မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၁ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၁ မြင်ကွင်း
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၂
လက်နက်ကိုင်တော်လှန်ရေးမှာ ဗဟိုစုစည်းမှု ဗဟိုစီမံခန့်ခွဲမှု လိုအပ်နေပြီလား
စစ်ကောင်စီပြုတ်ကျရေး ဦးတည်တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အချိန်ကာလအားဖြင့် တနှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ လူအင်အား စုဆောင်းရေး၊ စစ်ရေးသင်တန်း၊ အတွေ့အကြုံ၊ ရိက္ခာ၊ လက်နက် ဖြည့်တင်းရေးတွေ လုပ်ဆောင်နေပြီး တဖက်မှာလည်း စစ်ကောင်စီတပ်တွေကို ပြည်သူလူထုနေထိုင်ရာနယ်မြေတွေမှာ ဝင်ရောက်မစိုးမိုး မအုပ်ချုပ်နိုင်အောင် နယ်မြေစိုးမိုးရေး တိုက်ခိုက်ကြတာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
အခုပြောတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ စုစည်းအားကောင်း လာဖို့ ဖြည့်ဆည်းမှု စုစည်းမှု လေ့ကျင့်မှု အဆင့်တွေက လုပ်နေဆဲ တနယ်နဲ့ တနယ် အဆင့်ချင်းမတူကြသလို အချို့နယ်တွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အကူအညီနဲ့ အဆင့်တွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ကြပေမယ့်လည်း အချို့နယ်တွေမှာတော့ ကကြီးက စနေရတုန်း အလယ်ထိ မရောက်နိုင်သေးချိန်မှာပဲ တိုက်ပွဲတွေ ချေမှုန်းခံရတာတွေလည်း ဖြစ်ပွားနေတာလည်း ရှိနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှာတော့ ကေအိုင်အေရဲ့ အကူအညီ လေ့ကျင့်မှု စစ်ရေးဦးဆောင်မှုတွေနဲ့ တိုက်ခိုက်နေကြသလို၊ ကရင်ပြည်နယ်မှာ ကယားပြည်နယ်မှာ ချင်းပြည်နယ်တို့မှာ ဒေသမှာ ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွဲ့စည်းတာ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာတော့ ဒေသအလိုက် ပေါ်ထွက်လာတဲ့ PDF အဖွဲ့တွေက ဒေသတခု ၊ မြို့တမြို့ကို အမည်တမျိုးစီနဲ့ ဖွဲ့စည်း လှုပ်ရှားနေကြတာဖြစ်ပြီး အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု ရှိတဲ့အဖွဲ့တွေ ရှိသလို မရှိတဲ့အဖွဲ့တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။
PDF အဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားတာမျိုး ဖမ်းဆီးတာမျိုးလည်း အခုလက်ရှိအချိန်ထိ အနည်းငယ်မျှသော ဖြစ်ရပ်တွေ ရှိခဲ့ပြီဖြစ်ပါတယ်။ အချို့သော PDF တွေ အသက်ဆုံးရှုံးခဲ့ရတဲ့ အထိ ဖြစ်ပျက်မှုတွေ ယင်းမာပင် PDF နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံး ရလဒ်လိုမျိုး အခုအထိတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒါက လက်နက်ကိုင်တော်လှန်ရေးအတွင်း ပေါ်ထွက်လာတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ အပိုင်းဖြစ်ပါတယ်။
ခုရည်ရွယ် ပြောဆိုတဲ့အကြောင်းကို ပြန်ကောက်ရရင် ဒီလို အစုအဖွဲ့တွေများစွာ မိမိတို့ ရန်ပုံငွေနဲ့ မိမိတို့ ခေါင်းဆောင်နဲ့ စုဖွဲ့ကြပြီး လုပ်ဆောင်နေကြတာဟာ ဒေသအလိုက်သူ့ဟာသူ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းလာတဲ့ ရှုထောင့်ကကြည့်ရင် အားသာချက် ဖြစ်ပါတယ်။ သို့ပေမယ့် အချိန်ကာလတခုရောက်တဲ့အခါ အစုအဖွဲ့တွေ ရာချီရှိနေပြီး စုစည်းတိုက်ခိုက်နိုင်မှုအင်အား၊ စုစည်းစီမံခန့်ခွဲမှုရှိရင် ရရှိမယ့်အကျိုးကျေးဇူးတွေ ပေါ်ထွက်မလာနိုင်ပဲ အမျိုးမျိုးသော အဖွဲ့နဲ့ အမျိုးမျိုးသော စီမံခန့်ခွဲမှု တိုက်ခိုက်မှုတွေ လုပ်နေကြရတဲ့ သဘောတွေ့ရပါတယ်။
NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေမှာ မဟာမိတ် ဆက်ဆံရေးရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ချိတ်ဆက်တိုင်ပင် လုပ်ကိုင်နိုင်ရင်လုံလောက်နေပြီလို့ ဆိုနိုင်ပေမယ့် တိုင်းရင်းသားနယ်မြေမဟုတ်တဲ့ မကွေး၊ စစ်ကိုင်း မန္တလေးတိုင်းတို့က PDFတွေကို စစ်ရေးအရ ဗဟိုက ထောက်ပံ့မှုနဲ့ ကွပ်ကဲမှု လုပ်ဖို့ လိုအပ်နေပြီလားဆိုတာကို အမြန်ဆုံး စဥ်းစားဆုံးဖြတ်သင့်ပြီလို့ ထင်ပါတယ်။ ဘာကြောင့်အခုလို ထင်မြင်ရသလဲဆို အဲဒီဒေသတွေမှာ လူထုအနေနဲ့ အသက်ရော ပိုင်ဆိုင်မှုပါ နေအိမ်ပါ အရင်းအနှီး အကုန်လုံးပုံအောပြီး ထောက်ခံနေရ တာကြောင့်ဖြစ်ပါတယ်။ အဲဒီဒေသရဲ့ လူထုအနေနဲ့ အခုတကြိမ်မှာ အကုန်ပုံအော ထောက်ခံထားရပြီမို့ ဒီပွဲမှာ ရှုံးပြီဆိုပြန် နာလန်ထူလာဖို့ မလွယ်ကူတော့ပါဘူး။ လူထုအင်အားမရှိရင် တော်လှန်ရေး အခြေပြုဖို့ နယ်မြေ အထောက်အပံ့အားလုံး ဆက်ကာ ပျက်ပြုန်းသွားနိုင်တဲ့ ဖြစ်နိုင်ချေမျိုးလည်း တွေ့မြင်နေရလို့ ဖြစ်ပါတယ်။
လူထုက သူ့ဘာသာသူ တော်လှန်နေတယ်ဆိုပြီး စိတ်ဓာတ်ခွန်အားပဲပေးပြီး ဦးဆောင်မှု စီမံကွပ်ကဲမှု ထောက်ပံ့မှု မပေးနိုင်ခဲ့ရင် အောင်ပွဲက ရှည်ကြာသွားတာ သို့မဟုတ် ဇာတ်မြောသွားတာတွေ ဖြစ်နိုင်ခြေရှိတာကြောင့် အခုအချိန်မှာ ဦးဆောင်မှု ထောက်ပံ့မှု လူထုကို ကာကွယ်မှုက အရေးကြီးဆုံး အချက်တွေ လို့မြင်မိပါတယ်။
တော်လှန်ရေး ရေချိန်က အစဥ်အမြဲ အတက်ဘက်ချည်းသာ ရှိနေမယ်လို့ တထစ်ချ ယူဆဖို့ မသင့်ပါဘူး။ လောင်စာမီးတောက်လောင်သလို အမြင့်ဆုံးမီးတောက်တောက်လောင်ချိန် လောင်စာအရှိန်တန့်နေချိန် နဲ့ လောင်စာနည်းသွားတဲ့အခါ မီးရှိန်ပြန်လျော့ကျချိန်ဆိုတာမျိုးက သဘာဝမို့လို့ လောင်အားအမြင့်ဆုံးအချိန် အင်အားအကောင်းဆုံးအချိန်မှာ အဆင့်တခုကို ရလဒ်တခုကို ရောက်ဖို့ ရဖို့ မီးရှိန်ကို လမ်းကြောင်းဆီ ရောက်အောင် ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar