စိုးနောင်(မုံရွာ) - မျက်ရည်အကျဉ်းသား
စိုးနောင်(မုံရွာ)
(မိုးမခ) မေ ၂၅၊ ၂၀၂၂
ဆန္ဒပြတုန်းက
နှစ်ယောက်အတူအော်သံလေးကို
မှန်ဘောင်သွင်းပြီး
နံရံမှာချိတ်ထားတယ်။
မင်းက
အုတ်ထောင်ထဲမှာ
ငါက
မျက်ရည်ထောင်ထဲမှာ။
ထောင်ဝင်စာမှာ
မျက်ရည်မစိုအောင်
အားတင်းရေးထားတယ်
ထောင်ဝင်စာမှာ
မျက်ရည်မစိုအောင်
အားတင်းဖတ်နော်။
ကမ္ဘာပေါ်မှာအဆိုးဆုံးအာဏာရှင်ကို
ရင်ဆိုင်နိုင်ဖို့
ကမ္ဘာပေါ်မှာအလေးဆုံးမျက်ရည်ကို
မထားကြမယ်အချစ်ရယ်။
တချိန်ချိန်မှာ
ဖူးပွင့်လာမယ့်ဒီမိုကရေစီပန်းခင်းကြီးထဲ
အလှဆုံးပြုံးနေမယ့်ပန်းပွင့်လေးပေါ်မှာ
ထာဝရနားနေမယ့်လိပ်ပြာလေးဟာ
ငါဆိုတာ
မင်းယုံ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
