နေသွင်နိုင်း - သံမဏိအရေပြားပေါ်က အလံတဝက်
နေသွင်နိုင်း
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၂
သူငယ်ချင်းနှစ်ယောက်
အဆင်ပြေလား မမေး
ဘယ်မှာနေလဲ မပြော
လေနှင်ရာအရပ်မှာ ဓမ္မတက်တူးနဲ့
ဘုရားကိုလည်း ငါတို့ရယ်မောခဲ့ကြတယ်။
အသားစားပွင့်ဖက် နှစ်ကာလထဲ
ယုံကြည်ရာ ခရီးဆက်ရင်း
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
ကုမ်ရာသီစိုက်ခင်းမှာ
ကိုယ့်ခေါင်းကိုယ် စမ်း
ကိုယ့်အလံကိုယ် လွှင့်
သမိုင်းရဲ့သီချင်းကို သွေးနဲ့ရေးလို့
ငါ့အရေပြားပေါ်
ငါ့သူငယ်ချင်းအမည်နဲ့
နောက်ထက်
အလံတဝက်
လွှင့် ထူ ခဲ့ ရ ပြီ။
ငါ့သူငယ်ချင်းဟာ လွင့်နေတဲ့အလံလို
သူ့စက်ဘီးလေး ဂျောက်ဂျက် ဆက်နင်း
စက်ဘီးအိုလေးရဲ့ လက်ကိုင်မှာ
နိုင်ငံတော်ပျက်ကြီးကိုတင်ဆောင်လို့
နွေဦးအလံတဖျပ်ဖျပ်နဲ့
မြေအောက်ရထားဆီ ချစ်စဖွယ် ချစ်ဖွယ်
ခရီးဆက်ခဲ့တယ်။
တနေ့နေ့
တနေရာရာပေါ့လို့
မြို့ကြီးရဲ့ အစာအိမ်ကြီးထဲ
တယောက်ပခုံး တယောက်ပွေ့ဖက်
နောက်မှ အေးဆေးတွေ့ကြမယ်ပြောပြီး
ဗာဟီရတောင်ကုန်းကို
ကိုယ်စီထွန်ယက်ကြပြီးနောက်
သူ့နံရိုးပိန်ကျုံပါးလှီမှာ
သံမဏိသစ်စေ့တစေ့ဟာ
မသေတဲ့ကြယ် ကျားသူရဲတကောင်အဖြစ်
မယုံကြည်ဖွယ်ရာ
ထိုးထွက်လာခဲ့တယ်။
အနုပညာသမားဟာ
အကြမ်းပညာလည်း ရရမယ်
သူ့အပ်ချုပ်စက်ကလေးထဲ
နိုင်ငံတော်အပျော့အပြဲကြီးကို ချုပ်လို့
ယမ်းနံ့ယမ်းခိုးဂီတတော်လဲသံနဲ့
ညချမ်းချိန်ခါ တေးသံသာရေဒီယိုလှိုင်းတွေ
တဝုန်းဝုန်းလွှင့်ထုတ် အသုံးတော်ခံ
အအိပ်ကြီးတဲ့ မြို့ရဲ့နံရံကို ဖောက်ခွဲပြခဲ့သူ
စောက်ကြောတင်းတဲ့ အကသမားဟာ သူပေါ့။
စောက်ကြောမတင်းတဲ့ ငါတို့မြို့ရဲ့
အမှတ်သည်းခြေမရှိသူ ကလပ်သားများကတော့ လက်ဖက်ရည်ဝိုင်းမှာ
ငါ့သူငယ်ချင်းရဲ့အမည်နာမကို တီးတိုးရွတ်ဆိုရင်း
ကိုယ်လုံးတီး HD တွေရဲ့
ကြည်လင်ပြတ်သားမှုအကြောင်း
အကျယ်ကြီး ခံတွင်းတွေ့ခဲ့ကြတယ်။
လူမသိ လူမသိ ပြောက်ကျားစစ်မှာ
စောက်ကြောတင်းတဲ့ မြို့ရဲ့တစ္ဆေ
မိစ္ဆာနှင်တေးရေးဖွဲ့သူ
ငါ့သူငယ်ချင်းဟာ
ကမ္ဘာမကြေဘူး သီချင်းကလွဲပြီး
သစ္စာဖောက်တို့ရဲ့လမ်းကို မရေး
ဘာမှမပြော
ဘာမှမဆို
အာဂတေမိ
မာကြောတဲ့ အသည်း
မာကြောတဲ့ နှလုံးသား
သံမဏိအရေပြားမို့
ရှင်ခြင်းကို သေခြင်းနဲ့ လဲထပ်ခဲ့လိုက်တယ်။
စောက်ကြောတင်းလွန်းတဲ့ သူဟာ
မနေ့တနေ့က
လူလွန်မသားတွေရဲ့ စစ်ကြောရေးမှာ
သူ့အမည်အဖြစ်
သူ့အရိုးတွေ တကျွတ်ကျွတ်မြည်ပြ
သူ့အံသွားကို တကြိတ်ကြိတ်ကြိတ်ပြ
ရုပ်လုံးမပေါ်တော့တဲ့ သူ့မျက်နှာကို
သွေးစေးတွေနဲ့ ဦးမော့ရင်းပြ
သွေးရဲ့အမျိုးအစားကို
ရဲရင့်ခြင်းလို့ ဖော်ထုတ်ပြ
ခွေးတွေရဲ့အသွေးအသားတွေ
တပွက်ပွက်ဆူပွက်ခုန်ပေါက်ရတဲ့အထိ
ငါ့သူငယ်ချင်းဟာ စောက်ကြောတင်းခဲ့တယ်။
သူဟာ
သားစဉ်မြေးဆက်ပြောပြဖို့ ပုံပြင်ရေးသူ
ခွေးကို အမဲလိုက်သူ
ရာဇဝင်ထွင်းသူ
ကြယ်အဖြစ် ဝင်စားလို့
ငါ့တို့အရေပြားပေါ်က
ပျောက်ရှသွားတဲ့ကြယ်ဝတ်ရုံရဲ့ အလံဟာ
သေရာပါ။
ပျော်စရာလာတော့ ပျော်စရာလား မေးလို့
ရယ်စရာလာတော့ ရယ်စရာလား မေးလို့
မျက်ရည်လား မေးတဲ့အခါ
မျက်ရည်တခုသာ
သေချာခဲ့ရလို့
ကောင်းကင်အပြည့် ကြယ်တွေပျံတက်ခဲ့သလောက်
ဒီတစ်ခါ
အဓမ္မကို ဓမ္မက အနိုင်မရရင်
ဘုရားရှိခြင်းကို ငါမယုံတော့
တရားရှိခြင်းကို ငါမယုံတော့။ ။
(စစ်ကြောရေးမှာ ကျဆုံးသွားတဲ့ ရဲဘော် ကိုချစ်သို့)
၁၂၇၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar