Breaking News

လွင်(ဘော်တွင်း) - သူလိုငါလို၊ နေသားတကျ

သူလိုငါလို၊ နေသားတကျ
လွင်(ဘော်တွင်း)
(မိုးမခ)ဇွန် ၅၊ ၂၀၂၂

မောနင်းဖလားဝါးပန်းရောင်စုံလေးတွေကတာဝန်ကျေစွာနဲ့ ရောင်စုံပွင့်လန်းနေတယ်။ မနက်ခင်းပြုဖွယ်ကိစ္စများပြုနေကျအတိုင်းအိမ်ရှေ့ဝရံတာကျဉ်းကျဉ်းလေးမှာရအောင်စိုက်ထားတဲ့ ပန်းအိုးလေးတွေကိုရေလောင်းတယ်။ ထမင်းချိုင့်နဲ့ တိုလီမိုလီလေးတွေထည့်ထားတဲ့ ခြင်းတောင်းလေးတွေ၊ အိတ်လေးတွေကတဖက်၊ ထီးကတဖက်ကိုင်ရင်းလက်တော့ ကွန်ပျူတာ သို့မဟုတ် လုပ်ငန်းခွင်ပစ္စည်းတွေထည့်ထားတဲ့ အိတ်ကိုလွယ်ထားကြတဲ့အလုပ်သွားကြသူတွေကိုငေးတယ်။ ညတုန်းကလမ်းဘေးမှာအပြည့်ရပ်နားထားတဲ့ကားတွေလည်း အသီးသီးထွက်ခွာကြပြီ။ ရန်ကုန်မနက်ခင်းဟာ ပုံမှန်ပါပဲ။ အနောက်ဘက်ဆီကတိမ်တိုက်မဲမဲတွေတရိပ်ရိပ်တက်လာတဲ့အခါ ယုတို့ ရွာကနေလှမ်းမြင်နေရတယ်ဆိုတဲ့ မီးခိုးလုံးမဲမဲတွေများလားလို့ ထင်မှတ်မှားမိတယ်။ 
“ယုတို့ မုံရွာဘက်ဖြစ်ဖြစ် သွားနေပါလား”။ 

“နေစရာမှ မရှိတာမမ၊ ဘယ်လိုလုပ်မလဲ”။ 
“အေးနော်။ အေးပါဟာ၊ ဂရုစိုက်ကြနော်”။ 
“ခုတော့ ဒီလိုပဲ၊ တောင်ကလာတယ်ကြားရင် မြောက်ပြေး၊ အရှေ့ကလာတယ်ဆိုအနောက်ပြေး၊ ဘယ်မှမပြေးတတ်တော့ရင်အီးပီစီဝန်းထဲ ခဏသွားနေ၊ ဒီလိုပဲနေရတာပဲ”။ 

ယုဖုန်းချသွားတော့ သက်ပြင်းတချက်ရှိုက်လိုက်မိတယ်။ ကိုယ်တို့နိုင်ငံကသက်ပြင်းတွေစုပေါင်းလိုက်မယ်ဆိုရင် နာဂစ်မုန်တိုင်းထက်တောင်ပြင်းထန်လောက်ရဲ့။ မျက်ရည်တွေဆိုတာကတော့ ဂျပန်ဆူနာမီကိုအသာလေးကျော်သွားလေမလား။ ရန်ကုန်ကိုလာခဲ့ကြပါလားလို့ လောကွတ်သဘောလေးတောင် ပြောမထွက်တဲ့ကိုယ့်ကိုယ်ကိုယ်လဲ ရှက်မိပါရဲ့။ ရင်ဆိုင်ပေဦးတော့ယုရယ်။ 

ယုဟာထိုင်းကိုသွားမယ်လို့ဆိုခဲ့ပေမဲ့ အလိမ်ခံလိုက်ရတယ်။ အလုပ်အကိုင်မကောင်းတဲ့မြောက်သူ (တောင်သူကဲ့သို့ လုပ်ကိုင်စရာလယ်ယာမရှိ၍ အငှားလိုက်၊ ကြုံရာကျပမ်းအလုပ်လိုက်လုပ်ရသူ)တွေဆီကငွေငါးသိန်းစီလောက်နဲ့ ရွာနီးချုပ်စပ် ပတ်ချာလှည့်လိမ်သွားတာဆိုတော့ သိန်း ၁၀၀ လောက်ပိုက်မိသွားမှာပေါ့။ လိမ်သွားရက်သူကိုရွာကမထွက်ရခင်အဆင့်မှာတင် လိမ်သွားတဲ့အတွက်ပဲ ကျေးဇူးတင်ရသေးတော့တယ်။  နယ်စပ်ရောက်မှပစ်ထားခဲ့တာမျိုးမလုပ်လို့ တော်သေးဆိုပဲ။ ဒီလိုနဲ့ပဲလက်ပန်းတောင်းတောင်ဝန်းကျင်ကရွာသူရွာသားတွေနဲ့အတူယုဟာ တောင်ဘက်ပြေးလိုက်၊ မြောက်ဘက်ပြေးလိုက်၊ အရှေ့ပြေးလိုက် အနောက်ပြေးလိုက် ပြေး လွှားနေရတာပဲ။ လွတ်ရာကင်းရာဆိုတာလဲ ခိုနားစရာနေရာရှိဦးမှကိုး။ ဖုန်းဆက်လို့ရနေသေးတာ၊ ယုတို့ရွာမီး ရှို့မခံရသေးတာကိုပဲတော်ပါသေးရဲ့လို့ သက်ပြင်းချနေရတဲ့ဘဝ။ ယုရေ၊ ရန်ကုန်ကိုလာခဲ့ပါလို့ မခေါ်နိုင်တာမမကို ခွင့်လွှတ်ပါလို့ တိတ်တခိုးတောင်းပန်နေမိပါရဲ့။ ယုတို့နေထိုင်ဖို့နေရာမပေးနိုင်ဘူး။ ယုတို့စားဖို့သောက်ဖို့အတွက် ပံ့ပိုးနိုင်တဲ့အင်အားမရှိဘူး။ တောင်းပန်ပါတယ်ယုရယ်။ 

ပြင်လို့ရရင် ပြင်ချင်တယ်အကိုရယ်၊ ကိုကို့ရဲ့တခုတည်းသောပစ္စည်းလေးမို့ပါလို့ပြောရင်း ယောင်းမလေးကအိတ်တအိတ်လှမ်းပေးလာတယ်။ လီနိုဗိုလက်တော့လေး၊ ဘေးနှုတ်ခမ်းပတ်လည်က လိမ္မော်ရောင်တောက် တောက်လေးနဲ့။ တယုတယကိုင်တွယ်ခဲ့လေတော့ လက်တော့ရဲ့အရောင်အဆင်းကတောက်ပနေတုန်း။ ဒါပေမဲ့ သက်တမ်းကြာလှပြီမို့ လက်တော့လေးဟာ ပြင်ဖို့မထိုက်တန်တော့လောက်အောင် ပျက်နေပြီ။ မော်ဒယ်လဲ အောက်ပြီကိုး။ ကိုယ်တို့လက်မခံချင်ပဲမသိစိတ်မှာငြင်းပယ်ထားခဲ့တဲ့ဖြစ်ရပ်ကို လက်တော့လေးကအတည်ပြုပေးလိုက်ပြီ။ ညီဝမ်းကွဲဆိုပေမဲ့ အရင်းအချာလိုနေခဲ့ကြတာမို့ ခင်ပွန်းသည်ဟာ မျက်နှာမကောင်းရှာဘူး။ ကိုယ်တို့အိမ်မှာလေးငါးနှစ်လောက်အတူနေခဲ့ဖူးတာမို့ ကိုယ့်အတွက်လဲ မောင်ရင်းချာလိုပါပဲ။ ဘယ်တော့မှဖွင့်လို့မရတော့မဲ့ လက်တော့လေးဟာ ပိုင်ရှင်ကိုတိတ်တဆိတ်မျှော်နေလေမလား။ ကောလင်း၊ ကန့်ဘလူဘက်ကရင်နာဘွယ်အဖြစ်တွေထဲမှာ သူ့ပိုင်ရှင်လဲ ပါသွားခဲ့ပြီဆိုတာလက်တော့လေးသိနိုင်ပါမလား။ 

အမရေ၊ အိမ်ခန်းငှားစာချုပ်ထပ်ချုပ်ရတော့မယ်။ အိမ်ရှင်ကလူများလို့ဆိုပြီး ပြောင်းခိုင်းနေတယ်။ စိတ်တွေညစ်ပါတယ်အမရယ် လို့ဆိုလာတဲ့ ယောင်းမလေးကိုအေးပါအေ၊ အဆင်ပြေအောင်လုပ်ကြတာပေါ့လို့ ပြောလိုက်ရပေမဲ့၊ ဘယ်လိုနည်းလမ်းက အဆင်ပြေမယ်ဆိုတာမပြောတတ်တော့ဘူး။ အိမ်ရှင်ကိုခဏလာတဲ့ ဧည့်သည်တွေပါလို့ပြောရအောင်ကလည်း ဘယ်အချိန်ဘယ်ကာလကျမှ ပြန်နိုင်ကြမယ်ဆိုတာသိမှ မသိနိုင်ပဲလေ။ စစ်ဘေးရှောင်တွေပါ၊ မိသားစုတစုထဲပါလို့ တောင်းပန်ရမှာပဲလို့သာအကြံပေးမိရဲ့။ သူ့ခမျာလဲရွာမှာဟိုပြေးဒီပြေးပြေးနေရတဲ့ အမေနဲ့ ညီမတွေကိုဘယ်ပစ်ထားရက်မှာလဲ။ အဆင်မပြေတဲ့ကြားကပဲခေါ်ထားရတော့တာကိုး။ နယ်ကလာသူတွေအဖို့ ရန်ကုန်မှာလုပ်ကိုင်စားသောက်ဖို့ဆိုတာ ရုတ်တရက်ဘယ်လိုကြံစည်တတ်မှာလဲ။ ကိုယ်တို့လဲတတ်နိုင်သလောက်ဝိုင်းဝန်းတယ်ဆိုပေမဲ့ တအုပ်ကြီးဝိုင်းထိုင်စားနေဖို့က ရေရှည်မှာမဖြစ်ဘူးလေ။ သားဆုံးထားတဲ့အမေဟာ ပူဆွေးငိုကျွေးမနေတာကိုပဲကျေးဇူးတင်ရသေးတော့တယ်။ 

ဒိုဂျေဆန်းရဲ့ နှိုက်နှိုက်ချွတ်ချွတ် ခေတ်ပေါ်မော်တော်ကားပြုပြင်ထိန်းသိမ်းနည်းလက်စွဲ၊ ဦးအုန်းကြိုင်ရဲ့ဒီဇယ် အင်ဂျင်အကြောင်း ...စတဲ့ စတဲ့ နည်းပညာစာအုပ်တချို့၊ ရသစာအုပ်တချို့ကို ထုတ်ပိုးတယ်။ အဖမ်းခံထားရတဲ့အစ်ကိုနဲ့တူလေးအတွက် ထောင်ထဲမှာဖတ်စရာစာအုပ်လေးတွေ ပို့ပေးရတယ်။ လျှပ် စစ်၊ ကား၊ ကွန်ပျူတာစတဲ့နည်းပညာကိုကျွမ်းကျင်တဲ့အစ်ကိုဟာ စိတ်ဝင်စားတဲ့ကလေးတွေကိုပြန်သင်ပေးနေသတဲ့။ မိသားစုအဆင် ပြေကြောင်း၊ ကျန်း မာကြောင်း အကျိုးအကြောင်းတွေ စာလေးရေးရတယ်။ ဒီလို့ပို့လို့ရနေလို့တော်သေးတာပဲ။ ယောက်ျားနဲ့သားအတွက်ပြေးလွှားနေရရှာတဲ့ယောင်းမကြီးကိုဘယ်လိုအားပေးရမယ်ဆိုတာမသိတော့ပေမဲ့ အပ်ကြောင်းထပ်နေတဲ့အားပေးစကားကိုပဲ အထပ်ထပ်ပြောမိတယ်။ အမေဟာသားကြီးနဲ့မြေးကြီးအတွက် စိတ်ထိခိုက်ပြီးလွမ်းဖျားလွမ်းနာကျရှာတယ်။ အသက်ရှစ်ဆယ်ထဲရောက်နေတဲ့အမေ မမာမကျန်းဖြစ်သွားမှာစိုးလို့ ချော့တခါခြောက်တလှည့်နဲ့ သတိပေး၊ ကိုယ်လက်လှုပ်ရှား၊ အစာစားစေရတယ်။ တစိမ့်စိမ့်တွေးနေမှာစိုးလို့ အလုပ်မရှိ အလုပ်ရှာခိုင်းရတယ်။ ကြောင်စာကျွေးတာ၊ မြေးတွေစားဖို့ ကြက်ဥကြော်ပေးတာ၊ ပန်းပင်လေးနှစ်ပင်သုံးပင်ကိုရေလောင်းတာ စသည်ဖြင့်ပေါ့။ တခါတလေလည်း ဒီသမီးနဲ့ ရန်ဖြစ်ပေါ့။

သက်ရွယ်မတိမ်းမယိမ်းအမေကြီးတွေကိုဗစ် တတိယလှိုင်းနဲ့အတူ ငြိမ်းအေးလွတ်မြောက်ရာကိုစီးမျောလိုက် ပါသွားလေတော့ အမေ့မှာစကားပြောဖော်မရှိရှာဘူး။ အိမ်နီးနားချင်းတွေကအရင်ကထက် ပိုစည်းလုံး၊ ပိုပြီးအပြန်အလှန်ဂရုစိုက်ကြတာမို့သာ တော်နေသေးတာလေ။ ကိုယ့်မှာစာအုပ်တွေဈေးချတယ်ဆိုရင် ဝမ်းသာအားရပြေးလွှားဝယ်ရရဲ့။ အစ်ကိုကထောင်ထဲမှာစာကြည့်တိုက်ကလေးလုပ်ထားတယ်ဆိုလို့ စာဖတ်ဖို့အချိန်ရတာပါပဲလို့ စိတ်ကိုဖြေရတယ်။ 

ထမင်းစားဖို့၊ အိမ်ငှားခပေးဖို့၊ ကူညီထောက်ပံ့ဖို့၊ လိုအပ်တာလေးတွေရနိုင်ဖို့ ကိုယ်တို့ရန်ကုန်လိုမြို့ကြီးပြကြီးကလူတွေဟာ ထမင်းချိုင့်ကလေးတွေဆွဲလို့ အလုပ်သွားကြတယ်။ လမ်းပေါ်မှာကားတွေ၊ ဆိုင်တွေမှာ လူတွေစည်ကားပြည့်နှက်ကြပ်သိပ်လို့ပေါ့။ အုန်းခနဲ ဒိုင်းခနဲ အသံကြားရင် တိတ်တဆိတ်ငြိမ်သက်လို့၊ ပုန်းလျှိုးကွယ် လျှိုးစပ်စုလို့ ပါးစပ်တွေကိုတင်းတင်းစေ့ပိတ်ထားကြတယ်။ ထမင်းချိုင့်ထဲမှာဟင်းတွေလျော့နည်းလာတာ၊ အဝတ်အစားတွေနွမ်းလာတာ၊ ဈေးပေါပေါအဟောင်းထည်၊ ပစ္စည်းဟောင်းဆိုင်တွေရောင်းကောင်းလာတာ၊ ဒါတွေကိုအသားတကျနဲ့ပဲ မြို့ကြီးပြကြီးတွေက ပုံမှန်လည်ပတ်နေတာပါပဲ။ 

လွင် (ဘော်တွင်း) 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar