Breaking News

မိုးမြင့်ယံ - ဇူလိုင်အလွမ်း မိုးမျက်ရည်စို

ဇူလိုင်အလွမ်း မိုးမျက်ရည်စို 
မိုးမြင့်ယံ
(မိုးမခ) ဇူလိုင် ၁၇‌၊ ၂၀၂၂

ဇူလိုင်တဲ့ ဟိုးငယ်ငယ်ကလေးဘဝ အစ လူမှန်းသိတတ်စကတည်းက ဇူလိုင် ၁၉ ဆိုသည့် အာဇာနည်နေ့ကိုရောက်တိုင်း ဥဩဆွဲသံတွေနဲ့အတူ နိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် တဝက်သာလွှင့်ထူပြီး ဦးညွှတ်အလေးပြုခဲ့ကြရတာတွေဟာ မမေ့နိုင်စရာ နာ ကျင်ရခြင်းအတိတ်ပုံရိပ်များရယ်ပေါ့ ။

အတွေးတို့အား ဖြန့်ကျက်ကြည့်မိပြန်တော့ လွန်ခဲ့သောဆိုသည် ကျွန်တော်တို့မသိမီခဲ့ပေသော်ငြား မှတ်တမ်းမှတ်ရာတို့အား ဖတ်ရှုခဲ့မိသမျှ စာအုပ်စာပေတို့၏ ကျေးဇူးတရားကြောင့် သိရှိရကာ မနေ့တနေ့ကကဲ့သို့ပင် စိတ်မှာ မပီဝိုးတဝါးထင်ယောင်မိပြန်ပါသေးသည် ။

အိမ်ရှေ့ဝရန်တာမှ လှမ်းမျှော်အကြည့် ဇူလိုင်၏ကောင်းကင်ယံ၌ ရှပ်ရှစ်ခွင်တိုင်း မှိုင်းမှိုင်းညှို့လို့ အလွမ်းတို့အား သယ်ဆောင်လာသလို၊ မိုးစက်တို့သည် တဖွဲဖွဲဖြင့် ရွာစွေသွန်းနေကြသည် ။

လေအဝှေ့၌ မိုးစက်မိုးမှုန်တို့သည် ကျွန်တော့် မျက်နှာပြင်ထက်သို့ တိုးဝှေ့ဝင်ရောက်ကာ ထိမှန် ဖြန်းပက်သွားသည်ကို သိနေပါသော်လည်း နေရာကမထမိပြန်။

ဇူလိုင်သည် မိုးစက် မိုးမှုန်တို့နှင့်အတူ ရင်နှလုံးသားတို့အား အိပ်မက်ဆိုးတို့မှပုတ်နိုးတတ်သော တစိမ့်စိမ့်ကွဲကြေခြင်း အလွမ်းရာသီဥတုတခုဖြစ်သည်ဆိုသည်မှာက ကျွန်တော်တို့ တိုင်းပြည်အတွက်တော့ အမှန်ဆုံးပင်ဖြစ်ပေလိမ့်မည် ။

စိတ်အ​​တွေးသို့ ဝင်ရောက်လာသော ဇူလိုင်၏ နာကျင်ဆို့နင့်ဖွယ်ရာ သွေးစွန်းနေ့ရက်တို့သည် ကျွန်တော့်ရင်အဟုန်သို့ ပြင်းစွာလာရိုက်ခတ်မြည်ဟည်းသော ငိုရှိုက်သံများအဖြစ် ယနေ့အချိန်ထိ ပဲ့တင်ထပ်နေသောအသံတွေပင်ဖြစ်ပေသည် ။

အိပ်မက်မဟုတ်ခဲ့သော၊ ပြဇာတ်တပုဒ်၊ ဝတ္ထုတအုပ်မဟုတ်ခဲ့ပါလေသော တကယ့် အဖြစ်သနစ်တို့သည် အတိတ်မှတ်ဉာဏ်ထဲမှာ ဘယ်တော့မှမေ့ပျောက်လို့မရနိုင်မည့် သေရာပါ နာကျင်ဒဏ်ရာတွေသာ ဖြစ်ခဲ့ရ​သည်မဟုတ်ပါလော ။

လောကပါလတရာတို့ ခေါင်းပါးပြီး လောဘ ဒေါသ မောဟတို့ အစားထိုးခေါင်းထောင်ထလာသောအခါ လူ့အန္ဓတို့၏ အရိုင်းဆန်ယုတ်မာမှုအောက်၌ အာဇာနည်တို့ အသက်တွေသည် လွယ်လင့်တကူကြွေလွင့်ပေးခဲ့ရသည်မှာ ရင်နာစရာ ပြယုဂ်တခုဖြစ်ခဲ့ရသည်။

ထိုထိုအဖြစ်မျိုးတို့သည် တိုင်းနိုင်ငံတိုင်းရှိခဲ့ကြသည်ဆိုသော်ငြား ကျွန်တော်တို့လို နိုင်ငံငယ်လေးအတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ၏ကျဆုံးမှုသည် အစား ထိုးမရနိုင်ခဲ့လေသောဆုံးရှုံးမှုဖြစ်စဥ် အကြီးကြီးတခုသာ ဖြစ်ခဲ့ရပေသည် ။

အမေရိကန် သမ္မတလင်ကွန်းလုပ်ကြံခံခဲ့ရသည် ၊ ဒေါက်တာမာတင်လူသာကင်း လုပ်ကြံခံခဲ့ရသည် ၊ ဖိလစ်ပိုင်မှာ ဘင်နစ်နိုအကွီနို လုပ်ကြံခံခဲ့ရသည် ၊ အိန္ဒိယဝန်ကြီးချုပ် အင်ဒီယာဂန္ဒီကို ကိုယ်ရံတော် ဆစ်ခ်လူမျိုးနှစ်ယောက်က လုပ်ကြံသတ်ဖြတ်ခဲ့သည်၊ ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများသည်လည်း လွန်ခဲ့သော ၇၅ နှစ် ဒီလိုဇူလိုင်လရဲ့ မိုးစက်မိုးမှုန်တွေအောက်မှာ လူ့အန္ဓတို့၏လုပ်ကြံဖျက်ဆီးခြင်းကို ခံခဲ့ကြရပေသည်။

မိုးစက်မိုးမှုန် တဖွားဖွားရဲ့အောက်မှာ အေးမြငြိမ်သက်နေသော ဇူလိုင်သည် ထို့နေ့က အတွင်း ဝန်ရုံးကြီး၏ အစည်းအဝေးခန်းမတနေရာမှ သေနတ်သံတွေကြားထဲတွင် သွေးသံရွဲရွဲဖြစ်ခဲ့ရလေပြီ ။

ဇူလိုင်၏မိုးရေစက်တွေအောက်၌ ယမ်းပုံပေါ်မီးကျသကဲ့သို့ ပြည်သူတွေ၏ မိုးစက်များနဲ့ရောကာ ဒေါသနှင့်ပြွန်းလျက်ရှိသော မျက်ရည်ရှိုက်သံတို့သည် အဘယ်မျှပင်ကျယ်လောင်လွန်းခဲ့ပေမည်နည်း၊ နာကျည်းခံပြင်းစိတ် နှမြောတသ ယူကြုံးမရဝမ်းနည်းပူဆွေးစိတ်တို့ဖြင့် တနိုင်ငံလုံး မည်မျှထိ လှိုင်းထန်နေမည်နည် ၊ ကျွန်တော်သည် ထိုအတွေးထိုမြင်ကွင်းအား မိုးရေစက်တို့အားငေးမောရင်း ပုံဖော်တွေးကြည့်နေမိသောအခါ မျက်ဝန်းမှ မျက်ရည်တို့စို့တက်ကာ ရင်သည် တုန်ရင်လှိုက်မောလာခဲ့ရင်း အံကြိတ်တောက်ခေါက် လိုက်မိသည်ပင် ။

ဇူလိုင် ၁၉ တဲ့ ထိုနေ့ထိုရက်ဟာ တနိုင်ငံလုံး အမှောင်ဖုံးသွားသကဲ့သို့ သည်းအူပြတ်တမျှ
နာ ကျင်ရှိုက်သံတို့နှင့်အတူ နာကျဥ်းခြင်း မိုးစက်တို့လည်း တဖွဲဖွဲရွာစွေသွန်းနေခဲ့မည်မှာ အသေချာပါ ။

ခေတ်အဆက်ဆက် လူ့အန္ဓတို့၏ ရက်စက်ယုတ်မာမှု အခန်းကဏ္ဍသည် မှေးမှိန်လွန်းနိုင်ခဲပါဘိလေ ။

လူလွန်မသားတွေရဲ့ အာဏာရမ္မက်ကြောင့် ကျခဲ့ရသော သွေးစက်တို့သည်ပင် သမုဒ္ဒရာ အစင်းစင်းဖြစ်ခဲ့ရလေပြီလား ။

အပြင်မှာတော့ ဇူလိုင်မိုးတိုသည် တသည်းသည်းစွေနိုင်လွန်းလှပေသည် ။

ကျွန်တော်သည် ဝရန်တာမှထိုင်၍ ဇူလိုင်၏ မိုးစက်မိုးမှုန်တို့အား ငေးမျှော်ကြည့်ရင်း အတိတ်ကို မေ့မရခြင်းကြီးစွာ ပုံဖော်မိနေစဥ်  မျက်နှာကိုလာရောက်ထိမှန် လွင့်စင်လာသော မိုးစက်တို့အား တို့သုပ်ရန်ကိုပင် မေ့လျော့ နေခဲ့မိသည်ပဲ 

အလိုလိုကျဆင်းလာသော မျက်ရည်တို့သည် မျက်ဝန်းမှာရစ်သိုင်းဖွဲ့လာသည်ကိုတော့ ဘာသာသိနေမိပြန်သည် ။

အတွေးတို့နှင့်အတူ ငွေ့ရည်ဖွဲ့သီမျက်ဝန်းတို့ကို မသုပ်အားစွာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးအာဇာနည်များအား မျက်ရည်များနဲ့ ဦးညွှတ်အလေးပြုရင်း စိတ်ဖြင့်သာအကြိမ်ကြိမ် အထပ်ထပ် ကန်တော့လိုက်ရပါတော့သည်လေ ။


                                                    မိုးမြင့်ယံ
                                             15 . July . 2022
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar