ကိုကျော် (မြစ်ကြီးနား) - အမေရိကန်နိုင်ငံသားများ သေနတ်ကိုင်ဆောင်ခွင့် (သို့) အခြေခံဥပဒေပြင်ဆင်ချက် (၂) ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
ကိုကျော် (မြစ်ကြီးနား) - အမေရိကန်နိုင်ငံသားများ သေနတ်ကိုင်ဆောင်ခွင့် (သို့) အခြေခံဥပဒေပြင်ဆင်ချက် (၂) ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
(မိုးမခ) မေ ၇၊ ၂၀၂၂
တက္ကဆက်ပြည်နယ် ယူဗဲဒီမြို့ မူလတန်းကျောင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နောက် သေနတ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ပိုမိုတင်းကြပ်တဲ့ ဥပဒေများချမှတ်ဖို့ တောင်းဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ရီပတ်ပလီကင်အုပ်စု နိုင်ငံရေးသမားများက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ဒုတိယမြောက် ပြင်ဆင်ဖြည့်စွက်ချက် (the Second Amendment) ကိုထောက်ပြပြီး နိုင်ငံသားများရဲ့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တဲ့အခွင့်အရေးကို အစိုးရမှ ချိုးဖောက်လို့မရနိုင်ကြောင်း၊ ဒီအချက်က နိုင်ငံသားများရဲ့လွတ်လပ်မှုကို ကာကွယ်ထိန်းသိမ်းဖို့ အခြေခံအကျဆုံးဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။
(မှတ်ချက်။ ။ အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ - Constitution of the United States ကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရေးဆွဲခဲ့ပြီး ၁၇၈၉ ခုနှစ်မှာ စတင်သက်ဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်များစွာကို ရေးဆွဲတင်ပြခဲ့ကြပြီး ပြင်ဆင်ဖြည့်စွက်ချက် ၂၇ ချက်ကို အတည်ပြုခဲ့ပါတယ်။ ပထမဦးဆုံးသော အခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက် ၁၀ ချက်ကို 'Bill of Rights' ဟု၍လည်းခေါ်ဆိုကြပြီး နိုင်ငံသားများရဲ့ အခွင့်အရေးများ ပါဝင်ကြပါတယ်။ အခြေခံဥပေဒပြင်ဆင်ဖြည့်စွက်ချက် ဒုတိယအချက် (သို့) the Second Amendment ကိုလွယ်ကူစေရန် ယခုဆောင်းပါးမှာ 'အခြေခံဥပဒေပြင်ဆင်ချက် (၂)' ဟု သုံးနှုန်းထားပါသည်။)
ယူဗဲဒီမူလတန်းကျောင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရက်အနည်းငယ်ကြာတဲ့နောက် သေနတ်ကိုင်ဆောင်ခွင့် အားပေးထောက်ခံတဲ့ National Rifle Association (NRA) အဖွဲ့အစည်းမှ ဟူစတန်မြို့မှာ နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့ပြီး အခမ်းအနားတက်ရောက်ခဲ့တဲ့ တက္ကဆက်ပြည်နယ် ဆီးနတ်လွတ်တော်အမတ် တက်ခရူစ် မှ "ကျနော်တို့နိုင်ငံသားများရဲ့ အခွင့်အရေးများ စိတ်ချလုံခြုံစေဖို့ အခြေခံဥပဒေပြင်ဆင်ချက် (၂) က အရင်ကထက် မရှိမဖြစ် ပိုပြီးလိုအပ်လာပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် အခြေခံဥပဒေပြင်ဆင်ချက် (၂) မှာ နိုင်ငံသားတိုင်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သေနတ်ကိုင်ဆောင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆ ပြောဆိုသုံးနှုန်းမှုက လတ်တလော သိပ်မကြာသေးခင်မှ ကြားခဲ့ရတာဖြစ်ပြီး ကွန်ဆာဗေးတစ်အုပ်စုရဲ့ လှုံ့ဆော်ဖိအားပေးမှုများကြောင့် ၁၉၈၀ နဲ့ ၁၉၉၀ နှစ်များအတွင်းမှာ ပေါ်ထွက်လာခဲ့တာလို့ သမိုင်းပညာရှင်များက ပြောကြပါတယ်။
အခြေခံဥပေဒပြင်ဆင်ချက် (၂) မှာပါဝင်တဲ့ မူရင်းစာသားက “A well-regulated Militia, being necessary to the security of a free State, the right of the people to keep and bear Arms, shall not be infringed.” ဖြစ်ပါတယ်။ "လွတ်လပ်တဲ့နိုင်ငံတစ်ခုရဲ့ လုံခြုံရေးအတွက် စနစ်တကျဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တပ်တစ်ခုလိုအပ်ပြီး နိုင်ငံသားများရဲ့ သေနတ်ကိုင်ဆောင်ခွင့်ကို အစိုးရမှ ချိုးဖောက်ခြင်းမပြုရ" လို့ ပြန်ဆိုလို့ရနိုင်ပါတယ်။
အခြေခံဥပေဒေပြင်ဆင်ချက် (၂) မှာပါဝင်တဲ့ 'သေနတ်ကိုင်ဆောင်ခွင့်' ဆိုတာက ပြည်သူ့စစ် သို့မဟုတ် ပြည်သူ့စစ်ထဲမှာ တာဝန်ထမ်းဆောင်ခြင်းနဲ့ ဆက်စပ်ပတ်သက်တာလို့ များသောအားဖြင့် အမေရိကန်သမိုင်းတလျှောက် နားလည်သဘောတူခဲ့ကြပါတယ်။ နိုင်ငံတည်ထောင်သူဖခင်များက ပြည်သူ့စစ်တပ်များရဲ့ လက်နက်ကိုင်ဆောင်ခွင့် ပယ်ဖျက်ရုတ်သိမ်းခြင်းမခံရအောင် အဓိကထားဂရုစိုက်ခဲ့တာ ဖြစ်ဖို့များပါတယ်လို့ အခြေခံဥပဒေပြင်ဆင်ချက် (၂) ဆိုင်ရာ ကျွမ်းကျင်သူပညာရှင် Duke University’s law school မှ Joseph Blocher မှ ပြောခဲ့ပါတယ်။
"မိမိကိုယ်ကိုခုခံကာကွယ်ဖို့ လူတစ်ဦးချင်းစီရဲ့ သေနတ်သုံးစွဲပိုင်ခွင့် အခွင့်အရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ အတိအလင်း ရေးသားဖော်ပြထားခြင်း မရှိပါဘူး" လို့ Yale တက္ကသိုလ်မှ ဥပဒေပါမောက္ခ Reva Siegel မှ ပြောခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး သမိုင်းတွင်ခဲ့တဲ့ District of Columbia vs. Heller အမှုကိစ္စမှာ အမေရိကန်နိုင်ငံသားများ သူတို့ရဲ့နေအိမ်ထဲမှာ သေနတ်ထားရှိခွင့် ကိုင်ဆောင်ခွင့်ရှိတယ်လို့ နိုင်ငံတော်တရားရုံးချုပ်မှ စီရင်ချက်ချခဲ့ပါတယ်။ အဲဒီအချိန်မှစပြီး အခြေခံဥပဒေပြင်ဆင်ချက် (၂) ကို အဓိပ္ပာယ်ချဲ့ပြီး နိုင်ငံသားတိုင်း သေနတ်ကိုင်ဆောင်ခွင့်ရှိတယ်ဆိုတဲ့ ပြောဆိုသုံးနှုန်းမှုကို လက်ခံလာခဲ့ကြပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အဆိုပါပြည်နယ်ရဲ့ နဂိုရှိခဲ့တဲ့ သေနတ်ကိုင်ဆောင်ခွင့် တားမြစ်တဲ့ဥပဒေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။
"ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသမိုင်းမှာ နိုင်ငံတော်တရားရုံးချုပ်မှ ပထမဆုံးအကြိမ်အဖြစ် သေနတ်ထိန်းချုပ်မှု ဥပဒေတစ်ရပ်ကို ဆန့်ကျင်ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်" လို့ ပါမောက္ခ Reva Siegel မှ ပြောခဲ့ပါတယ်။
စီရင်ချက်ထဲမှာ တရားသူကြီး Antonin Scalia မှ ရေးသားဖော်ပြခဲ့တာက 'militia' (ပြည်သူ့စစ်) စကားလုံးက အခြေခံဥပဒေပြင်ဆင်ချက် (၂) ရဲ့ အရေးပါတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ နိဒါန်းအစပျိုး (preface) အဖြစ်သာ ပါဝင်ခြင်းဖြစ်ကြောင်း၊ ချွင်းချက်အနေဖြင့် ရာဇဝတ်မှုကျူးလွန်သူများ၊ စိတ်ရောဂါဝေဒနာရှင်များ၊ စာသင်ကျောင်းများ သို့မဟုတ် တရားရုံးများကဲ့သို့သော အများပြည်သူသုံးနေရာများ သို့မဟုတ် အန္တရာယ်ကြီးမားတဲ့ လက်နက်များ စသည်တို့မှလွှဲပြီး အခြေခံဥပေဒေပြင်ဆင်ချက် (၂) က သာမန်အရပ်သားများ သူတို့ရဲ့နေအိမ်များမှာ သေနတ်သယ်ဆောင်ထားရှိခွင့်ကို ခွင့်ပြုထားကြောင်း ပြောခဲ့ပါတယ်။
အမြင်အယူအဆ သဘောထားမျှတမှုရှိတဲ့ John Paul Stevens တို့လို တရားသူကြီးများကတော့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ကြပြီး အခြေခံဥပဒေပြင်ဆင်ချက် (၂) က ပြည်သူ့စစ်နဲ့ဆက်စပ်ပြီး သေနတ်ကိုင်ဆောင်ခွင့်ရှိတယ်ဆိုတဲ့ ကာလကြာရှည်စွာလက်ခံခဲ့တဲ့ အမြင်သဘော ထားကိုပဲ အားပေးထောက်ခံခဲ့ကြပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ နဂိုမူရင်းအဓိပ္ပာယ်ကို လက်ခံယုံကြည်သူများလို့ နာမည်ခံထားတဲ့ Antonin Scalia လို တရားသူကြီးက အခြေခံဥပဒေမှာပါဝင်တဲ့ အရေးပါတဲ့ အသုံးအနှုန်း "militias" ကို ဘေးဖယ်ခဲ့ပြီး ယနေ့ခေတ် အဓိပ္ပာယ်ဖွင့်ဆိုချက် ဘက်ကိုလိုက်ပြီး သဘောတူခဲ့တာက အတော်ကိုအံ့သြစရာကောင်းပါတယ်လို့ ပါမောက္ခ Reva Siegel ရဲ့ စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီလိုဆိုရင် အမေရိကန်က ယနေ့လိုအခြေအနေထိ ဘယ်လိုရောက်ခဲ့ရသလဲ? Reva Siegel နဲ့ တခြားသော သမိုင်းပညာရှင်များရဲ့ သုံးသပ်ချက်ကတော့ သေနတ်ကိုင်ဆောင်ခွင့် ထောက်ခံအားပေးတဲ့ အဖွဲ့အုပ်စုများရဲ့ နိုင်ငံရေးအရ တွန်းအားပေး လှုံ့ဆော်ခဲ့မှုများကြောင့် ထွက်ပေါ်လာတဲ့ အကျိုးရလာဒ်လို့ ဆိုပါတယ်။ "အခြေခံဥပဒေပြင်ဆင်ချက် (၂) နဲ့ပတ်သက်ပြီး အများပြည်သူရဲ့ အမြင်အယူအဆ ပြောင်းလဲသွားအောင် ဆယ်စုနှစ်ကျော်ကြာ ကြိုးစားခဲ့ကြပြီး၊ သူတို့ရဲ့ သေနတ်ကိုင်ဆောင်ခွင့် လှုပ်ရှားမှုများက အောင်မြင်မှုအတော်ရှိခဲ့ကြပါတယ်" လို့ Joseph Blocher မှ ပြောခဲ့ပါတယ်။
ဒါပေမဲ့ သေနတ်နဲ့ပတ်သက်ပြီး ကွန်ဆာဗေးတစ် အသိုင်းအဝိုင်းရဲ့ သဘောထားအမြင်များ ဘာကြောင့် မာကျောတင်းမာ လာခဲ့ရသလဲ ဆိုတာကို သမိုင်းပညာရှင်များ နဲ့ နိုင်ငံရေးသိပ္ပံညာရှင်များက အပြည့်အဝ နားမလည်နိုင်သေးပါဘူး။ သမ္မတရေဂင်လက်ထက် ကာလတဝိုက်မှာ သေနတ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ခဲ့တဲ့ NRA အဖွဲ့အစည်းက သေနတ်ကိုင်ဆောင်ခွင့်ကို အပြည့်အဝကာကွယ်ပေးတဲ့ အဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်လို့ Saint Joseph’s University မှ နိုင်ငံရေးသိပ္ပံပညာရှင် ပရော်ဖက်ဆာ Susan Liebell က ပြောခဲ့ပါတယ်။
နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု နဲ့ တိုင်းပြည်တဝှမ်း ရာဇဝတ်မှုများ မြင့်တက်လာချိန် ကာလအတွင်း သေနတ်ထောက်ခံသူအုပ်စုများက နိုင်ငံသားတိုင်းရဲ့ သေနတ်ကိုင်ဆောင်ခွင့် ကို တရားဥပဒေစိုးမိုးရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောဆိုလှုံ့ဆော်ခဲ့ကြပါတယ်။ ၁၉၇၅ ခုနှစ်မှာ NRA အဖွဲ့ခေါင်းဆောင်တစ်ဦးမှ ကွန်ကရက်လွှတ်တော်ရှေ့မှောက်မှာ "ဥပဒေကိုလေးစားလိုက်နာတဲ့ သေနတ်ပိုင်ဆိုင်သူများ" နဲ့ "ရာဇဝတ်မှုကျူးလွန်သူများ" မတူညီကြဘဲ ကွဲပြားခြားနားကြောင်း သက်သေထွက်ဆိုခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်ခွင့် ဆွေးနွေးငြင်းခုံမှုက လူမှုအဖွဲ့အစည်းကို 'နိုင်ငံသား' နဲ့ 'ရာဇဝတ်သား' ဆိုပြီး လူတန်းစားနှစ်ရပ် ခွဲခြားခဲ့ပါတယ်။
၂၀၀၈ ခုနှစ် Heller အမှုစီရင်ချက် ချမှတ်ခဲ့တဲ့နောက်ပိုင်း နိုင်ငံတော်တရားရုံးချုပ်မှ ပထမဆုံးအကြိမ်အဖြစ် သေနတ်ကိုင်ဆောင်ခွင့် တရားစွဲဆိုချက်တစ်ခုနဲ့ပတ်သက်ပြီး မကြာခင်မှာပဲ စီရင်ချက်ချသွားဖို့ ရှိပါတယ်။ လက်ရှိ နိုင်ငံတော်တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ် တရားသူကြီးများ အများစုပါဝင်နေတာကြောင့် သူတို့ရဲ့ဆုံးဖြတ်ချက်က အခြေခံဥပဒေပြင်ဆင်ချက် (၂) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဒီထက်မက ချဲ့ကားသွားနိုင်သလို အများပြည်သူအကြား သေနတ်သယ်ဆောင်ခွင့် တားမြစ်ကန့်သတ်ထားတဲ့ ဥပဒေများကို ပယ်ဖျက်လိုက်လို့လည်း ရသွားနိုင်ပါတယ်။
"အခြေခံဥပေဒပြင်ဆင်ချက် (၂) နဲ့ပတ်သက်ပြီး အမေရိကန်က တဖြည်းဖြည်းနဲ့ ပိုပြီးအစွန်းရောက်လာပြီး လုံးဝကွဲပြားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဆီကို ဦးတည်သွားနေတယ်လို့ မြင်နေရပါတယ်" ဟု Susan Liebell မှ မှတ်ချက်ချသွားကြောင်း။ ။
(ကိုးကား။ ။ The Washington Post - May 31, 2022 - How the Second Amendment was reinterpreted to protect individual rights)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar