ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၃)
(မိုးမခ) မေ ၅၊ ၂၀၂၂
အာဏာရှင် စစ်ဖိနပ်အောက်က ပညာရေးကို "သံတိုင်ကြားက ပညာရေး" လို့ အမည်တပ်မယ်ဆိုရင် ဒီကနေ့ ကလေးတွေကို ကျောင်းအပ်နေကြတဲ့ မိဘများက သဘောတူချင်မှ တူပါလိမ့်မယ်။ တကယ့်အနေအထားမှန်က ဒီထက်အများကြီး ဆိုးပါတယ်။
သံတိုင်ကြားက ပညာရေး၊ စစ်ကျွန်ပညာရေး၊ အမည်ခံပညာရေး၊ အနှစ်မဲ့ပညာရေး၊ ရွှေရည်စိမ်ပညာရေး၊ ဟန်ပြပညာရေး စသဖြင့် ခေါင်းစဥ်ပေါင်းများစွာတပ်ပြီး ရေးပါမှ စစ်အာဏာရှင်များရဲ့ ဒီကနေ့ခင်းကျင်းနေတဲ့ ပညာရေးစနစ်ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အတ္တတွေနဲ့ သားသမီးပညာရေး နောက်ကျမှာစိုးလို့ ကျောင်းအပ်ကြ၊ ပညာသင်ကြားစေကြတယ်ဆိုရင်တောင် စစ်အုပ်စုရဲ့ ပညာရေးအခင်းအကျင်းဟာ လုံခြုံမယ့်၊ တတ်ကျွမ်းမယ့်၊ နွေးထွေးမယ့် ပညာရေး ဖြစ်လာဖို့ မရှိပါဘူး။
"ပညာ" ဆိုတာ "အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်တဲ့အရာ" လို့ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် အခုဖွင့်မယ့်စာသင်ကျောင်းတွေထံက ဘာတွေ ရနိုင်ပါမလဲ။ သိန်းနဲ့ သန်းနဲ့ချီတဲ့ ပြည်သူအများ အတိဒုက္ခရောက်အောင် နေ့စဉ်ရက်ဆက် ဖိနှိပ်နေတဲ့ စစ်ကောင်စီလက်အောက်မှာ CDM မလုပ်ဘဲ ရှိနေကြတဲ့ ဆရာ ဆရာမတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်က ပညာရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုပေးနိုင်ကြမလဲဆိုတာကလည်း အရေးအကြီးဆုံး မေးခွန်းဖြစ်ပါတယ်။
ယခုကာလလို စစ်အုပ်စုက တိုင်းပြည်ကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ကာလမပြောနဲ့၊ ရှစ်လေးလုံး လူထုအရေးတော်ပုံအပြီး ပြန်ဖွင့်တဲ့ တက္ကသိုလ်တွေမှာတောင် ကျောင်းသားကတ်ကိုရင်ဘတ်မှာချိတ်ပြီး ကျောင်းတက်ရ၊ ဂိတ်စောင့်နဲ့ ထောက်လှမ်းရေးကြောက်ရ၊ ကြောက်စိတ်မျိုးစုံနဲ့ ကျောင်းတက်ခဲ့ရတာ အားလုံးအသိပါ။ ဒီနေ့ခေတ် စစ်အာဏာရှင်လက်အောက် စာသင်ကျောင်းများမှာ ဘယ်လိုပညာတွေ တတ်မြောက်မှာလဲဆိုတာလည်း စဥ်းစားကြဖို့ လိုပါတယ်။ အတန်းအောင်ရုံသက်သက် ကျောင်းထားတယ်ဆိုရင်လည်း အဲဒီအောင်လက်မှတ်တွေကို ဘယ်နေရာမှာ အသုံးချကြမှာလဲဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
ဒီကနေ့ တော်လှန်ရေးဟာ အကြောက်တရားသက်သက်၊ အတ္တတစ်ခုတည်းနဲ့ ရင်ဆိုင်ကျော်ဖြတ်ရမယ့်တော်လှန်ရေး မဟုတ်ပါဘူး။ နှလုံးသားတွေနဲ့၊ ဦးနှောက်တွေနဲ့ အရာရာကို ရင်ဆိုင်ကျော်ဖြတ်ရမယ့် ကာလ ဖြစ်ပါတယ်။ ကိုယ့်လုပ်ရပ်တွေက တော်လှန်ရေးအတွက် အထောက်အကူဖြစ်မလား၊ အနှောင့်အယှက် အဟန့်အတားဖြစ်မလား ဆိုတဲ့အထိ တွေးခေါ်လုပ်ကိုင်ရမယ့်ကာလ ဖြစ်ပါတယ်။ မိုးခါးရေဆိုတာ ပုံပြင်ထဲမှာသာရှိပေမယ့် မိုးခါးရေနဲ့ပုံစံတူလုပ်ရပ်တွေကို အပြင်မှာ ကိုယ်တိုင်သောက်သုံး လုပ်ကိုင်နေကြတယ်ဆိုတာ တချို့သောလူများ တွေးမိစေချင်ပါတယ်။
ဒီလိုဆိုတော့ ကလေးတွေကို ကျောင်းမထားရတော့ဘူးလား၊ အတန်းတွေ နောက်ကျကုန်ရင် ဘယ်လိုလုပ်မလဲ၊ တခြား နည်းလမ်းတွေရှိမှာလား စတဲ့ မေးခွန်းတွေ မေးကြပါလိမ့်မယ်။ မေးလည်း မေးနေကြပါတယ်။ မေးခွန်းအားလုံးအတွက် အဖြေတွေရှိပါတယ်။ ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်ဖို့၊ လက်ခံဖို့ပဲ အရေးကြီးပါတယ်။
တကယ်တော့ အာဏာရှင်ခေတ်လွန် မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ အသက်နဲ့ ဉာဏ်ရည်အလိုက် အရည်အချင်းစစ်သွားမယ့် ပညာရေးစနစ် ဖြစ်ပါတယ်။ ဒီစနစ်အရ ဉာဏ်ရည်မီတယ်ဆိုရင် ကျောင်းမတက်ရတာ နှစ်ပေါင်းဘယ်လောက်ပဲကြာကြာ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အတန်းကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန် ကျောင်းမတက်လိုက်ရလို့ ဘယ်သူမှ ဆုံးရှုံးဖို့ မရှိပါဘူး။
ဒီစနစ်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာ ကျင့်သုံးနေတဲ့ နမူနာတချို့ကို ပြောပြချင်ပါတယ်။ အထူးသဖြင့် ပညာရေးနဲ့ပတ်သက်ပြီး ဘာအထောက်အထားမှမပါဘဲ ရောက်လာတဲ့ မည်သူမဆို ပညာသင်ယူခွင့်ရအောင် အမေရိကန်ပညာရေးစနစ်က ဖန်တီးထားပါတယ်။ ဥပမာအားဖြင့် ရွှေ့ပြောင်းအခြေဖို့ ရောက်လာတဲ့ နေထိုင်ခွင့်ရ မိသားစုတွေနဲ့ပတ်သက်တဲ့ ပညာရေးစနစ်ဆိုပါစို့။ ကျောင်းနေရွယ် ကလေးအားလုံး အသက်နဲ့ညီမျှတဲ့အတန်းကို တက်စေပါတယ်။ ဘာသာစကားအခက်အခဲရှိလို့ မိဘတွေက စိုးရိမ်ရင်တောင် မပူဖို့ ပြောပါတယ်။
မြန်မာပြည် နယ်စပ်ဒေသဒုက္ခသည်စခန်းများကနေ အမေရိကကို အခြေချဖို့ ရောက်သွားတဲ့ ဒုက္ခသည်မိသားစု အများအပြားမှာ ကလေးတွေကို ကျောင်းထားခဲ့တဲ့ အောင်လက်မှတ်အထောက်အထားမပြောနဲ့ မှတ်ပုံတင်တွေ မွေးစာရင်းတွေတောင် မရှိပါဘူး။ ဒါပေမယ့် အခုဆိုရင် အဲဒီကလေးတွေထဲက အင်ဂျင်နီယာတွေ၊ သူနာပြုတွေ၊ ကွန်ပျူတာပညာရှင်တွေ၊ စာရင်းကိုင်ဘွဲ့ရတွေတောင် ပေါ်ထွက်ကုန်ပါပြီ။
အရွယ်ရောက်ပြီးသူတွေအတွက်ဆိုရင်လည်း အစိုးရ ကောလိပ်ကျောင်းများမှာ Placement test ဆိုတဲ့ အရည်အချင်းစစ် စာမေးပွဲတွေကိုဖြေ၊ ပြီးတော့ အင်္ဂလိပ်စာသင်တန်းတွေတက်၊ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တွေကို ထပ်ပြီး အဆင့်ဆင့်သင်ယူ၊ အောင်လက်မှတ်ရ သင်တန်းတွေတက်မလား၊ ဘွဲ့တွေယူမှာလား ကြိုက်ရာရွေးချယ်ခွင့်ရှိပါတယ်။ အထက်တန်းအောင်လက်မှတ်မရှိရင်လည်း အထက်တန်းဆင့်အောင်လက်မှတ်ရ စာမေးပွဲကို ဝင်ဖြေနိုင်သလို စာသင်ချိန်ပြင်ပ သင်ယူနိုင်တဲ့သင်တန်းတွေ၊ အကြံဉာဏ်တောင်းခံစရာနေရာတွေ၊ သက်ကြီးသင်တန်းတွေ စုံနေအောင် နေရာအနှံ့ရှိပါတယ်။
တိုင်းပြည် ဆင်းရဲခြင်း ချမ်းသာခြင်းထက် ပညာရေးစနစ် ကောင်းမွန်ဖို့က ပိုပြီး အရေးကြီးပါတယ်။ အာဏာရှင်ခေတ်လွန် မြန်မာပြည်ရဲ့ပညာရေးစနစ်ဟာ အခုပြောခဲ့တဲ့ပညာရေးမျိုး ပြောင်းကို ပြောင်းရမှာပါ။ ပြောင်းလဲဖို့ ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီး ရှိနေပါတယ်။ ဒီတော့ အခု ဘာလုပ်သင့်ပါသလဲ။ ကြားကာလ ပညာရေးစနစ်ကို တစ်ဦးချင်းက အကောင်အထည် ဖော်ရပါလိမ့်မယ်။ ကိုယ့်သားသမီးကို စိုးရိမ်ရင် ဘယ်လိုသင်ကြားရေးစနစ်တွေက ပိုမိုကောင်းမွန်မယ်ဆိုတာ လေ့လာရှာဖွေပြီး သားသမီးအတွက်ပိုမိုကောင်းမွန်မယ့် အခင်းအကျင်းကို ဖန်တီးပေးရပါမယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလပညာရေးအစီအစဥ်တွေကို လေ့လာသင်ယူမှုတွေလုပ်နိုင်သလို အွန်လိုင်းပညာရေး၊ CDM ဆရာ ဆရာမတွေ သင်ကြားပေးမယ့်ပညာရေး စတဲ့ပညာရေးဝန်ဆောင်မှုတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အဆိုးဆုံး ဖိနှိပ်မှုတွေခံနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့လိုနေရာတွေမှာတောင် "သခင်ပညာရေး" အစီအမံများ လုပ်ဆောင်နိုင်သေးရင် ကျန်နေတဲ့အရပ်ဒေသတွေမှာ စစ်ကျွန်ပညာရေးကို ကောင်းကောင်းကြီး အဆုံးသတ်နိုင်ပါတယ်။ စာကြည့်တိုက်တွေ၊ စာအုပ်စာပေတွေကိုလည်း မေ့မထားကြပါနဲ့။ ဆုံးဖြတ်ချက် မှန်ကန်ဖို့သာ အဓိကပါ။ တကယ့်ပညာရေးက အလှမ်းမဝေးလှပါ။
ငါတို့မှာ ငါတို့ရှိပါတယ်။ ။
ထိန်လင်း
၂၈၊ ၅၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar