မောင်တူး - စာဖတ်ရာကရလာတဲ့ နွေဦးတော်လှန်ရေး ယုံကြည်ချက်စိတ်ဓာတ်
(မိုးမခ) မေ ၇၊ ၂၀၂၂
စာပေဝတ္ထု၊ ရတုကဗျာ
ပျို့လင်္ကာနှင့်၊ သာသည့်သီချင်း
အဲစောင်းငြင်းနှင့်၊ မကင်းမပြတ်
ဖတ်ရွတ်လေ့ကျက်
တီးမှုတ်လျက်သာ နေကောင်းစွာ။
(ဝန်ကြီးပဒေသရာဇာ)
စာရေးချင်မိ စာဖတ်ကြည့်သော် အကြံပေါ်
စာရေးချင်မိတယ်။ ဒါပေမဲ့ မရေးဖြစ်ပါ။ အတော်ကြာပေါ့။ နောက်ဆုံးရေးခဲ့တာက ဖေဖော်ဝါရီလ ၂၈ ရက်ကဆိုတော့ သုံးလကျော်ပြီဗျာ။ စာရေးဆရာကြီး မောင်သန်းဆွေ (ထားဝယ်) က ပြောဘူးတယ်။ မရမက ရှာကြံပြီး စာတွေအဆက်မပြတ် မဖြစ်ဖြစ်အောင် ရေးနေသူက အမြဲတန်းစာရေးဆရာတဲ့။ တော်တော်ကြာ တခါ တခါမှ စာရေးသူက အချိန်ပိုင်းစာရေးဆရာတဲ့။ သုံးလကျော်ကြာအောင် စာတပုဒ်မှ မရေးနိုင်သူဆိုရင်တော့ တော်တော်ကြာကြာမှ တခါ စာရေးသူပေါ့နော်။ ကျနော် ဖေဖော်ဝါရီ ၂၈ မှာ နောက်ဆုံး ရေးခဲ့တာက "ကျနော် ရွတ်ဆိုနေမိသော မောင်လင်းယုန် (ရှမ်းပြည်) ကဗျာများ" ဆောင်းပါးပါ။ သူ့အရင် ဇန်နဝါရီ ၂၇ မှာ "စုမာတာနှင့် ကဗျာများ" ကို ရေးခဲ့တယ်။ တပုဒ်နဲ့ တပုဒ် ၁ လခြားပေါ့။ အခုတော့ပိုလို့ဆိုးပြီ။ ၃ လကျော်ကြာပြီ။ ထပ်မရေးဖြစ်သေးပါ့။ “စာရေးလိုက စာဖတ်ကြ” ဆောင်ပုဒ်အတိုင်း ဆရာကြီးကြေးမုံဦးသောင်းရဲ့ “ဗမာ့ခေတ်မှ ကြေးမုံသို့” ကို ဖတ်ပါတယ်။ အဲ့သည်မှာ စာလုံး ၃၄ လုံးပါ ချစ်မေမေဆိုတဲ့ အတိုဆုံးဝတ္ထုကို ထူးထူးဆန်းဆန်းတွေ့ပါတယ်။ ဗိုလ်နေဝင်းစစ်တပ် ပထမဆုံး သတင်းစာရှင်းပွဲကိုလည်း တွေ့သပေါ့။
အတိုဆုံးဝတ္ထု (ချစ်မေမေ)
- ကိုရီးယားစစ်မြေပြင်ရှိ အမေရိကန်စစ်သားတဦးထံ သံကြိုးရောက်လာသည်။
- မစောင့်နိုင်လို့ ရှင့်အဖေနှင့် လက်ထပ်လိုက်ပြီ။
(ချစ်မေမေ)
စာလုံး ၃၄ လုံးပဲပါတဲ့ အတိုဆုံးဝတ္ထုကို "ကြေးမုံဦးသောင်း" ရေးခဲ့ပါတယ်။ သူ့ရဲ့ "ဗမာ့ခေတ်မှ ကြေးမုံသို့ " စာအုပ်မှာ ပါတာပါ။ ဒီအတိုဆုံး ဝတ္ထုကို ရှု့မဝမဂ္ဂဇင်းမှာ ၁၉၅၈- ၅၉ လောက်က ဖော်ပြခဲ့တယ်။ အဲ့သည်ကာလဈေးနဲ့ စာမူခ ၂၀၀ ကျပ် ပေးသတဲ့။ ဒီဝတ္ထုကလေးကို အာဏာရှင်ကြီး ဦးနေဝင်းရဲ့ စစ်အာဏာသိမ်းပြီး ပထမဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုသွားတဲ့အကြောင်း လိုက်ရှာဖတ်ရင်းက ကြေးမုံဦးသောင်းစာအုပ်ထဲမှာ တွေ့တာပေါ့။ ဦးနေဝင်း ပထမဆုံးသတင်းစာရှင်းလင်းပွဲကို ရှာဖတ်ကြည့်ချင်တာက စစ်ကောင်စီ ဇော်မဲလုံးရဲ့ သတင်းစာရှင်းလင်းပွဲတွေကြောင့်ပါ။
ဇော်မဲလုံးရဲ့ ပြောင်လိမ်တဲ့သတင်းစာရှင်းပွဲများ
အရင်က တပ်မတော်သတင်းမှန်ပြန်ကြားရေးကနေ သတင်းစာရှင်းပွဲတွေမှာ သူ ရှင်းခဲ့တယ်။ အဲ့သည် သတင်းမှန်ပြန်ကြားရေးဆိုတာက စ မှားနေတယ်။ လွဲနေပါတယ်။ သတင်းမှန်ပြန်ကြားရေးဆိုတော့ သူ့ရဲ့ ဆန့်ကျင်ဖက် သတင်းမှားပြန်ကြားရေးအဖွဲ့ဆိုတာပဲ ရှိနေသလိုလိုပေါ့နော်။ တကယ်က ပြန်ကြားရေးဆိုရင် ပြည့်စုံပါပြီ။ တပ်မတော် ပြန်ကြားရေးဆို ရပြီ။ အခုက တပ်မတော် သတင်းမှန်ပြန်ကြားရေးဆိုပြီး ပြောသမျှ တခုမှကို မမှန်ပါဘူး။ တပ်မတော်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် သုံးကျိပ်သော ရဲဘော်များ ဂျပန်မှာ စစ်ပညာသင်ပြီးအပြန် ဘန်ကောက်မှာသွေးဖောက်သောက်ပြီး တပ်မတော် စဖွဲ့ ခဲ့တဲ့နေ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ပါ။ အခု စကစကလုပ်နေတဲ့ မတ်လ ၂၇ ဟာ တော်လှန်ရေးနေ့ပါ။ တပ်မတော်သတင်းမှား ပြန်ကြားရေးက ဇော်မဲလုံးဟာ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် သတင်းစာရှင်းပွဲတွေမှာ ပေါက်ကရတွေပြောပြောနေတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး သတင်းစာရှင်းပွဲကို ပြောပြချင်မိတာပါ။ အဆဲတွေ ပါပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းအပြီး ပထမဆုံးသတင်းစာရှင်းပွဲ
၁၉၆၂ ခုနှစ် မတ် ၂ အာဏာသိမ်းအပြီးမှာ သတင်းစာတိုက်အသီးသီးကသတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ စစ်ရုံးခန်းမကြီးထဲမှာ ချိန်းဆိုထားတဲ့အချိန်အတိုင်း အစုံအလင် ရောက်နေကြပြီ။ နောက်ကျပြီးမှရောက်လာတဲ့ ဗိုလ်နေဝင်းက စင်မြင့်စားပွဲကို ဦးတည်ဝင်လာချိန်ကစပြီး သူ့စစ်ဗိုလ်တွေကို ငါချင်းထပ် ယုတ်ယုတ်မာမာ ဆဲဆိုပြီး တက်လာတယ်။ ရှူးရှူးရှဲရှဲနဲ့ ထိပ်ဆုံးစားပွဲမှာ ထိုင်ပြီးတာတောင်မှပဲ သူ့စစ်ဗိုလ်တွေကို လှမ်းလှမ်းဆဲနေ ပြန်တယ်။ ပြီးမှ သတင်းစာဆရာတွေကို “ကဲ ခင်ဗျားတို့ ဘာသိချင်လဲ” လို့ ခပ်ထန်ထန် ခပ်မာမာ လူမိုက်မေးသလို မေးလိုက်သတဲ့။ အဲ့ဒီအချိန် ရှေ့တန်းကုလားထိုင်မှာထိုင်နေတဲ့ ဗမာ့ခေတ်သတင်းစာအယ်ဒီတာချုပ် ဦးအုန်းခင်က ခြေထောက်တစ်ဖက်ကို ကုလားထိုင်ပေါ်တင် ပုဆိုးကို ဒူးပေါ်အောင်လှန် ဖြေးဆေးစွာ ဒူးကို ဖျတ်ခနဲ ဖျတ်ခနဲပုတ်ပြီးမှ “ဗိုလ်နေဝင်း ခင်ဗျားပြောချင်တာပြောပါ။ ကျုပ်တို့လာတာ ခင်ဗျားဖိတ်လို့လာတာပါ။ ခင်ဗျားကို ကျုပ်တို့က ခေါ်တာမဟုတ်ဘူး” လို့ တည်ကြည်အောင်မြင်တဲ့အသံနဲ့ ပြောလိုက်သတဲ့။ ဒီအချိန်မှာ ဒေါသအိုးကြီး ဗိုလ်နေဝင်းဟာ တအံ့တဩနဲ့ ဦးအုန်းခင်ကို စိုက်ကြည့်လိုက်တယ်။ ပြီးတော့မှ ဗြုန်းခနဲ ထထွက်သွားခဲ့တယ်။ (ဒါက ကြေးမုံဦးသောင်းရဲ့ စာအုပ်မှာပါတာကို ပြန်ရေးပြတာပါ။)
တခြားသတင်းထောက်တွေကိုလည်း “ငါ ---- မသား သတင်းစာဆရာတွေ -ီး ပဲ။ လူပါးတော့ မဝကြနဲ့” ဆိုပြီး ဗိုလ်နေဝင်းဟာ နောက်ထပ် သတင်းစာရှင်းပွဲကို (သေသည်အထိ) မလုပ်တော့ပါ။ ဦးနေဝင်းရဲ့ စစ်တပ် ပထမဆုံးသတင်းစာရှင်းပွဲဟာ ဒီလိုအခြေအနေဆိုးခဲ့တာမို့ အခု ဇော်မဲလုံး ရှင်းပွဲတွေမှာ လိမ် ညာ ဇာတ်တိုက် မုသားတွေ ခြိမ်းခြောက် ပြောဆိုနေတာတွေဟာ သိပ်တော့ အံ့ဩစရာမဟုတ်တော့ပါ။
စိတ်ဓာတ်လက်နက်ကြောင့် အောင်ခဲ့တဲ့ ကျူးဘားတော်လှန်ရေးနဲ့ မြန်မာ့နွေဦးတော်လှန်ရေး
“စစ်ပွဲတပွဲရဲ့ အောင်မြင်မှုဟာ လက်နက်အင်အားပေါ်မှာထက် စိတ်ဓာတ်အင်အားပေါ်မှာ ပိုပြီးတည်တယ်။ စစ်ဆိုတာ ရိုင်ဖယ်သေနတ်တွေ၊ ကျည်ဆန်တွေ၊ အမြောက်တွေနဲ့ လေယာဉ်ပျံတွေရှိယုံနဲ့ မဖြစ်သေးပါဘူး။ အကြမ်းဖက် အုပ်စိုးနေတဲ့ လက်နက်ကိုင်တပ်တွေ အရေးနိမ့်ခဲ့ရတာဟာ သူတို့မှာ ယုံကြည်ချက် စိတ်ဓာတ် ကင်းမဲ့နေလို့လည်း ဖြစ်တယ်။ (ကပ်စထရို)
လင်းယုန်မောင်မောင်ရဲ့ ကပ်စထရို စာအုပ်ထဲက ကပ်စထရိုရဲ့ စကားပါ။ ဆရာကြီးလင်းယုန်မောင်မောင်ကတော့ စစ်ရေး နိုင်ငံရေးမှာ ယုံကြည်ချက်စိတ်ဓာတ်သာ အဓိကဖြစ်တယ်လို့ ကပ်စထရိုက ဆိုလိုတာဖြစ်ကြောင်း ဘာသာပြန်ထားပါတယ်။ ဒီယုံကြည်ချက် စိတ်ဓာတ်ကြောင့်ပဲ လူ ၁၂ ယောက် သေနတ် ၁၂ လက်နဲ့စခဲ့တဲ့ ကျူးဘားတော်လှန်ရေးဟာ အောင်မြင်ခဲ့တာပါ။ ၁၉၅၉ ခုနှစ် ဇန်နဝါရီ ၁ ရက် မြို့တော် စင်တီယာဂိုကို ဝင်သိမ်း လေကျယ်နေတဲ့ အာဏာရှင်ဗိုလ်ချုပ်ကြီး ဘာတစ္စတာ လေယဉ်နဲ့ ထွက်ပြေး ဇာတ်သိမ်းသွားခဲ့ရတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း လက်ချည်းသက်သက်နဲ့စခဲ့ရာက တူးမီး၊ လက်လုပ်သေနတ်တွေ၊ အလှူရှင်တွေ လှူပေးတဲ့ မောင်းပြန်ရိုင်ဖယ်တွေရှိလာနေပါပြီ။ အခုဆို PDF တွေဟာ နေ့စဉ် အင်အားတွေ တိုးနေပါပြီ။ ကချင်၊ ချင်း၊ ကရင်နဲ့ ကရင်နီ စတဲ့ တိုင်းရင်းသားတပ်တွေကလည်း အားရစရာပါ။ အဓိကကတော့ အောင်မြင်ရမယ် ငါတို့မှန်ကန်တယ် ပြည်သူ့အတွက်ဖြစ်တယ် နောင်မျိုးဆက်အတွက်ဆိုတဲ့ (ယုံကြည်ချက် စိတ်ဓာတ်) ရှိနေတာပါ။ အာဏာရှင် အကြမ်းဖက်သမား မအလ လေယာဉ်နဲ့ပဲ ပြေးမလား။ မအလ ဘယ်လို ဇာတ်သိမ်းမလဲ။ အကြမ်းဖက် စစ်အာဏာရှင်တွေရဲ့ဘဝ ဘယ်လို နေဝင်သွားမလဲ။ သေခြာတာကတော့ မြန်မာပြည်သူတွေမှာ ယုံကြည်ချက် စိတ်ဓာတ်တွေ ရှိနေကြတာပါပဲဗျာ။ ။
ကိုးကား
၁။ ဗမာ့ခေတ်မှ ကြေးမုံသို့ - (ကြေးမုံဦးသောင်း)
၂။ ကပ်စထရို - (လင်းယုန်မောင်မောင်)
၃။ ဝီကီပီးဒီးယား
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar