ်ပါတယ်။‘ဘလစ်’ပါဝင်လာခဲ့တဲ့အတွက် အကျပ်အတည်းလျော့နည်းခဲ့ရတယ်လို့လည်း ဆိုရပါမယ်။

ဒါနဲ့ပတ်သက်ပြီး ‘လွိုက်ဂျော့’ဟာ နိုဝင်ဘာလ (၁၄) ရက်နေ့က ဗြိတိန်ပါလီမန်မှာ မေးခွန်းတွေကို ရှင်းလင်း ဖြေ ကြားခဲ့ရပါတယ်။ဒီခက်ခဲတဲ့‌မေးခွန်းများ သူ့ကိုမေးခဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။ အရင်ဝန်ကြီးချုပ် ’ဟားဘတ် အက်စ်ကွစ်’ (Herbert Asquith) ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သူတို့နှစ်ယောက်ကြားက သမိုင်း ကြောင်းကို ထည့်ပြောရပါလိမ့်မယ်။‘အက်စ်ကွစ်’နဲ့‘လွိုက်ဂျော့’တို့ရဲ့ ‘လစ်ဘရယ်ပါတီ’ (Liberal Party)နဲ့ အဲဒီအချိန်က ဗြိတိန်နိုင်ငံရဲ့ ပါတီနိုင်ငံရေးမြင်ကွင်းလည်း အနည်းငယ်ပါဝင်ဖို့ လိုအပ်ပါမယ်။

‘လစ်ဘရယ်ပါတီ’ကို ပိုပြီးမြင်သာထင်သာရှိစေဖို့  ဗြိတိန်ရဲ့ နိုင်ငံရေးပါတီများနဲ့ ချိန်ထိုးဖေါ်ပြလိုပါတယ်။ ဒီကနေ့ အတိုက်အခံနဲ့ အစိုးရတလှည့်စီလုပ်နေတဲ့ အဓိကအင်အားကြီးပါတီ လေဘာပါတီ’ (Labour Party) ကို ၁၉၀၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ‘လစ်ဘရယ်ပါတီ’ကတော့ ၁၈၅၉ ခုနှစ်ကတည်း က တည် ထောင်ခဲ့တာဖြစ်လို့ သက်တမ်းပိုရင့်ပါတယ်။ 

၁၉၁၀ခုနှစ် ဇန်နဝါရီ ရွေးကောက်ပွဲမှာ ‘လစ်ဘရယ်ပါတီ’က အမတ်နေရာ (၂၇၄) ရတဲ့အချိန်မှာ ‘လေဘာပါတီ’ က (၄၀) သာ ရခဲ့တာပါ။ ’ကွန်ဆာဗေးတစ်ပါတီ’က (၂၇၁) နေရာရရှိတဲ့ အဓိကအတိုက်အခံပါတီ ဖြစ်ပါတယ်။ ‘လစ်ဘရယ်’နဲ့’ကွန်ဆာဗေးတစ်’တလှည့်စီ အစိုးရလုပ်နေကြတဲ့ကာလလို့လည်း အကြမ်းအားဖြင့် ပြောနိုင်ပါတယ်။ တကယ်တမ်းက ’အက်စ်ကွစ်’ နဲ့ ‘လွိုက်ဂျော့’တို့ဟာ လစ်ဘရယ်အစိုးရအဖွဲ့မှာ ၁၉၀၈ ခုနှစ် ဧပြီလ ကစပြီး ဝန်ကြီးချုပ်နဲ့ ဘဏ္ဏာရေးဝန်ကြီး၊ အစိုးရအဖွဲ့ရဲ့ နံပါတ် (၁) နဲ့ (၂) အဖြစ် ကြာရှည်စွာလက်တွဲခဲ့ကြသူ တွေပါ။ နောင်မှာကွန်ဆာဗေးတစ် ဝန်ကြီးချုပ်တဦးဖြစ်လာမယ့် ‘ဝင်စတန်ချာချီ’လည်း လစ်ဘရယ်ပါတီဝင်အဖြစ်နဲ့ အဲဒီအချိန်ကာလက အစိုးရအဖွဲ့မှာပါဝင်ခဲ့ပါတယ်။

အတိုပြောရရင် ပထမကမ္ဘာစစ်အတွင်းမှာ ’အက်စ်ကွစ်’နဲ့ ‘လွိုက်ဂျော့’ စစ်အတွင်းစီမံမှုများအပေါ် အမြင်မ တူတာတွေ ရှိလာပါတယ်။နောက်ဆုံး‘လွိုက်ဂျော့’က ဗြိတိန်စစ်ကောင်စီကို လူနည်းနည်းနဲ့သာ ဖွဲ့စည်းဖို့ ညှိနှိုင်းရာကစပြီး ဖိအားပေးခဲ့တာကို  ’အက်စ်ကွစ်’က သဘောမတူခဲ့ပဲ ဝန်ကြီးချုပ်အဖြစ်က ၁၉၁၆ ခုနှစ် ဒီဇင် ဘာလ (၅) ရက်နေ့မှာ နှုတ်ထွက်ခဲ့ပါတယ်။’လစ်ဘရယ်ပါတီ’ ခေါင်းဆောင်အနေနဲ့တော့ ဆက်ရှိနေခဲ့ပါတယ်။  ဒီပါတီတွင်းအကွဲအပြဲက အစပြုလို့ နောက်ပိုင်းမှာ ’လစ်ဘရယ်ပါတီ’ဟာ အဓိကပါတီကြီးအဆင့်ကနေ တ ဖြည်းဖြည်းလျော့ကျသွားခဲ့ပြီး ‘လေဘာပါတီ’က အစားထိုးနေရာ ဝင်ယူလာနိုင်ခဲ့ပါတယ်။

‘လွိုက်ဂျော့’က သူ့ကိုထောက်ခံသူ လစ်ဘရယ်အမတ်တွေနဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ ကျောထောက်နောက်ခံ ပြုမှုတို့ကြောင့် ဝန်ကြီးချုပ်သစ်ဖြစ်လာပါတယ်။ ဒါဆိုရင် အထက်ကဖေါ်ပြခဲ့သလို ‘ထိပ်သီးစစ်ကောင်စီ (S WC) ‘နဲ့ပတ်သက်ပြီး လွိုက်ဂျော့’အကျပ်ရိုက်စေမယ့်  မေးခွန်းတွေကို ‘အက်စ်ကွစ်’ စေ့စေ့ငုငု မေးခဲ့ရတဲ့ အ ကြောင်း ပိုပေါ်လွင်ပါလိမ့်မယ်။ ဒီဝါရင့်နိုင်ငံရေးသမား (၂) ဦးရဲ့ တိုင်းပြည်ကိုချစ်မှု၊စစ်နိုင်ဖို့ စိတ်အားထက်သန် မှုများကိုတော့ သံသယရှိစရာမလိုပေမယ့် ဒီပြိုင်ဖက် (၂) ယောက်ကြားမှာ အမြင်မကြည်မှုတွေ၊ ပရိယာယ်နဲ့ ဆက်ဆံမှုတွေ ရှိနေနိုင်ပါတယ်။ ‘လွိုက်ဂျော့’နဲ့ အဆင်မချောတဲ့ စစ်ဗိုလ်ချုပ်ကြီးများက ဘယ်နိုင်ငံရေးအုပ်စုနဲ့ ပိုနီးစပ်နေမလဲဆိုတာကလည်း သိပ်ပြီးစဥ်းစားစရာ မလိုတဲ့ အခြေအနေပါ။

ဒီလိုပါလီမန်တွင်း ထောက်ပြထိန်းကျောင်းမှုတွေ ရှိနေတဲ့အတွက်လည်း ‘လွိုက်ဂျော့’စိတ်တိုင်းကျ မဟာမိတ် တပ်များ အမိန့်တခုတည်းအောက်ရှိ‌ရေးကို မဆောင်ရွက်နိုင်ခဲ့တာ ဖြစ်သလို၊ ‘ထိပ်သီးစစ်ကောင်စီ’ကို လည်း ချိန်ဆတိုင်းတာပြီး လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပေးရတာမျိုး ဖြစ်ပါမယ်။ 

‘အက်စ်ကွစ်’ က ‘ထိပ်သီးစစ်ကောင်စီ’ရဲ့ လုပ်ငန်းအတိအကျနဲ့ ဗြိတိန်စစ်ဦးစီးချုပ်၊ ပြင်သစ်စစ်မျက်နှာပြင်ရှိ ဗြိတိန်ဦးစီးချုပ်တို့ရဲ့  စစ်ဗျူဟာအပေါ်  စွက်ဖက်မှု၊သက်ရောက်မှု ရှိ/မရှိ၊ အစရှိတဲ့ မေးခွန်းများကို တိတိ ကျကျ မေးခဲ့ပါတယ်။ ‘လွိုက်ဂျော့’က စစ်ဗျူဟာနဲ့တပ်ကိစ္စဟာ သက်ဆိုင်ရာအစိုးရများပေါ်သာ ဆက်ပြီး မူ တည်မှာဖြစ်ကြောင်း၊စစ်ဆင်ရေးဌာနလည်း မထားရှိကြောင်း၊ ဆုံးဖြတ်နိုင်မယ့် အမိန့်အာဏာလည်း မရှိ ကြောင်း ဖြေခဲ့တာကိုကြည့်ရင် သူဖြစ်စေချင်တဲ့ပုံစံမျိုး ဖြစ်မလာသေးဘူးလို့ပဲ ဆိုရမှာပါ။

ဒီလိုလုပ်ရကိုင်ရ ကျပ်တည်းတာလေးတွေ ရှိနေပေမယ့် ပြင်သစ်နဲ့ နှိုင်းယှဥ်ရင်တော့ ‘လွိုက်ဂျော့’အနေအ ထားက အများကြီးသာတယ်လို့ ပြောနိုင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ပထမကမ္ဘာစစ်မီး အကြီးအကျယ် တောက်လောင်နေတဲ့ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းက အလွန်ရှုပ်ထွေးနေသလို အပြောင်းအလဲ မြန် လှပါတယ်။ ‘ရက်ပါးလို’ကွန်ဖရင့်က ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ’ပန်းလီးဗီ’ ဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်ခဲ့ပါတယ်။ အတိအကျပြောရရင် ‘လွိုက်ဂျော့’ ဗြိတိန်ပါလီမန်မှာ မေးခွန်းဖြေကြားပြီး (၂) ရက်အ ကြာ၊ နိုဝင်ဘာလ(၁၆)ရက်နေ့ကပဲ ဖြစ်ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်ဟောင်း တဦးဖြစ်သူ ‘ကလဲမန်ဆို’ (Clemenceau) က ပြင်သစ်ဝန်ကြီးချုပ်သစ် ဖြစ် လာပါတယ်။ နိုင်ငံရေးလှိုင်းဂယက် ဘယ်လောက်တောင် ပြင်းထန်ခဲ့သလဲဆိုရင် ၁၉၁၇ ခုနှစ် (၁) နှစ်တည်းအတွက် ‘ကလဲမန်ဆို’ က စတုတ္ထမြောက် ပြင်သစ်ဝန်ကြီးချုပ်ပါ။ စစ်ပွဲဆိုတာက ရှေ့တန်းစစ်မျက်နှာ ပါမသွားပဲ၊ နောက်တန်းမှာကျန်နေခဲ့တဲ့ နိုင်ငံရေးသမားများကိုလည်း ချန်မထား၊ သူ့နည်းသူ့ဟန်နဲ့ ဒဏ်ရာဗရပွဖြစ်ကာ နာကျင်ထိခိုက် စေတတ်ပါလားလို့သာ ပြောရတော့မှာပါ။

ဆက်လက်ဖေါ်ပြပါဦးမည်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar