သီအိုဇော် - မေးခွန်းထုတ်ခံရသည့် ကိုယ်ချင်းစာတရား ‘သို့မဟုတ်’ မျောက်ကျောက်ကူးစက်မှု ကောက်ကြောင်း (၂)
‘သို့မဟုတ်’
မျောက်ကျောက်ကူးစက်မှု ကောက်ကြောင်း (၂)
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၂
ဤခရီးနီးပါသလားဆိုလျင် ပထဝီဝင်အနေအထားအရ အရှေ့တောင်အာရှနိုင်ငံများသည် အာဖရိကတိုက်နှင့် ကွာဝေးသည်ဟု ပြောနိုင်သော်လည်း ‘မျောက်ကျောက်ဗိုင်းရပ်စ်’ သည် စင်ကာပူနိုင်ငံတွင် ခရီးတထောက် ဝင်နားပြီးသွားပြီ ဖြစ်သည်။ အတိအကျဆိုရလျင် ပြီးခဲ့သည့်ဇွန်လ (၂) ရက်နေ့က ‘ချန်ဂီ’ လေဆိပ်တွင် ခေတ္တနားနေစောင့်ဆိုင်းခဲ့သူ ‘ဘာစီလိုးနား-စင်ကာပူ-ဆစ်ဒနီ’ ခရီးသည်တဦးကို ဩစတေးလျတွင် စမ်းသပ်စစ်ဆေးရာမှ ‘မျောက်ကျောက်’ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်သည်။
လက်ရှိကူးစက်ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်ခဲ့ပါက စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ ခရီးသည်ဝင်ထွက်မှု များပြား သောနိုင်ငံများရှိသည့် အရှေ့တောင်အာရှဒေသသည် ရေရှည်တွင် ‘မျောက်ကျောက်’ဗိုင်းရပ်စ် ထိတွေ့မှုကို ရှောင်လွှဲနိုင်ရန် ခက်ခဲပေလိမ့်မည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့တောင်အာရှရုံးခွဲက မေလ (၂၈) ရက်နေ့က ’မျောက်ကျောက်’ရောဂါနှင့် ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများသို့ ဗိုင်းရပ်စ်ပိုးရောက်မလာနိုင်ဟု မပြောနိုင်ကြောင်း၊ ရောဂါရှာဖွေ ဓါတ်ခွဲအတည်ပြုနိုင်ရေး အားနည်းမှုကြောင့် အချိန်နှင့်တပြေးညီ ကူးစက်မှုဖေါ်ထုတ်နိုင်ရေးတွင် စိန်ခေါ်မှု ကြုံလာနိုင်ကြောင်း၊ ဤနိုင်ငံများတွင် ’မျောက်ကျောက်’ရောဂါအတွက် ကာကွယ်ဆေးများ၊ ဗိုင်းရပ်စ် တိုက် ဖျက်ရေးဆေးဝါးများလည်း သိုလှောင်စုဆောင်းထားခြင်းမရှိဟု WHOက နားလည်သိရှိထားကြောင်း ပါဝင် သည့် ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းကြားစာ ထုတ်ကြားထားပါသည်။ ဇွန်လ (၈) ရက် နေ့အထိ နိုင်ငံပေါင်း (၂၉) နိုင်ငံတွင် ‘မျောက်ကျောက်’ရောဂါကူးစက်ခံရသူများ တစ်ထောင်ကျော် တွေ့ရှိနေရ ပြီဟုလည်း ကြေညာထားသည်။
သို့အတွက် ‘မျောက်ကျောက်’ ရောဂါကူးစက်မှု ဖြစ်ပျက်ပြောင်းလဲနေခြင်းအပေါ် သတိနှင့် စဥ်ဆက်မပြတ် စောင့်ကြည့်နေရမည်ဖြစ်ပြီး၊ လက်ရှိအနေအထားတွင် အကြောက်လွန်ကဲရန် မလိုအပ်သလို စိုးရိမ်ကြောက် လန့်ခြင်း အလျဥ်းမရှိပဲ နေထိုင်သွားလို့လည်းမရနိုင်ဟု ပြောရပါမည်။ ရောဂါလက္ခဏာ၊ ဆောင်ရန် ရှောင်ရန် များအား ကမ္ဘာတဝှမ်းရှိ ကျန်းမာရေးအဖွဲ့အစည်းများ၊ သတင်းမီဒီယာများက တင်ပြထားပြီးဖြစ်၍ ဤ ဆောင်းပါးတွင် အသေးစိတ် မဆွေးနွေးတော့ပါ။ WHO ကလည်း ဇွန်လ (၁၀) ရက်နေ့က (၇၆) စာမျက်နှာ ပါရှိ သည့်’ Clinical management and infection prevention and control for monkeypox: Interim rapid response guidance’ကို ထုတ်ပြန်ထားပြီးဖြစ်၍ ထပ်မံလေ့လာလိုသူများအတွက် ရည်ညွှန်းလိုပါသည်။
‘မျောက်ကျောက်’ရောဂါ (သို့မဟုတ်) မပြီးဆုံးသေးသောပန်းချီကား
ပထမဆုံးကူးစက်ခံသူမှ ပြန်လည်တွက်ချက်ကြည့်လျင် ရာစုနှစ်တဝက်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း ကာ ကွယ်ကုသထိန်းချုပ်ရေးနှင့် သုတေသနလုပ်ငန်းစဥ်များတွင် လိုအပ်ချက်များ ရှိနေဆဲပင်ဖြစ်သည်။ အာဖရိကတိုက်တွင်း ကူးစက်ပျံ့နှံ့မှုကို လေ့လာကြည့်လျင် မူလကူးစက်ခံရသူသည် တိရစ္ဆာန်များနှင့်ထိတွေ့ မှု ရာဇဝင်ရှိကြသည်။ ယေဘုယျအားဖြင့် အာဖရိကတိုက်ပြင်ပရှိ ကူးစက်မှုများသည် ‘အာဖရိကတိုက်မှတိရစ္ဆာန် များတင်သွင်းခဲ့မှု(ဥပမာ-၂၀၀၃ခုနှစ်၊အမေရိကန်နိုင်ငံ) (သို့မဟုတ်)၊ပျောက်ကွယ်မသွားပဲ ဒေသတွင်း ပုံမှန်ဖြစ် ပွားနေကျ (Endemic) နိုင်ငံများသို့ ခရီးသွားရာဇဝင်ရှိသူများ (သို့မဟုတ်) ထိုသူများနှင့် ထိတွေ့မှု ရှိခဲ့သူများ (ဥပမာ-၂၀၁၈ ခုနှစ်၊ ယူကေနိုင်ငံ) ဖြစ်ကြသည်။
သို့ရာတွင်ယခုတကြိမ် အာဖရိကတိုက်ပြင်ပ အစုလိုက်အပြုံလိုက် ကူးစက်မှုကတော့ ယခင် လေ့လာသိရှိခဲ့မှုများအပေါ် ထပ်မံဖြည့်စွက်ပေးရမည့် အချက်အလက်များရှိကြောင်း ပို၍သိမြင်လာရသည်။ ယူကေနိုင်ငံတွင် ဓါတ်ခွဲစမ်းသပ်ချက်များအရ ပြီးခဲ့သည့် မေလ (၆-၃၀) ရက်နေ့အတွင်း ‘မျောက်ကျောက်’ ရောဂါ ကူး စက်ခံရသူ စုစုပေါင်း (၁၉၀) ဦးရှိပြီး အများစုသည် ခရီးသွားရာဇဝင်မရှိကြကြောင်း UK Health Security Agencyက ထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက်မှ (၁၁၁) ဦးသည် လိင်တူချစ်သူ၊ လိင်နှစ်မျိုးလုံးနှင့်ဆက်ဆံသူ၊အမျိုးသ ားချင်း လိင်တူဆက်ဆံသူများ ဖြစ်သည်ကိုလည်း ဖေါ်ပြခဲ့သည်။ CDC၏ အမေရိကန်နိုင်ငံ၌ မေလ (၃၁) ရက်နေ့အထိ ကူးစက်ခဲ့သူများကို လေ့လာရာတွင်လည်း အလားတူတွေ့ရှိခဲ့သည်။
ဤတွေ့ရှိချက်ကို ‘မျောက်ကျောက်’ ရောဂါနှင့်ပတ်သက်သည့် ကူးစက်ကပ်ရောဂါဆိုင်ရာ ယခင်အချက် အ လက်များထဲတွင် မှတ်တမ်းတင်ထားခဲ့ခြင်းမရှိ။ သို့ရာတွင် ‘မျောက်ကျောက်’ ရောဂါကို ‘လိင်မှတဆင့် ကူး စက်သောရောဂါ’ ဟု သတ်မှတ်ထားခြင်းမရှိသေးဆိုသည့် အရေးကြီးသည့်အချက်ကို မမေ့သင့်ပေ။ မပြီးပြည့် စုံသေးသော သုတေသနများကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်သကဲ့သို့၊ ဤဗိုင်းရပ်စ်ရောဂါသည် တစ်ဦး နှင့် တဦးအကြား မည်သည့်နည်းဖြင့်မဆို ကိုယ်ခန္ဓာချင်းထိတွေ့မှုရှိပါက ကူးစက်နိုင်သည့် အလားအလာရှိ ကြောင်းကို သတိပြုကြရမည်ဖြစ်သည်။
ယခင်ကရှားပါးခဲ့သော်လည်း ယခုတကြိမ်တွင်မူ လူတဦးမှ တဦးကူးစက်ပျံ့နှံ့မှုကို ပို၍မြင့်တက်လာသည်ကို တွေ့မြင်လာရသည်။ ၁၉၈၈ ခုနှစ် WHO Bulletin တွင် ဇိုင်ယာနိုင်ငံ (ယခု DRC) ၌ ၁၉၈၁-၁၉၈၆ ခုနှစ်အတွင်း ‘မျောက်ကျောက် ’ဗိုင်းရပ်စ်ကူးစက်မှု့အပေါ် အခြေခံလေ့လာခဲ့စဥ်က တဦးမှတဦး အန္တရာယ်ရှိစေလောက်သည့်ကူးစက်မှုဟု မဆိုနိုင်အောင် ကူးစက်နှုန်း နည်းပါးနှေးကွေးခဲ့သည်ဟု ဆိုသည်။ ကျောက်ကြီး ရောဂါကာကွယ်ဆေး၏အာနိသင် အချိန်နှင့်အမျှ လျော့ကျလာခြင်းနှင့် ဆက်စပ်နေသည်ဟု ယူဆကြသည်။
ကူးစက်ရောဂါတခုအား ကပ်ရောဂါအသွင် ကူးပြောင်းမသွားစေရန် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာ ရေး အာဏာပိုင်အဖွဲ့အစည်းများ၏ အဓိကကျသောလုပ်ဆောင်ချက်တရပ်မှာ လူထုအတွင်းဖြစ်ပွားနေသည့် ရောဂါကူးစက်ခံရသူများကို လျင်မြန်စွာစစ်ဆေးဖေါ်ထုတ်ပေးခြင်းဖြစ်သည်။
ဤအနေအထားတွင် ပြည်သူ့ကျန်းမာရေး အာဏာပိုင်အဖွဲ့အစည်းများ၏ ကူးစက်မှုဖြစ်စဥ်ကို စောင့်ကြည့် လေ့လာခြင်း၊ ကူးစက်မှုအားစစ်ဆေးခြင်း၊ ထိတွေ့မှု လိုက်လံခြေရာခံ ရှာဖွေခြင်းတို့သည် တဦးမှတဦး ဆင့်ကဲ ကူးစက်ခြင်း ကွင်းဆက်ကိုဖြတ်တောက်ပြီး အစုအပြုံလိုက် ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်စေရန် ရည်ရွယ် သည်။
WHOက သံသယလူနာနှင့် ထိတွေ့ခဲ့သူအား နေ့စဥ်ရောဂါလက္ခဏာများ ပြသလာခြင်း ရှိ/မရှိ (၂၁) ရက်ကြာ သည်အထိ စောင့်ကြည့်အကဲခတ်ရန် တိုက်တွန်းထားပြီး၊ ရောဂါလက္ခဏာ မဖြစ်ပေါ်မခြင်း ကွာရန်တင်းလုပ် ရန်၊ အလုပ်မဆင်းရန် မလိုအပ်သေးဟု ညွှန်ကြားထားသည်။ သံသယလူနာကို ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်သည်။
ယခုအသစ်တွေ့ရှိခဲ့သည့် လိင်တူချစ်သူ၊ လိင်နှစ်မျိုးလုံးနှင့်ဆက်ဆံသူ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ အကြားပျံ့နှံ့မှုအကြောင်းသည် ရှေးရိုးစွဲလူမှုပတ်ဝန်းကျင်အတွက် ကူးစက်ခံရသူများ ကျန်းမာရေး အကူအ ညီရယူမှုကို အဟန့်အတား ဖြစ်မသွားရလေအောင် ကြိုးစားကြရမည်ဖြစ်သည်။ ‘အိပ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်’ အစောပိုင်းကာလတွင်လည်း အလားတူဖြစ်ရပ်များ ကြုံကြိုက်ခဲ့ရပြီး ကူးစက်ဝေဒနာရှင်သစ်များ ဆေးရုံ၊ဆေးခန်း ကျန်းမာရေး ဝန်ထမ်းများထံမှ အကူအညီယူမှု နှောင့်နှေးစေခဲ့ဖူးသည်ကို သင်ခန်းစာယူကြ ရပေမည်။
ကနေဒါနိုင်ငံ ‘မွန်ထရီရယ်လ်’မြို့ McGill Universityမှ တွဲဖက်ပါမောက္ခ Dr. Donald Vinh၏ ဤရက်ပိုင်း အတွင်း ‘မျောက်ကျောက်’ ရောဂါကုသမှု အတွေ့အကြုံအရဆိုလျင် သူ၏လူနာအချို့တွင် တွေ့ရသည့် အရည် ကြည် အဖုအပိန့်အနာများသည် ‘ဂူဂဲလ်’မှဓါတ်ပုံအသွင်အပြင်မျိုးကဲ့သို့မဟုတ်၊ အနည်းကျဥ်းသာဖြစ်ပြီး အ ချို့တွင် သေးငယ်သော အဖုအနာတစ်ခု သို့မဟုတ် နှစ်ခုသာ တွေ့ ရှိခဲ့ရသည်ဟု ပြောကြားထားသည်။ ကိုယ် ခန္ဓာ၏ အခြားနေရာတွင်မဖြစ်ပွားပဲ လိင်အင်္ဂါတွင်သာ တွေ့ရသည့် အနာမျိုးလည်းဖြစ်နိုင်သည့်အတွက် လူ နာများသည် ‘လိင်မှတဆင့် ကူးစက်သောရောဂါ’များ ကုသပေးသည့် ဆေးခန်းများသို့ သွားရောက်ပြသကြသည်ကို တွေ့ရှိရကြောင်း WHO အစီရင်ခံစာတွင် ပါရှိသည်။
ဤကဲ့သို့ ကိုးကားပြဌာန်းစာအုပ်နှင့်ကွဲလွဲသောရောဂါသွင်ပြင်လက္ခဏာများ တွေ့ရှိလာရခြင်းသည် ‘မျောက်ကျောက်’ ရောဂါဟု အတည်မပြုနိုင်ခဲ့မှုများ ရှိကောင်းရှိနိုင်ခဲ့သည်ဟူသော ယူဆချက်များကို ဖြစ်ပေါ် စေပါ သည်။ ကူးစက်ခံထားရသူကိုယ်တိုင်က ‘မျောက်ကျောက်’ရောဂါဟု ယူဆမထား၍ ဆေးရုံဆေးခန်း သွား မပြသည်လည်း ဖြစ်နိုင်သလို၊ ပြဌာန်းစာအုပ်ပါ လက္ခဏာများအတိုင်း မဟုတ်၍ မျောက်ကျောက်’ရောဂါအနေနှင့် မကုသပေးခဲ့မိသည်များလည်း ရှိနိုင်ပေသည်။ ထိုကဲ့သို့ဖြစ်ခဲ့ပါက ‘မျောက်ကျောက်’ရောဂါသည် မေလ (၆) ရက်နေ့ မတိုင်မီကပင် လူထုကြားမသိမသာ အကန့်အသတ်ဖြင့် ကူးစက်ပျံ့နှံ့နေနိုင်သည်။
ဤယူဆချက်ကို မကြာမီရက်ပိုင်းအတွင်းက ယခုပျံ့နှံ့နေသော ‘မျောက်ကျောက်’ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအစီ အစဥ် (Genomic sequencing) ကို လေ့လာခဲ့ကြသည့် အီဒင်ဘာရာ တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ ကနဦးတွေ့ရှိချက်များက ထောက်ခံခဲ့သည်။ဤ’ဗိုင်းရပ်စ်သည် ‘နှစ်ပင်လိမ်ဒီအန်အေ’(Double strand DNA) ဗိုင်းရပ်စ်အမျိုးအစားဖြစ်သောကြောင့် ‘မျိုးဗီဇဆင့်ကဲပြောင်းလဲမှု (Mutation) မမြန်ဆန်မှုသင့်၊သို့သော် တွေ့ ရှိချက်များက တိရစ္ဆာန်မှလူသို့ မကြာသေးခင်က ကူးစက်ခဲ့သည့်ပုံစံမဟုတ်ပဲ၊ လူအချင်းချင်း ကာလအပိုင်း အခြားတခုတိုင် ကူးစက်နေသကဲ့သို့ ဒီအန်အေစာလုံး (၄၇) ခု ပြောင်းလဲမှုကို တွေ့ခဲ့ရသည့်အတွက် ယခုမှ အာ ဖရိကတိုက်ပြင်ပ ကျော်လွန်လာခြင်းမဟုတ်၊ ၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်ကတည်းက လူထုကြားရှိနေပြီးသားဟု ယူဆနိုင်ပေသည်။
ဤတွေ့ရှိချက်သည် ကနဦးလေ့လာမှုသာဖြစ်သော်လည်း ဇွန်လ (၁) ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှုးချုပ် ‘Dr.တက်ဒရော့စ် ဂက်ဘရယ်ရေးဆက်’နှင့် သတင်းမီဒီယာများနှင့်တွေ့ဆုံစဥ်’စုံစမ်းစစ် ဆေးမှုများ ဆက်လက်လုပ် ဆောင်နေဆဲဖြစ်သော်လည်း ‘မျောက်ကျောက်’ရောဂါသည် အချိန်အတန်ကြာ မဖေါ်ထုတ်နိုင်ခဲ့ပဲ ကူးစက်ပျံ့ နှံ့နေသည်ဟု ယူဆနိုင်ကြောင်း ပြောကြားချက်နှင့်လည်း သဘောထားတိုက်ဆိုင်နေ သည်။
ဖေါ်ပြပါအချက်အလက်များအရ ဤရောဂါသည် ’ကိုဗစ်-၁၉’ ကဲ့သို့ ပဟေဋိများစွာဖြင့် အစိမ်းသက်သက် စမ်းတဝါးဝါး အစပြုခဲ့ရသလိုမျိုး မဟုတ်စေကာမူ စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်ကို တွေ့မြင်နိုင် ပါသည်။။ဤအာဖရိကတိုက်ပြင်ပကူးစက်မှုများသည် ယခုဆောင်းပါးရေးစဥ်ကာလအထိ သေဆုံးမှုများ တွေ့လာရသည်အထိ မပြင်းထန်သေးသော်လည်း၊ ကူးစက်ပျံ့နှံ့မှု ပိုမိုမြန်ဆန်လာပါက သက်ဆိုင်ရာနိုင်ငံ များ၏ ကျန်းမာရေးစနစ်ကို ပိုမိုဝန်ပိစေလာလိမ့်မည်ကိုတော့ သံသယရှိစရာမလို။ အထူးသဖြင့် ကျန်းမာရေး စောင့် ရှောက်မှုအားနည်းသော၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချို့တဲ့သော နိုင်ငံများတွင်မူ ဆိုဘွယ်ရာမရှိ။
သတင်းကောင်းရှိသည်၊ သို့သော် မည်သူ့အတွက်လဲ
’မျောက်ကျောက်’ရောဂါအတွက် အတည်ပြုကုသဆေး ယခုအချိန်အထိ မရှိသေးသလို၊ များသောအားဖြင့် လည်း ကုသဆေးမလိုအပ်ပဲ သက်သာပျောက်ကင်းလေ့ရှိသည်။သို့ရာတွင် လိုအပ်ခဲ့ပါက အသုံးပြုနိုင်သော တွက် မှတ်ပုံတင်ထားပြီးသည့် ဆေးအချို့လည်း ရှိနှင့်ပြီးဖြစ်သည်။ ခြွင်းချက်ထား၍ပြောရမည်မှာ သက်ဆိုင် ရာ နိုင်ငံများ၏အတည်ပြုထားမှု များပေါ်မူတည်ပြီး အသုံးပြုနိုင်သည့် ဆေးဝါးအမျိုးအစား၊ ရောဂါအမျိုး အ စား ကွဲပြားနိုင်သည်။
ဥပမာ ‘ဥရောပဆေးဝါးအေဂျင်စီ’(European Medicines Agency-EMA) က ’Tecovirimat’ ဗိုင်းရပ်စ်ကုသ ဆေးကို ‘ကျောက်ကြီး’၊’မျောက်ကျောက်’၊ နွားကျောက်’ရောဂါများကုသရန် အီးယူနိုင်ငံများတွင် ခွင့်ပြုထား ပြီးဖြစ်သော်လည်း အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ‘ကျောက်ကြီး’ရောဂါအ တွက်သာ ခွင့်ပြုထားသေးသည်။
‘Brincidofovir’ ဗိုင်းရပ်စ် တိုက်ဖျက်ဆေးကို ဥရောပသမဂ္ဂနိုင်ငံများအတွက် ခွင့်ပြုမထားသော်လည်း အမေ ရိကန်နိုင်ငံက‘ကျောက်ကြီး’ရောဂါအတွက် မွေးကင်းစမှအစ ကလေး၊ လူကြီးအားလုံးအထိ အသုံးပြုကုသ ခွင့် ပေးထားသည်။ ‘Cidofovir’ ဗိုင်းရပ်စ် တိုက်ဖျက်ဆေးကို ဥရောပသမဂ္ဂနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့ တွင် ‘Cytomegalovirus retinitis’အတွက်သာ မှတ်ပုံတင်ခွင့်ပြုထားသေးသည်။ သို့ရာတွင် Brincidofovir နှင့် Cidofovirတို့သည် ‘Poxviruses’များနှင့် ဓါတ်ခွဲခန်းတွင်း စမ်းသပ်မှု၊ တိရစ္ဆာန်စမ်းသပ်မှုတို့တွင် ရလဒ် ကောင်းများ တွေ့ရှိထားပါသည်။
ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ပတ်သက်၍လည်း Bavarian Nordic (Denmark) က ထုတ်လုပ်သည့် ‘Jynneos’ (Imvanex/Imvamune) ကာကွယ်ဆေးကို FDA (U.S. Food and Drug Administration) အနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့ကတည်းက ‘ကျောက်ကြီး’ နှင့်’မျောက်ကျောက်’ရောဂါ (၂) မျိုးလုံးအတွက် သုံးစွဲနိုင်ရန် ခွင့်ပြုထားပြီးဖြစ်သည်။ အာဖရိကမှရရှိသော အချက်အလက်များအရ ဤဆေးထိုးနှံပြီးသူများ ၏ အနည်းဆုံး (၈၅) ရာခိုင်နှုန်းကို ’မျောက်ကျောက်’ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင် ကြောင်း သိရှိရသည်။
ထို့အပြင် လက်ရှိ‘ကျောက်ကြီး’ ရောဂါကာကွယ်ရေးအတွက် မှတ်ပုံတင်ထားသည့် ‘ACAM2000’(Sanofi Pastuer Biologics Co) သည်လည်း’မျောက်ကျောက်’ရောဂါတွင် အသုံးပြုနိုင်ရန် အလားအလာကောင်းများ ရှိသည်ဟု ယူဆရသည့်အတွက် ‘ကိုဗစ်-၁၉’ အစဦးပိုင်းကာလနှင့် နှိုင်းယှဥ်လျင် ပို၍သာလွန်ကောင်းမွန်သည့် အခြေအနေဟုဆိုရပါမည်။
ကာကွယ်ဆေးဆိုရာတွင်လည်း လိုအပ်၍ထိုးကြရမည်ဆိုလျင် ကိုဗစ်-၁၉ကဲ့သို့ လူဦးရေအလိုက် ထိုးနှံပေးရန်မလိုအပ်ပါ၊ ‘Ring Vaccination Strategy’ ဆိုသည့် ကူးစက်ခံထားရသူ ရောဂါရှင်နှင့် ထိတွေ့ခဲ့သူများကိုသာ ထိုးနှံပေးရန် လိုအပ်ပါလိမ့်မည်။ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် ထိတွေ့မှုရှိပြီး (၄) ရက်အတွင်း ထိုးနှံရမည်ဖြစ်ပြီး၊ (၄ရက်မှ၁၄ရက်) အတွင်း ကာကွယ်ဆေးထိုးပါက ရောဂါကိုမကာကွယ်နိုင်သည့်တိုင် ရောဂါပြင်းထန်မှုကို လျော့ကျစေနိုင်သည်။
မျက်မှောက်အနေအထားအရ ’မျောက်ကျောက်’ရောဂါသည် ‘ကိုဗစ်-၁၉’ရောဂါကဲ့သို့ ကူးစက်ကပ်ရောဂါ အသွင်ကျရောက်ရန် အခြေအနေမရှိသော်လည်း ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စွမ်း နည်းပါးသည့် နိုင်ငံများအတွက်မူ ကြီးမားသောပြဿနာ ဖြစ်လာနိုင်သည်။ ထိုနိုင်ငံများအတွက် ကာကွယ် ဆေး၊ ကုသဆေးများ မည်ကဲ့သို့ ခွဲဝေရရှိနိုင်မည်မှာ မသေချာသေးသော်လည်း၊ ချမ်းသာသော နိုင်ငံကြီးများ အစောတလျင် စုဆောင်းနေကြသည့် အရေအတွက်သည် ရာစုနှစ်တဝက်ကြာ ’မျောက်ကျောက်’ရောဂါကို ရင်ဆိုင်နေရသော ‘endemic’ အာဖရိကန်နိုင်ငံများ လက်ဝယ်ရရှိထားမှုထက် ကျော်လွန်နေမည်မှာ အငြင်း ပွားဘွယ်မရှိ။
ဤရက်ပိုင်းအတွင်းမှာပင် အမေရိကန်နိုင်ငံတွင် ‘ACAM2000’ ကာကွယ်ဆေး အလုံးရေ သန်း (၁၀၀) ခန့် ရှိ ကြောင်း CDCမှ Dr Jennifer McQuiston က ပြောကြားထားပြီး ‘Bavarian Nordic’ ကုမ္ပဏီက သူတို့ထုတ် လုပ်သည့် ‘Jynneos’ကာကွယ်ဆေးအလုံးရေ (၁) သန်းကျော်လည်း အမေရိကန်နိုင်ငံသို့ လိုအပ်လျင် ပို့နိုင်ရန် လက်ဝယ်၌ရှိကြောင်း သိရသည်။ထို့အပြင် အမေရိကန်နိုင်ငံ၏ strategic national stockpile အနေဖြင့် ‘Jynneos’ အလုံးရေ ၃၆,၀၀၀ရှိနေသေးကြောင်း သိရပြီး Jynneos’သည်‘ACAM2000’ ထက်ပို၍ စိတ်ချစွာ သုံးစွဲနိုင်သည်ဟု လက်ခံထားကြသည်။ ထို့ကြောင့် လတ်တလော ပြည်တွင်း ကူးစက်မှုအတွက် ထပ်မံဝယ်ယူ ထားသည့် အရေအတွက် ထည့်တွက်မထားသည့်တိုင် လုံလောက်နေဆဲဟု နားလည်ရသည်။
ပြည်သူ့ကျန်းမာရေးနယ်ပယ်တွင် ကျန်းမာရေးတန်းတူညီမျှမှု (Health Equity) ဆိုသည်ကို ရှေ့တန်းတင်လေ့ ရှိသည်။ယခုအခါ ‘ကိုဗစ်-၁၉’ကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်နွှယ်ပြီး ကာကွယ်ဆေး မမျှတမညီမျှမှု(Vaccine inequity) ဆိုသည့်စကားလုံးကို ကျယ်လောင်စွာ သုံးစွဲလာကြရသည်။ ဥပမာအနေဖြင့် ပြသရလျင်၊အာဖရိက CDC (Africa Centres for Disease Control and Prevention)၏ဖေါ်ပြထားမှုအရ ‘ကိုဗစ်-၁၉’ ကာကွယ် ဆေးအပြည့်(၂ကြိမ်)ထိုးနှံနိုင်မှုသည် ဇွန်လ (၁၁) ရက်နေ့အထိ အာဖရိကလူဦးရေ၏ ၁၇.၄ ရာခိုင်နှုန်းသာ ရှိ သေးသည်ကို တွေ့ရှိရသည်။
ကမ္ဘာကြီးတခုလုံးအနေဖြင့် ပြောရလျင် မေလ (၃၀) ရက်နေ့အထိ ဝင်ငွေနိမ့်ကျသည့် နိုင်ငံများရှိလူဦးရေ၏ ၁၇.၈ရာခိုင်နှုန်းသည်သာ အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီး ဖြစ်သည်ကိုတွေ့ရသည်။ ဝင်ငွေမြင့်မားသည့် နိုင်ငံများ ကမူ ‘ကိုဗစ်-၁၉’ ကာကွယ်ဆေးများ ထပ်မံဝယ်ယူကာ သူတို့၏ပြည်သူများအား ထပ်ဆောင်း ကာကွယ် ဆေးများ (Booster dose) ထိုးနှံနေပြီဖြစ်သည်။ ဤကဲ့သို့ ကွာဟချက်များကို WHO, COVAX, UNICEF အစ ရှိသည့် အဖွဲ့အစည်းများကလည်း အကြိမ်ကြိမ် ထောက်ပြနေကြသော်လည်း အကျိုးသက်ရောက်မှုမရှိ။
ထို့ကြောင့် ဤမညီမျှမှုပြဿနာသည် အာဖရိကနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော နိုင်ငံများ အတွက် အသစ်အဆန်းမဟုတ်သလို ယခု’မျောက်ကျောက်’ရောဂါတွင်လည်း မထူးခြား။ WHO (အာဖရိက ဒေသ)၏အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဇွန်လ (၁)အတွင်း ‘ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင် ငံ’(DRC) ၌ သံသယလူနာ ၁၂၈၄ ဦးရှိကာ သေဆုံးသူ ၅၈ ဦး ရှိခဲ့သည်။ ဓါတ်ခွဲအတည်ပြုနိုင်သောလူနာမှာ ၁၀ဦး သာရှိသည်။ ဤကိန်းဂဏန်းများကိုကြည့်လျင် ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းစဥ်များ မည်မျှအရေးတကြီးလိုအပ်နေမည်ဆိုသည်ကို မှန်းဆကြည့်နိုင်သည်။
WHO ထုတ်ပြန်ချက်အရ ‘Congo Basin’ဗိုင်းရပ်စ်မျိုးကွဲကြောင့် သေဆုံးနှုန်းသည် (၁၀.၆) ရာခိုင်နှုန်းရှိပြီး DRCတွင် ကူးစက်နေသည့်မျိုးကွဲဖြစ်သည်။ ယခုအာဖရိကတိုက်ပြင်ပ ရောက်ရှိလာသည်မှာ ‘West African’ မျိုးကွဲဖြစ်၍ သေဆုံးနှုန်းသည် (၃.၆) ရာခိုင်နှုန်းဟု သိရှိရသည်။ထို့ကြောင့် DRC ၏အနေအထားသည် ပို၍ စိုးရိမ်စရာ ကောင်းသည်ဟု ပြောရပေမည်။ Sankuru ပြည်နယ်သည် ’မျောက်ကျောက်’ရောဂါ အဖြစ် အများ ဆုံး ပြည်နယ်တခုဖြစ်ပြီး ယင်းဒေသတွင်တာဝန်ထမ်းဆောင်နေသော Dr Raphael Okokoက ရှိသည့် ဆေးဝါးများနှင့်သာ ကုသပေးရပြီး သူတို့တွင်ကာကွယ်ဆေးမရှိကြောင်း ပြောကြားခဲ့သည်။
နှစ်စဥ်သေဆုံးသူများလည်းရှိသော endemic ဒေသများက ကာကွယ်ဆေးမရှိပဲ ရင်ဆိုင်နေရချိန်တွင်၊ အန္တရယ်နည်းပါးသည့် ဗိုင်းရပ်စ်မျိုးကွဲ ရောက်ရှိလာမှုကြောင့် ချမ်းသာသောနိုင်ငံများက အသေအပျောက် မ ရှိသေးသော်လည်း ကာကွယ်ဆေးအလုံးရေ သိန်းသန်းနှင့်ချီ၍ စုဆောင်းနေကြ၊ထိတွေ့သူများအား စတင်ထိုး နှံနေကြသည်ကလည်း ပကတိအရှိတရားပင်။
ဤသာဓကများကို ကြည့်ခြင်းဖြင့် ကာကွယ်ဆေး၊ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးများ၊ဓါတ်ခွဲစမ်းသပ်နည်း များအသင့်ရှိသည်ဆိုသည့် သတင်းကောင်းသည် ကမ္ဘာ့လူဦးရေအားလုံးအတွက် မဟုတ်နိုင်သည်ကိုတော့ စိတ်မသက်သာစွာဖြင့် လက်ခံကြရပေဦးမည်။
အိပ်မောကျနေဆဲလား ကိုယ်ချင်းစာတရား
ကူးစက်ဗိုင်းရပ်စ်ရောဂါတခုအကြောင်း ရေးသားဆွေးနွေးနေခြင်းဖြစ်သော်လည်း အတွေးထဲကို ဆက်စပ် ဝင်ရောက်လာမိသည်မှာ နွေဦးတော်လှန်ရေးကာလတွင် နားရည်ဝနေကြသော ‘မင်းအိမ်က မဟုတ်လို့ မင်းမ ကြားသေးတာပါ၊ ငိုသံတွေက လမ်းမထက်မှာ’ဆိုသည့် အဓိပ္ပါယ်ပြည့်ဝလှသော အနုပညာဖန်တီးမှုကို ဖြစ် သည်။ ဆယ်စုနှစ်ပေါင်းများစွာ ‘မျောက်ကျောက်’ရောဂါ အာဖရိကနိုင်ငံများ ရင်ဆိုင်နေကြစဥ်တုန်းကထက်၊ အာဖရိကတိုက် နယ်နိမိတ်ကို ကျော်လွန်သွားခဲ့လေမှ ကမ္ဘာကြီးက ပို၍အာရုံစူးစိုက်လာသည်ကလည်း ဦး ဆောင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ လိုအပ်ချက်၊အားနည်းချက်များပင်လား၊ သို့တည်းမ ဟုတ် လူ့မနော လူ့သဘောသဘာဝကို ထင်ဟပ်သည့် ဖြစ်ရိုးဖြစ်စဥ်မျှသာပဲလား ဆိုသည့်မေးခွန်းများက လည်း မေးသင့်မေးထိုက်သည်များသာ ဖြစ်သည်။
ကမ္ဘာပေါ်တွင် (၁၉၄၀-၂၀၀၄) ခုနှစ်အတွင်း ‘ပေါ်ထွက်ခဲ့သည့် ကူးစက်ရောဂါများ’(Emerging Infectious Diseases-EIDs)ဖြစ်စဥ်အရေအတွက် (၃၃၅) မျိုးရှိပါသည်။ ထိုစာရင်းအရ တိရစ္ဆာန်မှလူသို့ ကူးစက်တတ် သောရောဂါများ (Zoonoses) သည် အများစု (၆၀.၃) ရာခိုင်နှုန်းဖြစ်ပြီး၊ ၎င်းတို့အနက် (၇၁.၈) ရာခိုင်နှုန်းသည် တောတွင်းရှိတိရစ္ဆာန်များကြောင့် အစပြုဖြစ်ပွားရခြင်းဖြစ်ကာ ဆားဗိုင်းရပ်စ်၊ အီဘိုလာ၊ မျောက်ကျောက် အ စရှိသည်တို့လည်း ဤစာရင်းတွင် ပါဝင်သည်။
၂၀၂၀ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်သော Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services (IPBES)၏ အစီရင်ခံစာတွင် နို့တိုက် သတ္တဝါများနှင့်ငှက်များ၌ မဖေါ်ထုတ်ရသေးသော ဗိုင်းရပ်စ်ပေါင်း ၈၅၀,၀၀၀အထိ ကျန်ရှိနိုင်ပြီး လူများကို ကူးစက်နိုင်သည့် အလားအလာရှိကြောင်း ပါရှိသည်။ ဤအချက်အလက်များကို ဖေါ်ပြရခြင်းမှာ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သောရောဂါများ၏ အန္တရာယ်ကို သတိရှိရှိဖြင့် ကြိုတင်ကာကွယ်ကြဖို့ လိုအပ်ကြောင်း ထင်ရှားစေလို၍ဖြစ်သည်။ တခုတော့ရှိသည်၊ အာရုံစိုက်ရမည့် တောတောင်နေရာဒေသများသည် ဖွံဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းပြည်များ၌ တည်ရှိနေခြင်းက နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို နည်းပါးစေသည် လား ဆိုသည်ကိုလည်း ဆက်၍တွေးချင်စရာပင်။
ချုပ်၍ပြောရလျင် ’မျောက်ကျောက်’ရောဂါသည် ကမ္ဘာသူကမ္ဘာသားများအတွက် စိုးရိမ်ဖွယ် သတင်းစကား ကို ဆောင်ကျဥ်းလာသလို ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှစေရန် အလွန်အမင်းအားစိုက် ဆောင် ရွက်ကြဖို့ အရေးတကြီး လိုအပ်နေကြောင်းကိုလည်း မီးမောင်းထိုးပြခဲ့သည်။ ကမ္ဘာကြီးနှင့်ချီသည့်ကိစ္စကို အသာထား၊ တောင်တန်းပြည်မ ကျန်းမာရေး ကွာဟမှု များပြားနေဆဲဖြစ်သည့် မိမိတို့ နိုင်ငံတွင်လည်း ကိုယ် ချင်းစာတရား ပိုလက်ကိုင်ထားသော တန်းတူညီမျှ ‘ဖက်ဒရယ် ကျန်းမာရေးစနစ်’တရပ်ကို ပီပီပြင်ပြင် ထူ ထောင်နိုင်သည့်နေ့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar