Breaking News

အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် အရှုံးမပေးမချင်း ငါတို့နိုင်တယ်

အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် အရှုံးမပေးမချင်း ငါတို့နိုင်တယ်

(မိုးမခ) ဇွန် ၁၂၊ ၂၀၂၂


ခက်သေးရွာကြီးသည်ကား နာမည်နှင့်လိုက်အောင်ပင် အမြဲလိုသာ ခက်နေတော့သည်။ သေလျှင်ပင်မလွယ်လှပေ။ အသက်ရှင်ရသည်မှာ ပို၍ပင် ခက်တော့သည်။ 

ယခုလည်း မအယတန်ခိုးဖြင့် “လှည်းနေလှေအောင်း မြင်ဇောင်းမကျန်” ဆိုကဲ့သို့ပင် “ထော်လာဂျီပေါ် မော်တော်အောင်း မသာအခေါင်းမကျန်”ခက်နေပြန်တော့သည်။ ရွာစောင့်ချုပ်မှုးကြီးရာထူးကို ရာသက်ပန်လက်မလွှတ်တမ်းယူထားသော မအယကို ခက်သေးတရွာလုံး ကလေးကအစ ခွေးကအစ မအေဖြင့် ကိုင်တုပ်ကြလေတော့သည်။ 

တသက်လုပ်မဆဲခဲ့ဖူးလေသော အီကြာအော်ပင်လျှင် မအယကောင်းမှုတော်ကြောင့် မအေကို ပါးစပ်က မချတော့ပဲ မိုးလင်းမှ မိုးချုပ်ထိ မေတ္တာပို့တတ်နေလေပြီ။ မအယ၏ ကျေးဇူးတော်ကား ကြီးပေစွ…။

“နူရာဝဲစွဲ လဲရာသူခိုးထောင်း “ ဟူသောစကားကဲ့သိုပင် ခက်သေးရွာကြီးလည်း ကိုဗစ်ကြောင့် ဗုန်းဗုန်းလဲနေရာတွင်မအလ၏ အထောင်းကိုပါ ခံနေရသည်။

အီကြာအော် ခက်သေးရွာလယ်တွင် လမ်းလျှောက်လာစဉ်တွင် ကြွက်နီနှင့် ဖိုးခွေးတို့တသိုက် စစ်တိုက်တမ်း ကစားနေကြသည်။

ကြွက်နီကား ရွာလမ်းမဘေးတွင် အားရပါးရငိုနေသည်ကို တွေ့လိုက်ရသည်။

“ဟေ့ကောင်….ကြွက်နီ… မင်းက ဘာကိစ္စ ငိုနေရတာလဲကွ”

အီကြာအော်က ကြွက်နီကို မေးရင်းကြည့်လိုက်သည်တွင် နှပ်ချေးတွဲလောင်းနှင့် ကြွက်နီကား ဗိုက်ခေါက်တခုလုံး ညိုမဲနေသည်ကို တွေ့လိုက်ရလေသည်။

“သူတို့ပေါ့” 

ကြွက်နီက စစ်တိုက်တမ်း ကစားနေသော ဖိုးခွေးတို့ကို လက်ညှိုးထိုး၍ပြလိုက်သည်။

ဖိုးခွေးတို့ ကလေးတသိုက်ကား ပလပ်စတစ်ရေပိုက်အဟောင်းများကို သေနတ်လုပ်၍  ပုဆိုးကို စလွယ်သိုင်းကာ ပီဒက်လုပ်တမ်း ကစားနေကြလေသည်။

“ ဘယ်ညာ ... ဘယ်ညာ ... ဘယ်ညာ”

“ဘာလုပ်နေလဲ ... လေ့ကျင့်နေတယ်

ဘယ်သူ့အတွက်လဲ ... ပြည်သူ့အတွက်…..”

ပြည်သူ့ ပီဒက်

ပြည်သူ့ ပီဒက်

ဒိုင်းညှောင့်

ဒိုင်းညှောင့်…..”

အီကြာအော်က ဖိုးခွေးကို လှမ်း၍ မေးလိုက်သည်။

“ဟေ့ကောင် ဖိုးခွေး၊ လာစမ်းပါဦး….မင်းတို့က ဘာလို့ ခွေးနီကို ဗိုက်ခေါက်လိမ်ဆွဲကြတာလဲ”

“သူက အော်မဲလုံး လုပ်တယ်လေ ….ဘဘအော်ရဲ့”

“ဘာတုန်းကွ အော်မဲလုံး လုပ်တယ်ဆိုတာ”

အော်မဲလုံးကား မအယနှင့်ပေါင်းပြီး သူ့ကိုယ်သူ ရွာပြန်ကြားရေးဆိုကာ ခက်သေးတရွာလုံးကို လိမ်ညာပြောဆိုလေ့ရှိသောကြောင့် ခက်သေးချဉ်ပတ် ဖြစ်သည်”

“ဒီကောင် ကြွက်နီက စစ်တိုက်တမ်းကစားတာ သူ ရှုံးနေရဲ့သားနဲ့ သူ နိုင်တယ် ပြောနေလို့ ဘဘအော်”

“ဟေ့ကောင် ငခွေး၊ အရှုံးမပေးမချင်း ငါနိုင်တယ်ကွ” 

ကြွက်နီက အငိုရပ် နှပ်ကိုသုတ်ပြီး လှမ်းပြောလိုက်သည်။

“ဟေ့ကောင်တွေ၊ ဖိုးခွေးနဲ့ ကြွက်နီ၊ မင်းတို့ကလည်း အော်မဲလုံးစရိုက်တွေကို ကော်ပီမလုပ်ကြနဲ့၊ ဒီကောင်က ငယ်ငယ်ကတည်းက စရိုက်အကျင့်က ကောင်းတာမဟုတ်ဘူး၊ ငယ်ငယ်တုန်းက ငါနဲ့ ရန်ဖြစ်လို့ သူ ရှုံးတာတောင် အောက်ကလည်း နေသေး၊ ကြောက်ပါပြီလား မေးတဲ့အကောင်”

ကလေးတွေပြောမှ “ရွာပျောက်သူ”ဗွီဒီယိုကို ကလစ်လုပ်ရန် သတိရသည်။

ခုတလော သရုပ်ဆောင် မင်းသား ချောင်း နှင့် မင်းသမီး ပိုင်ဖြိုးပု တို့သရုပ်ဆောင်ထားသော “ရွာပျောက်သူ” ဗွီဒီယိုက အတော်နာမည်ကြီးနေသည် မဟုတ်ပါလား။

ထိုသို့ တွေ့နေစဉ် ဖုန်းကအသံ မြည်လာသည်။

“ကလင် ကလင် ကလင်”

ဟာ ဖွတ်ကလေးဆီကပါလား၊ ငါတော့ ဖွတ်တက်ပြီ ထင်တယ်။

တပည့်ကျော် ဖွတ်ကလေးကား ယုန်ကန်ဆေးရုံကြီးတွင် အပေါက်စောင့်အလုပ်ကို စွန့်လွှတ်ပြီး စီဒီအမ်လုပ်ကာတောထဲတွင် ပီဒက်လုပ်နေသည်။ 

ဖွတ်ကလေးတို့ပီဒက်များမှာလည်း လက်နက်ဟူ၍ မယ်မယ်ရရ မရှိကြသေးပဲ ဂျင်ကလိနှင့် လောက်စာလုံးများကိုသာ ဆောင်ထားကြရသည်။ ဗိုလ်နကားအဖွဲ့တို့လို လက်နက်တပ်ဆင်သူရှိရန် မျှော်နေကြသည်။ ဖွတ်ကလေးကငွေလိုလျှင် အီကြာအော်ကို အပူကပ်လေ့ရိသည်။

“ဟေ့ကောင် ဖွတ်ကလေး၊ မင်းတို့ ထုံးစံအတိုင်းပဲ ငွေလိုနေပြီလား”

“ဟီးဟီး …. ဆရာအော်ဗိုက်ထဲမှာ ပုဏ္ဏားလေးရှိတယ်ထင်တယ်”

“မင်းကလည်းကွာ အားရှိ ငါ့ဗိုက်ကိုပဲ ထိခိုက်နေတာ”

“အေး အေး…. ငါ တတ်နိုင်သလောက် ငွေပို့လိုက်ပါမယ်ကွာ”

ပီဒက်တွေအတွက် ငွေချွေတာရသောကြောင့် သူ၏ ဇူဇကာဗိုက်တော်ပင် ခါတိုင်းလို အားရပါးရ မရွှဲနိုင်ရှာတော့ပေ။

“အေးကွာ အရှုံးမပေးကြနဲ့…..

အရှုံးမပေးမချင်း…”

စကားပြောရင်း ဒေါ်အွန်မေးဆီမှ ဖုန်းကဝင်လာသဖြင့်စကားဖြတ်လိုက်လေသည်။

“ငါတို့…နိုင်တယ်” အီကြာအော်က ဖွတ်ကလေးကို ပြောနေသောစကားကို ဖုန်းပေါ်တွင်ဆက်၍ ဒေါ်အွန်မေးကိုပြောမိလိုက်သည်။

“ကိုအော် ….ရှင်က ဘာတွေနိုင်နေတာလည်း”

“ငါ မင်းကို အရှုံးမပေးသ၍ပေါ့ကွာ…” ဟု စိတ်ထဲမှ တွေးရင်း-

“ဪ…အွန်အွန်ရေ၊ ဘာမှမဟုတ်ပါဘူး.. မင်းမှာတဲ့ ခိုနီဆိုင် စားအုန်းဆီပုံးကို တယောက်တည်း သယ်လို့ နိုင်ပါတယ်၊ တက္ကစီတွေက ဓာတ်ဆီဈေးတွေတက်ကုန်လို့ ထမ်းပြီး ခြေလျင်ပဲ ပြန်လာတော့မယ်”

ဤသို့ဆိုရင်း ဒေါ်အွန်မေး မှာလိုက်သော ခိုနီ့ဆိုင်မှ စားအုန်းဆီကို အဝယ်ထွက်ရန် ဆက်လက် ထွက်ခွာလေတော့သည်။

ခွေးနီတို့ ကလေးတသိုက်ကား “အရှုံးမပေးမချင်း ငါတို့ နိုင်တယ်… ဒိုင်းညှောင့် ဒိုင်းညှောင့်” ဟု ခက်သေးရွာလယ်တွင် ပီဒက်လုပ်တမ်း ဆက်၍ ကစားနေဆဲ။

အီကြာအော်လည်း ခိုနီ့ဆိုင်ဘက်သို့ ခြေဦးလှည့်ရင်း-

“အွန်အွန်ကို ငါ အရှုံးမပေးရင်ကော ငါ နိုင်မှာလား” 

“အရှုံးမပေးမချင်း ငါတို့နိုင်တယ်” ဟု အတွေးနယ်ချဲ့ရင်း ခက်သေးရွာလယ်မှ ခိုနီစူပါစတိုးဆီသို့ ခြေဦးလှည့်လေတော့သတည်း။           ။

သဗ္ဗေသတ္တာ ကမ္မသကာ

အီကြာအော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar