Breaking News

အောင်သူငြိမ်း - နောက်ဆုံးတော့ စီးပွားရေးသီအိုရီတွေက မှန်ရတာပဲ

အောင်သူငြိမ်း - နောက်ဆုံးတော့ စီးပွားရေးသီအိုရီတွေက မှန်ရတာပဲ
(မိုးမခ) မေ ၅၊ ၂၀၂၂

ဘန်ကောက်ပို့စ် သတင်းစာမှာ ချတ်ချိုင်း ပရာဆုက် (Chartchai Parasuk) ရေးတဲ့ ဆောင်းပါး In the end, economic theories prevail ကို ဆီလျော်အောင် ပြန်ရေးတာပါ။ 

ကျနော်တို့မိတ်ဆွေ နာမည်ကျော်ပညာရှင်တယောက်က မြန်မာနိုင်ငံဟာ အကျပ်အတည်းတွေတွေ့ပြီး ပြိုလဲကျမယ်လို့ ပြောလေ့ရှိတယ်။ စစ်အာဏာသိမ်းတယ်။ ဘဏ်တွေ မလည်ဘူး။ မီးတွေပျက်တယ်။ အခုလည်း ဓာတ်ဆီဝယ်ဖို့ အတော် လှည့်ရှာနေရတယ်။ ဒါလည်း မပြိုသေးဘူးလားလို့ မေးခွန်းထုတ်ချင်မိတယ်။ အတော်တော့ ခံနိုင်ရည်မြင့်သားလို့ တွေးမိတယ်။ အခုဆောင်းပါးက အလွတ်သဘော စီးပွားရေး ပညာရှင် ချတ်ချိုင်းပရာဆုက်က ဘန်ကောက်ပို့မှာရေးထားတာ။ သူရေးထားတာတွေက လူနားလည်လွယ်၊ အချက်အလက်လေးတွေလည်းပါတော့ ကျနော် စောင့်ဖတ်လေ့ရှိတယ်။ အချို့သောစာဖတ်သူများကတော့ သူရေးထားတာတွေက အဆိုးမြင်လွန်းတယ်လို့လည်း ဆိုကြတယ်။ 

သူက ထိုင်းစီးပွားရေးအခြေအနေမကောင်းဘူး။ အကျပ်အတည်းတွေ့နိုင်တယ်ဆိုတာ ကြိမ်ဖန်များစွာ နမိတ်ဖတ်ခဲ့တယ်။ အကြောင်းပြချက်တွေက ငွေဖောင်းပွမှု မြင့်နေတယ် (high inflation)၊ ငွေဖော်နိုင်စွမ်း အကျပ်အတည်းတွေ့နေတယ်။ (liquidity crisis)၊ ငွေတိုးနှုန်းကလည်း မြင့်နေတယ် (interest rate hikes)၊ ဘဏ်တွေ ပြိုမယ် (bank collapses)၊ ငွေကြေး ပြဿနာတက်မယ် (currency run)၊ နောက်ဆုံး စီးပွားပျက်ကပ် (economic recession) ကြုံရမယ်လို့ ဆိုထားခဲ့တယ်။ 

ဒါပေမယ့် ထိုင်းစီးပွားရေးက အခုအခြေအနေမှာ သိပ်အဆိုးကြီးမဟုတ်ပါဘူး။ စီးပွားပျက်ကပ်ကြုံဖို့ဆိုတာ အဝေးကြီးဆိုပြီး စီးပွားရေး ပညာရှင်အများက ဆိုကြတယ်။ အမှန်ပြောရရင် ထိုင်းစီးပွားရေးက အနိမ့်ပါးဆုံးအခြေအနေကို ကျော်ခဲ့ပြီ၊ နိုင်ငံခြားဧည့်သည်တွေတောင် ပြန်လာစည်ကားနေကြပြီလို့ ဆိုကြပါတယ်။ အကယ်၍ ကျန်းမာရေးကိစ္စ (Thai pass) ကို ဖယ်ရှားပြီးတဲ့အခါ ပိုလို့တောင်ကောင်းလာဦးတော့မယ်လို့ ဆိုကြပါတယ်။ 

ဒါဆိုရင် ချတ်ချိုင်းက သူပဲ သိပ်အဆိုးမြင်နေသလား၊ သူကပဲ မှားယွင်းတဲ့ သီအိုရီတွေ အသုံးပြုပြီး အခြေအနေအမှားတွေကို တွက်ဆနေမိတာလားပေါ့။ သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်ပါတယ်။ သူကတော့ ပြဿနာတွေကို ပြန်ဆန်းစစ်ပြီးတော့ ပိုလို့မှန်လာတယ်လို့တောင် ထင်ပါသေးသတဲ့။ ခန့်မှန်းချက်တွေအပေါ် ပိုလို့ ယုံကြည်ချက်ရှိလာပါသေးသတဲ့။ သူပြောတဲ့ အကြောင်းကတော့ စီးပွားရေးသီအိုရီတွေက ဘယ် တော့မှ မမှားပါဘူးတဲ့။ စီးပွားရေး ဒေတာ အချက်အလက်တွေက ဘယ်တော့မှမလိမ်ပါဘူးတဲ့။ 

သူ ခန့်မှန်းတွက်ချက်ထားတာတွေကို ပြောပြပါတယ်။ သူပြောထားတာက ၂၀၂၂ ခုနှစ်မှာ ရေနံဈေးနှုန်းတွေ တက်လာကြောင့် ငွေကြေး ဖောင်းပွမှု မြင့်မယ့်နှစ် (high inflation) လို့ ပြောခဲ့ပါတယ်။ သူပြောတဲ့အချိန်က ဖေဖေါ်ဝါရီလ ၂၄ ရက်၊ ရုရှားက ယူကရိန်းကို ဝင်ရောက်မကျူးကျော်ခင်မှာ ပြောထားတာပါ။ 

သူထင်ထားတဲ့အတိုင်း ဖြစ်-မဖြစ်သိဖို့ ဇန်နဝါရီလကုန်မှာ သူ ရေနံ စတော့ အစုရှယ်ယာတွေ ဝယ်ခဲ့ပါတယ်။ ဈေးနှုန်းက ရေနံတစည် (dbp) ကို ၈၄ ဒေါ်လာ ရှိပါတယ်။ သူပစ်မှတ်ထားတဲ့ အမြတ် ၃၀% ရတဲ့အခါ အဲဒီအစုတွေကို ပြန်ရောင်းထုတ် ခဲ့ပါတယ်။ ရုရှားကျူးကျော်ပြီးတဲ့ နောက်ပိုင်းတော့ ရေနံဈေးက ပိုတက်လာပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ တစည်ကို ၁၄၀ ဒေါ်လာအထိ မြင့်တက်လာပါတယ်။ သူက နောက် ထပ် ရေနံအစုရှယ်ယာတအုပ်ကို ရေနံဈေးတစည် ၁၀၈ ဒေါ်လာမှာ ထပ်ဝယ်ခဲ့ပါတယ်။ အခုအခါမှာတော့ သူပစ်မှတ်ထားတဲ့ ရောင်းဖို့ ဈေးနှုန်းကတော့ တစည် ၁၃၀ ဒေါ်လာရရင် ပြန်ရောင်းပါပြီ။ 

အဲဒီ အချိန်ကစလို့ ရေနံဈေးနှုန်းက သတင်းတွေမှာ တက်လိုက်ကျလိုက် ရှိနေပါတယ်။ တခါဆိုရင် တစည်ဒေါ်လာ ၁၀၀ အောက်အထိ ကျသွားပါတယ်။ သူ့ရဲ့ ရင်းနှီးမြှုပ်နှံသူ မိတ်ဆွေတွေက ခင်ဗျားအစုတွေကို ပြန်ပြီး စုစည်း liquidate လုပ်ဖို့ တိုက်တွန်းကြပါတယ်။ သူကတော့ ခပ်တင်းတင်းပဲ၊ ခေါင်းမာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်နေတဲ့ ဝယ်လိုအား- ရောင်းလိုအား (demand and supply) အခြေအနေတွေကြောင့်ပါ။ ရောင်းလိုအား-ဝယ်လိုအား တချိန်မျှချေကျရင် ဈေးနှုန်းဆိုတာ ဖြစ်ပေါ်လာပါတယ်။ သူက ရေနံဈေးတစည် ၉၅ ဒေါ်လာအောက်ကျရင် ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့တောင် စဉ်းစားနေပါသေးတယ်။ ဒါပေမယ့် ဇွန်လ ၁ ရက်နေ့ဈေးနှုန်းကတော့ တစည် ၁၁၅.၄ ဒေါ်လာ ဖြစ်နေပါတယ်။ နွေရာသီလည်း ရောက် လာပါပြီ။
 
သူအခု ရင်းနှီးမြှုပ်နှံမှုတွေ ပြောပြနေတာက ဈေးနှုန်းအရွေ့သဘောကို သီအိုရီနဲ့ ယှဉ်ပြလိုလို့ ပြောနေတာပါ။ ကျန်တဲ့သူတွေ က ရေနံ အစုရှယ်ယာမှာ ရင်းနှီးမြှုပ်နှံလိုတယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ စွန့်စားဖို့ပါပဲတဲ့။ ရေနံဈေးလိုပဲ ၂၀၂၂ အတွက် သူ့ရဲ့ ကျန်ခန့်မှန်းချက်တွေကလည်း မှန်ခဲ့ပါတယ်တဲ့။ 

ငွေကြေးဖောင်းပွမှု (High Inflation)- ဒီကိစ္စက ပြန်ရှင်းပြဖို့ သိပ်မခက်ပါဘူးတဲ့။ အစိုးရက ထုတ်ဝေတဲ့ စားသုံးသူ ဈေးဆနှုန်း (consumer inflation data) ဒေတာတွေက ထိုင်းနိုင်ငံ တကယ့်အခြေအနေကို မထင်ဟပ်ပါဘူးတဲ့။ ၂၀၂၂ ဧပြီလစရင်းကို ကြည့်ရင်၊ ယူအက်စ် ထုတ်လုပ်သူဈေးဆနှုန်း producer price inflation (PPI) က ၁၁.၀၃% ရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ PPI က ၁၂.၇၆%  ရှိနေပါတယ်။ ငွေဖောင်းပွဖို့အတွက် ဖိအားတွေ အားကောင်းနေပါတယ်။ 

ယူအက်စ်မှာတော့ ထိရောက်တဲ့ ဈေးကွက်စနစ်က အလုပ်လုပ်နေပြီး၊ အစိုးရက ဈေးကွက်ကိစ္စတွေ ကြားဝင်ဆောင်ရွက် စွက်ဖက်တာလည်း မရှိပါဘူး။ ထုတ်လုပ်သူတွေအတွက် ၁၁.၀၃% ဈေးနှုန်းတက်လာတာကြောင့် စားသုံးသူအတွက် ငွေကြေးဖောင်းပွမှု ၈.၃% consumer price (CPI) inflation ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံမှာတော့ ထုတ်လုပ်သူတွေအတွက် PPI ၁၂.၇၆% တက်သော်လည်း၊ ဧပြီလ စားသုံးသူ ငွေကြေးဖောင်းပွမှု CPI က ၄.၆၅% တက်ပါတယ်။ သူပြောချင်တာက ထိုင်းအစိုးရရဲ့ ထိန်းချုပ်မှု/ ပံ့ပိုးမှုတွေကြောင့် ဈေးကွက်က ပုံပျက်ယွင်းနေပုံပါ။ အထူးသဖြင့် တကမ္ဘာလုံး လူသုံးကုန်ပစ္စည်းတွေ ဈေးတက်နေတဲ့အချိန်မှာ ဖြစ်နေတာပါ။ ပြောချင်တာက ထုတ်လုပ်သူဖက်က ကုန်ကျစရိတ်တွေ တက်နေမယ်ဆိုရင် စားသုံးသူတွေဖက်ကလည်း ဈေးကြီးပေး၊ ငွေကြေးဖောင်းပွမှု မြင့်လာမှာပါ။ အမှန်ဆိုရင် ထိုင်းနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ဂဏန်း နှစ်လုံးကျော် ဖြစ်နေရမယ်လို့ သူက ဆိုပါတယ်။ 

အဲဒါအပြင် ဖွံ့ဖြိးပြီး ယူအက်စ်လို စီးပွားရေးတွေနဲ့ယှဉ်ရင်၊ ထိုင်းနိုင်ငံက တကမ္ဘာ့လူသုံးကုန်ပစ္စည်းတွေ ဈေးတက်လာတာကြောင့် ငွေကြေးဖောင်းပွမှုအန္တရာယ် ပိုလို့ကြုံရနိုင်ပါသေးတယ်။ ထိုင်းနိုင်ငံရဲ့ စားသုံးသူ ဈေးဆနှုန်း CPI အတွက် ခြင်းတောင်း (basket) ထဲမှာ အစားအစာနဲ့ လောင်စာက ၄၈.၈% ပါဝင်ပါတယ်။ ယူအက်စ်ရဲ့ စားသုံးသူ ဈေးဆနှုန်း CPI ခြင်းတောင်းမှာတော့ (အစားအစာနဲ့ သယ်ယူပို့ဆောင်ရေးက ၃၀.၅% ပဲ ပါဝင်ပါတယ်။) 

ငွေဖော်နိုင်မှု အကျပ်အတည်း (Liquidity Crisis)-  အခုက စဖြစ်နေပြီ။ လူတွေက သဘောမပေါက်ကြသေးဘူးလို့ ချတ်ချိုင်းကပြောပါတယ်။ ထိုင်းဘဏ်စနစ်က ငွေဖော်နိုင်စွမ်း အနှုတ်ပြနေပါတယ် (negative excess liquidity)။ ဆိုလိုတာက နောက်ထပ် ငွေထုတ်ချေးဖို့ ငွေသားရှိမနေတာပါပဲ။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်း စလာတာ၊ ဆက်တိုက် ၉ လ ရှိနေပြီလို့ သူက ဆိုပါတယ်။ (နောက်ဆုံးရနိုင်တဲ့ ဒေတာ) ၂၀၂၂ ခုနှစ် ဧပြီမှာတော့ ငွေဖော်နိုင်စွမ်း အနှုတ်ပြတာ negative excess liquidity ထိုင်းဘတ် ၂၄၄.၇ ဘီလီယံဘတ် ရှိနေတယ်လို့ ဆိုပါတယ်။ 

အဲသလို ငွေဖော်နိုင်စွမ်း အနှုတ်ပြတဲ့အခြေအနေ negative excess liquidity အောက်မှာ ဘဏ်တွေက ချေးငွေအသစ်တွေ ထုတ်ချေးပေးနိုင်ဖို့၊ ဘဏ်ထဲကို ချေးငွေပြန်ဆပ်တဲ့ ငွေသားတွေ အဝင်ကို စောင့်နေကြရပါတယ်။ ကံကောင်းတာလား၊ ကံဆိုးတာလား မသိနိုင်တာက ထိုင်းတွေက အသစ်ငွေချေးလိုတာ (wanting) ထက်စာရင်၊ သူတို့အကြွေးတွေကို ပြန်ဆပ်ပေးနေတာက ပိုများနေပါတယ်။ ဒါကြောင့်ပဲ ငွေဖော်နိုင်မှု ပြဿနာရှိနေတာကို ဖုံးကွယ်ထားနိုင်သလို ဖြစ်နေပါတယ်။ ဒီလို ဖြစ်ရင် ကံမကောင်းတာက ချေးငွေအသစ်တွေ ရှိမနေရင် စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်နိုင်မှာ မဟုတ်ပါ။ စီးပွားရေးကလည်း အပြောင်းအလဲ မရှိနိုင်ပါ။ ရှေ့မဆက်နိုင်ပါ။ အစိုးရကိုယ်တိုင် ရှေ့ဆက်ဖို့ ခက်ပါမယ်။ အကြောင်းကြ ဘတ်ဂျက်အတွက် ဘဏ္ဍာဝင်ငွေကို လိုငွေပြ ဖြည့်သွင်းနေရတာ ပိုပိုဆိုးလာမှာမို့ ဖြစ်ပါတယ်။ အစိုးရက တလောက ဒီဇယ်ဆီဈေး စိုက်ပြီး ထောက်ပံ့ပေးနေတာတွေကို ရပ်ဆိုင်းဖို့ ဖြစ်လာပါတယ်။ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ရေနံလောင်စာ ရန်ပုံငွေ လိုငွေပြ ကုန်ခမ်းသွားမှာကြောက်လို့မဟုတ်ပါ။ အဲဒီရေနံ ရန်ပုံငွေအတွက် နောက်ထပ်ဘဏ္ဍာဝင်ငွေ ဘယ်လိုရနိုင်မလဲဆိုတဲ့အပေါ်မှာ စိုးရိမ်ကြတာပါ။ 

ထိုင်းဘဏ်စနစ်က ဘာဖြစ်လို့ ငွေဖော်နိုင်စွမ်း အနှုတ်ပြတာ negative excess liquidity ဆက်ပြီး အကြာကြီးဖြစ်နေရတာပါလဲ။ အကြောင်းကတော့ ထိုင်းနိုင်ငံက ငွေတွေ ထွက်ခွာနေကြလို့ပါ။ အခုနှစ်အစကနေ (နောက်ဆုံးဒေတာ ရနိုင်တဲ့) မေလ ၂၀ ရက်နေ့အထိ ဒေါ်လာ ၁၈.၄ ဘီလီယံ (ထိုင်းဘတ် ၃၉၆.၁ ဘီလီယံ) ရှိတဲ့ အရင်းအနှီးတွေ ထိုင်းကနေ ထွက်ခွာသွားကြပါတယ်။ ငွေကြေးအရင်းအနှီး ပြင်ပစီးမှု (capital outflow) အလားအလာက ဆက်ဖြစ်နေဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အတိုးနှုန်း interest rates တွေက တက်နေပြီး၊ ထိုင်းနိုင်ငံကတော့ ဗဟိုဘဏ်ကခေါင်းမာပြီး ပြည်တွင်း အတိုးနှုန်းမမြှင့်ဘဲထားနေလို့ ဖြစ်ပါတယ်။ ငွေဖော်နိုင်မှု မလုံမလောက်ဖြစ်နေတာက ကြီးလေးတဲ့ ပြဿနာဖြစ်တယ်၊ ချက်ချင်းကိုင်တွယ်ရမယ့်ပြဿနာလို့ သူက ထပ်ကျော့ပြောပါတယ်။ ချေးငွေမရနိုင်လို့၊ ငွေဖော်နိုင်စွမ်း liquidity ပြဿနာရှိနေလို့ ထိုင်းပုဂ္ဂလိက ကဏ္ဍပြိုလဲသွားနိုင်တယ်။ ၁၉၉၇ တုန့်မ်ယန်ကွန့်ရင် ငွေကြေးအကျပ်အတည်း နောက်ပိုင်း အဲသလို ကြုံခဲ့ဖူးတယ်လို့ ဖော်ပြပါတယ်။ 

ငွေကြေးတွေ ပြင်ပကို စီးထွက်နေတာကြောင့်၊ ပြီးတော့ ငွေဖော်နိုင်မှုခက်နေတဲ့ပြဿနာကြောင့် အကျိုးဆက်တွေအဖြစ် ငွေတိုးနှုန်းမြင့်နေမယ် (interest rate hikes)၊ ငွေကြေးတန်ဖိုးကျဆင်းမယ် (currency depreciation)၊ ဘဏ်တွေပြိုမယ်လို့ ချတ်ချိုင်းက ပြောတာပါ။ ဒါတွေ အားလုံးပေါင်းလိုက်ရင် ငွေကြေးဖောင်းပွမှုက ဂဏန်း၂ လုံး ဖြစ်နေမယ်။ ငွေတိုးနှုန်း interest rates ကလည်း မြင့်နေမယ်။ ငေွဖော်နိုင်မှု ပြဿနာရှိနေမယ်၊ ထိုင်းဘတ်ငွေ တန်ဖိုးကျဆင်းနေမယ်၊ ဘဏ်တွေ ပြိုမယ်… ဆိုရင်တော့ ထိုင်းစီးပွားရေးက စီးပွားပျက်ကပ်တခုကြုံရဖို့ သံသယရှိစရာ မလိုပါတဲ့။

ထိုင်းနိုင်ငံက ပြည်ပတင်ပို့မှု အားကောင်းမောင်းသန် ဖြစ်နေရင်၊ တိုးရစ်တွေ များများလာကြရင် ထိုင်းနိုင်ငံ စီးပွားရေးကို ပြန် နာလံထူစေမလားပေါ့။ သိပ်မဖြစ်လို့ ချတ်ချိုင်းက ဆိုပါတယ်။ ထိုင်းနိုင်ငံ ပြည်ပတင်ပို့မှုက မတ်လနဲ့ ဧပြီလမှာ တိုးတက်မှု ၁၈.၉% နဲ့ ၆.၆% ပဲ ရှိပါတယ်။ အကယ်၍ ရွှေနဲ့ ရေနံထွက်ကုန် ပြည်ပတင်ပို့မှုတွေကို ဒီကိန်းဂဏန်းတွေထဲက နှုတ်လိုက်ရင် တိုးတက်မှုက ၅.၀% နဲ့ ၀.၂% ပဲ ရှိမှာပါ။ ပြည်ပတင်ပို့မှု ကျနေရတဲ့အကြောင်းက ပြည်ပတင်ပို့တယ်ဆိုတာက ကမ္ဘာ့ဝယ်လိုအားကို တုံ့ပြန်ဆောင်ရွက်ရတာပါ။ ကမ္ဘာ့ကြီး စီးပွားရေးကိုယ်၌က နှေးနေတယ်ဆိုရင် ပြည်ပပို့ကုန်ကဏ္ဍကလည်း ဆေးကောင်းတလက် ဖြစ်ဖို့ ခက်ပါမယ်။  

ထိုင်းခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့က မျှော်မှန်းထားတာ အနည်းဆုံး ဒီနှစ်မှာ တိုးရစ် ၅ သန်းလာမယ် မှန်းပါတယ်။ အခြေအနေကောင်းရင်တော့ ၁၅ သန်းလောက်အထိ လာမယ်။ အဲဒီကနေ ၁.၃- ၁.၈ ထရီလီယံဘတ်လောက်အထိ ဝင်ငွေရနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းစီးပွားရေး GDP ရဲ့ ၀.၈%–၁.၁% လောက် ပမာဏ ရှိပါတယ်။ 

အခုနှစ် ပထမ ၄ လမှာတော့ တိုးရစ် ၀.၆၉ သန်းပဲ ရောက်ပါသေးတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားပျက်ကပ်၊ ငွေကြေးဖောင်းပွမှု မြင့်နေတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမြင့်နေတာတွေကြောင့် ၅-သန်းဆိုတာ မဖြစ်နိုင်ဘူးပဲ သူထင်ပါတော့တယ်။ 

ထိုင်းစီးပွားရေး အနာဂတ်ကတော့ သိပ်မကောင်းလှပါတဲ့။ ဒါကို သွေးလန့်မနေဘဲ လိုအပ်တဲ့ မက္ကရို စီးပွားရေး မူဝါဒ/ အစီအမံတွေသာ လုပ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ သူ့တွက်ချက်မှုတွေနဲ့ကတော့ နောက်ဆုံးတော့ စီးပွားရေး သီအိုရီတွေက မှန်တာပါပဲလို့ ဆိုပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar