မြန်မာနွေဦး ခရိုနီကယ် - မေ ၂၄ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၄ မြင်ကွင်း
(မိုးမခ) မေ ၂၅၊ ၂၀၂၂
ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ မဟာဗျူဟာအကြား ကျရောက်နိုင်ခြေ
ကမ္ဘာမှာ အရင်းရှင်နိုင်ငံတွေနဲ့ ကွန်မြူနစ် ဆိုရှယ်လစ်နိုင်ငံတွေရဲ့ စစ်အေးခေတ်က နှစ်ပေါင်း ၄၀ ကျော်ကြာရှည်ခဲ့ပြီး စစ်အေးခေတ်တလျှောက်လုံးမှာ အဏုမြူလက်နက်အပြိုင်အဆိုင်တပ်ဆင်မှုတွေ၊ အဏုမြူစမ်းသပ်မှု၊ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုတွေ၊ ကြားခံနိုင်ငံတချို့မှာ ဖြစ်ပွားတဲ့ လက်ယာနဲ့ လက်ဝဲအင်အားစုတွေ အာဏာပြိုင်ဆိုင်မှု စစ်ရေးတိုက်ခိုက်မှုတွေမှာ ပါဝင်ထောက်ပံ့ကြတာတွေက ကမ္ဘာ့အနှံ့ ဖြစ်ပွားခဲ့ကြသလို ကြီးကြီးမားမား စစ်ပွဲအနေနဲ့ ၁၉၅၀ ပြည့်နှစ်ကျော် အစောပိုင်း ကိုးရီးယားကျွန်းဆွယ် စစ်ပွဲတို့ ဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲ အစပြုခဲ့တာကတော့ ဒုတိယကမ္ဘာစစ်အပြီး အရှေ့ဥရောပနိုင်ငံတွေကို ဆိုရှယ်လစ်နိုင်ငံတွေအဖြစ် ဆိုဗီယက်ရုရှားက နောက်ကွယ်က စီစဥ်ထူထောင်ခဲ့သလို အချို့နိုင်ငံတွေမှာ တောင်နဲ့ မြောက် ၊ အရှေ့နဲ့ အနောက် ၂ ပိုင်းခွဲခြားပြီး ဆိုရှယ်လစ်/ ကွန်မြူနစ်နိုင်ငံက တပိုင်း အရင်းရှင်စနစ်နိုင်ငံက တပိုင်း ခွဲခြားပြီး ထောက်ပံ့ အားပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စစ်အေးတိုက်ပွဲရဲ့ မဟာဗျူဟာမှာတော့ ဒီမိုကရေစီအရေး၊ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်အရေးကို ကိုင်စွဲတယ်ဆိုတာထက်ကို ကွန်မြူနစ်နိုင်ငံ ဖြစ်မသွားရေး ဆိုရှယ်လစ်နိုင်ငံဖြစ်မသွားရေး၊ အရှေ့အုပ်စုလို့ခေါ်တဲ့ ဆိုဗီယက်အုပ်စုဝင် နိုင်ငံဖြစ်မသွားရေးကို ပိုအဓိကထားခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီခေတ်မှာ ဆိုဗီယက်က အရှေ့ဥရောပက နွေဦးတော်လှန်ရေးလို့ခေါ်တဲ့ ဆိုရှယ်လစ် ကွန်မြူနစ် အစိုးရဖြုတ်ချပြီး လူထုကြိုက် အစိုးရတင်မြှောက်ရေး လှုပ်ရှားမှုတွေကို စစ်အင်အားနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်တွေထဲ ဟန်ဂေရီနွေဦးတော်လှန်ရေးက ထင်ရှားပါတယ်။
စစ်အေးတိုက်ပွဲကာလတွေအတွင်း ကမ္ဘာစစ်ဖြစ်လုနီးနီး အခြေအနေမျိုးလည်း ၁၉၆၂ ခုနှစ် ကျူးဘား အရေးအခင်းမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။
ဗီယက်နမ်နိုင်ငံကိုလည်း ပြင်သစ်လက်အောက်မှ လွတ်မြောက်ပြီး ကွန်မြူနစ်နိုင်ငံအဖြစ် ထူထောင်မှာကို မလိုလားတာကြောင့် အမေရိကန်ပြည်ထောင်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာက ဆယ်စုနှစ်တခုမက စစ်ပွဲထဲ လူအင်အား၊ စစ်လက်နက်၊ ငွေအင်အား အများအပြားသုံးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာက နောက်ဆုံး အရှုံးနဲ့ ဆုတ်ခွာခဲ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့ပါတယ်။
လက်တင်အမေရိကမှာ အာဖရိက နိုင်ငံတချို့မှာ အာရှနိုင်ငံတွေမှာ စစ်အေးတိုက်ပွဲရဲ့ တိုက်ပွဲစစ်မြေပြင်တွေ ဖြစ်ခဲ့ကြတာ အများအပြားရှိခဲ့ပါတယ်။ ကွန်မြူနစ်/ ဆိုရှယ်လစ်နိုင်ငံ မဖြစ်ရေးအတွက် တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ ဖိနှိပ်အုပ်ချုပ်သူတချို့ကိုလည်း အမေရိကန်နဲ့ အနောက်အုပ်စု တချို့က မဟာမိတ်အဖြစ် အသိအမှတ်ပြု ဆက်ဆံ အားပေးခဲ့ကြတဲ့ သာဓကတွေလည်း စစ်အေးခေတ်တလျှောက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာပင်လျှင် ၁၉၆၂ စစ်အာဏာသိမ်းပြီးတက်လာတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ အမည်ခံထားတဲ့ စစ်အာဏာရှင်ကို တရုတ်နဲ့ မနီးစပ်တာ၊ ကွန်မြူနစ်သူပုန်တွေကို ဆန့်ကျင်တိုက်ခိုက်တာ၊ ရုရှားရဲ့ အုပ်စုဝင်မဟုတ်တာတွေကြောင့် အားပေးခဲ့ မဟာမိတ်ပြုခဲ့ကြတာဖြစ်ပါတယ်။
အလားတူ ဖိလစ်ပိုင်နိုင်ငံမှာလည်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ ဖာဒီနန်မားကို့စ်လို အာဏာရှင်ကိုလည်း စစ်အေးတိုက်ပွဲရဲ့ ဗျူဟာအရ အမေရိကန်က မဟာမိတ်အဖြစ် အားပေးအားမြှောက်ပြုခဲ့ကြတဲ့ သာဓကရှိတာဖြစ်ပါတယ်။
ဒါတွေက ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အားပြိုင်မှုတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတဲ့စံနှုန်းတွေထက် တဘက်က အင်အားစုကို ဆန့်ကျင်တဲ့အစိုးရတွေ အာဏာရှင်တွေ ဘာဖြစ်နေနေ မဟာမိတ်ပြုကြတဲ့ အကျိုးစီးပွားအခြေခံတဲ့ မူဝါဒတွေ ကို သတိပြုနိုင်ကြဖို့ ရည်ရွယ်လိုရင်းဖြစ်ပါတယ်။
အခုလက်ရှိအခြေအနေမှာလည်း ကမ္ဘာမှာ ဒုတိယစစ်အေးကာလ ပြန်လည်စတင်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာနေသလို အဲဒီအခင်းအကျင်းမတိုင်ခင်ကတည်းက စီးပွားရေး၊ စစ်ရေး အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာ အခင်းအကျင်းက ရှိနှင့်ပြီးဖြစ်ပါတယ်။
အင်ဒိုပစိဖိတ်ဒေသ၊ တောင်အာရှဒေသမှာ ကွဒ်လို့ ခေါ်တဲ့ ၄ နိုင်ငံ မဟာမိတ်အဖွဲ့၊ အောကွတ်စ် လို့ခေါ်တဲ့ ဗြိတိန်၊ ယူအက်စ်နဲ့ သြစတြေးလျ တို့ရဲ့ မဟာမိတ်အဖွဲ့တွေ ပေါ်ထွက်လာပြီး အရှေ့တောင်အာရှ၊ အင်ဒို ပစိဖိတ်ဒေသမှာ မဟာဗျူဟာ အခင်းအကျင်းတွေ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြောဆိုချင်တဲ့ ရည်ရွယ်ချက်က မြန်မာ့ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုက အထက်က ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေရဲ့ အုပ်စုအားပြိုင်မှု မဟာဗျူဟာအကြား နယ်ရုပ်အဖြစ် အသုံးချမခံရရေးပဲ ဖြစ်ပါတယ်။
တည့်တည့်ပြောရရင် တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှုအကြားမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုက တိုက်ပွဲအားပြိုင်ရာ အဖြစ်အပျက်အဖြစ် ကျရောက်မသွားဖို့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ သတိပြုကြဖို့ အရေးကြီးလှပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံတယ်ဆိုတာ မှန်သော်လည်း တဖက်မှာ မြန်မာနိုင်ငံက တရုတ်နဲ့ အိမ်နီးချင်းဖြစ်နေတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ဟာ တရုတ်နိုင်ငံကို မဟာဗျူဟာအရ မှီခိုနေရတာကိုလည်း သတိမမေ့ဖို့ အရေးကြီးပါတယ်။ NUG အစိုးရအနေနဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေအနေနဲ့ အင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရာမှာ အထူးတလည် သတိပြုဖို့ လိုအပ်တာက မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာအားပြိုင်မှု မဟာဗျူဟာ အကျိုးစီးပွားမဟုတ်ပါဘူး။ အဲဒီဦးတည်ချက်တွေကို ရှင်းလင်းစွာ နားလည်ထားပြီး ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုကြားက နယ်ရုပ်ဖြစ်မသွားရေးက အရေးကြီးတယ်လို့ဆိုချင်ပါတယ်။
ချုပ်ပြောရရင်တော့ အင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးကြတာ ဝမ်းသာအားတက်စရာ ဖြစ်သော်လည်း မြန်မာ့အရေးထက် ပိုပြီးကြီးမားတဲ့ အကျိုးစီးပွားဆိုင်ရာ မဟာဗျူဟာ အခင်းအကျင်းကြားထဲ နယ်ရုပ်အဖြစ် ကျရောက်မယ့်အရေးကိုလည်း မျှော်တွေးထောက်ချင့်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar