အောင်သူငြိမ်း - မတူခြားနားတဲ့ ဒါဗို့စ် (Davos)
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၂
ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) လို့ခေါ်တဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ စီးပွားရေးထိပ်သီး လူ ၂၅၀၀ ခန့်တွေ့ဆုံတဲ့ ဖိုရမ်အစည်းအဝေးကို မေလ နောက်ဆုံးပတ်၊ တလောလေးကမှ ကျင်းပခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အလ်ပ်တောင်တန်းတွေက နှင်းလျှောစီးရာ အပန်းဖြေစခန်း ဒါးဗို့စ်မြို့ကလေးမှာ နိုင်ငံတကာထိပ်သီးခေါင်းဆောင်တွေ၊ စီးပွားရေးထိပ်သီးတီထွင်သူ၊ စီအီးအိုတွေ လူထောင်ဂဏန်း တွေ့ဆုံကြပြီး သူတို့က ကမ္ဘာ့စီးပွားရေးလားရာကို ခန့်မှန်းဆွေးနွေးကြပါတယ်။ ထိပ်သီးလူနည်းစုက ကမ္ဘာကြီးကိုချယ်လှယ်ရာ အစည်းအဝေးလို့လည်း ဝေဖန်သူ အများအပြားရှိပါတယ်။ [ပုံမှန်အားဖြင့် ဇန်နဝါရီလမှာကျင်းပပေမယ့် ကိုဗစ်ကူးစက်ဘေးကြောင့် နောက်ဆုတ်ထားရတာပါ။]
ဒီနှစ်ကတော့ ထူးခြားနေတာက ရုရှားက ယူကရိန်းကိုကျူးကျော်တဲ့ စစ်ပွဲကြောင့်ပါပဲ။ ဒါကြောင့် ရုရှားနိုင်ငံခေါင်းဆောင် ပူတင်နဲ့ သူနဲ့နီးစပ်ရာ ရုရှားခရိုနီများ Oligarchs တွေကို အစည်းအဝေး မဖိတ်ပါဘူး။ တရုပ်ခေါင်းဆောင် ရှီကျင့်ဖျင်ကလည်း အစည်းအဝေးကို မတက်ခဲ့ပါဘူး။ အစည်းအဝေးဖွင့်ပွဲမှာ ယူကရိန်းသမ္မတ ဗလိုဒီမာ ဇယ်လင်းစကီးကို အွန်လိုင်းကဖိတ်ခေါ် အဖွင့်မိန့်ခွန်း ပြောစေပါတယ်။ သူက ရုရှား နိုင်ငံကို အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုပါတယ်။ သူ့နောက်မှာတော့ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယန် စတိုတန်ဘာ့ခ် (Jens Stoltenberg) ပြောပါတယ်။ သူ့ မိန့်ခွန်းမှာ “လွတ်လပ်ခွင့် freedom ဟာ လွတ်လပ်စွာ ကုန်သွယ်ခွင့် free trade ထက် ပိုအရေးကြီးပါတယ်လို့ ကြေညာပါတယ်။
ကမ္ဘာကြီးက ကိုဗစ်ကပ်ဘေး အလွန်ကာလ စီးပွားရေး နာလံထဖို့ ရုန်းကန်နေစဉ်မှာ ကြီးလေးတဲ့ငွေကြေးဖောင်းပွမှုကိုလည်း ရင်ဆိုင်နေရပါတယ်။ စီးပွား ရေး ထိုင်းမှိုင်းမှု/ စီးပွားပျက်ကပ် ဖိအားတွေလည်း ကြုံနေရပါတယ်။ တချိန်တည်းမှာ ကမ္ဘာကြီးက ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေအပေါ် ကြီးလေးစွာ မှီခိုနေရဆဲဆိုတာ ပိုမိုပေါ်လွင်လာပါတယ်။ ဥရောပတိုက်အနေနဲ့ဆိုရင် နောက်ထပ်လောင်စာစွမ်းအင် ထောက်ပံ့ပေးမယ့်သူကို ရှာရတာလည်း ခက်ခက်ခဲခဲပါ။ အထူးသဖြင့် ဂျာမဏီ၊ အီတလီ၊ ဩစတီးယားတို့က ရုရှားစွမ်းအင်ကို ပိတ်ဆို့ဒဏ်ခတ်မယ်ဆိုတော့ ကိုယ်တိုင်လည်း အထိနာရပါတယ်။
ဒီအစည်းအဝေးမှာပဲ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ အကြီးအကဲ ဒေးဗစ် ဘိစ်လေ (David Beasley) က ကမ္ဘာကြီးက ရုရှားဆီက ဓာတ်မြေဩဇာနဲ့ဂျုံကို လိုအပ်တုန်းပါ။ ခုချိန်တိုင် ရုရှားနဲ့ လက်တွဲမဖြုတ်သေးတဲ့ ဓာတ် မြေဩဇာကုမ္ပဏီကြီး Syngenta ကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ခုလို စားနပ်ရိက္ခာ၊ ဓာတ်မြေဩဇာ ပြတ်လပ်မှုတွေ၊ ကိုယ့်ဘာသာ ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် လူပေါင်း ၄၉ သန်းလောက်ဟာ အရေးပေါ် ငတ်မွတ်မှုတွေ ကြုံရနိုင်တယ်ဆိုပါတယ်။ လူပေါင်း ၈၁၁ သန်းကတော့ ညစဉ် ဆာလောင်ငတ်မွတ်မှုတွေ ကြုံရနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ကျွမ်းကျင်သူပညာရှင်အများစုကတော့ ငွေကြေးဖောင်းပွမှု၊ စီးပွားထိုင်းမှိုင်းနေမှု stagnation ၊ ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံဖြစ် ထွန်းမှုနေ ပြန်လည်ဆုတ်ခွာခြင်းကိစ္စ (de-Globalization) တွေကို ဆွေးနွေးကြပါတယ်။ ဒီနှစ်ဆွေးနွေးပွဲခေါင်းစဉ်က သမိုင်းအချိုးအကွေ့- အစိုးရမူဝါဒများနဲ့ စီးပွားရေး မဟာဗျူဟာများ “History at a Turning Point: Government Policies and Business Strategies” လို့ ပေးထားပါတယ်။
အရင်ကလည်း နှစ်စဉ် WEF အစည်းအဝေးရဲ့ Theme တွေ ချမှတ်ခဲ့ဖူးပါတယ်။ ကျနော်တို့လည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရဖူးပါတယ်။
၂၀၁၆။ စတုတ္ထ စက်မှုတော်လှန်ရေးကို ကျွမ်းကျင်မောင်းနှင်ခြင်း (Mastering the fourth industrial revolution)
၂၀၁၇။ တုံ့ပြန်မှုရှိသော၊ တာဝန်သိသော ခေါင်းဆောင်မှု (Responsive and responsible leadership)
၂၀၁၈။ ပြိုကွဲနေသော ကမ္ဘာကြီးတွင် မျှဝေမှုရှိသော အနာဂတ်ကိုဖန်တီးခြင်း (Creating a shared future in a fractured world)
၂၀၁၉။ ဂလိုဘယ်လိုက်ဇေးရှင်း ၄.၀- စတုတ္ထစက်မှုတော်လှန်ရေးကာလတွင် ကမ္ဘာကြီး၏ ဖွဲ့စည်းတည်ဆောက်ထားပုံ ကို ပုံသွင်းခြင်း (Globalization 4.0: shaping a global architecture in the age of the fourth industrial revolution)
၂၀၂၀။ ညီညွတ်မှုရှိသည့်၊ ရေရှည်တည်တံ့မှုရှိသည့် ကမ္ဘာကြီး၏ အရေးပါသော အင်အားစုများ (Stakeholders for a cohesive and sustainable world)
၂၀၂၁။ ဧရာမပြန်လည်အထိုင်ချ (The Great Reset)- ဒါပေမယ့် Covid-19 ကြောင့် ပွဲမဖြစ်ခဲ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar