Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၅ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၂


ပညာရေးနဲ့ နိုင်ငံရေး 

Kaung 4 U လို့ နာမည်ပေးထားတဲ့ အွန်လိုင်းပညာသင်ကြားရေးအစီအစဥ်မှာ ပါဝင်နေသူ စစ်ကောင်စီ ပညာရေးဝန်ထမ်းကနေ CDM လုပ်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ ခုရက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနအောက်က သင်ကြားပေးတဲ့ အစိုးရကျောင်းတွေမှာ မိမိတို့ရဲ့ သားသမီးတွေကို မတက်ရောက်စေလိုတဲ့ မိဘတွေနဲ့ အချို့လည်း လူကိုယ်တိုင် သွားရတဲ့ကျောင်းတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် အွန်လိုင်းကနေပဲ ပညာသင်ကြားစေဖို့ ဆုံးဖြတ်ထားတဲ့မိဘတွေ၊ ပုဂ္ဂလိကကျောင်းတွေရဲ့  သောင်းနဲ့ သိန်းနဲ့ချီတဲ့ကျောင်းလခ မတတ်နိုင်တဲ့ မိဘတွေ၊ နိုင်ငံရေးအရ စစ်ကောင်စီ ဝန်ကြီးဌာနအောက်က အစိုးရကျောင်းမှာ မအပ်ချင်တဲ့ မိဘတွေအနေနဲ့  အခုလို NUG က အသိအမှတ်ပြုထားတဲ့ Kaung 4 U ကို အပ်နှံကြပါတယ်။ အပ်နှံသူ ၁ သိန်းကျော်တယ်လို့ အချို့သော ရေးသားမှုတွေမှာ တွေ့ရှိရပြီး သင်ကြားသူတွေနဲ့ တက်ရောက်သူတွေ အများစုက ပြည်တွင်း စစ်ကောင်စီထိန်းချုပ်နယ်မြေတွေ မြို့တွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ လုံခြုံရေးအရ ကိုဗစ်ကူးစက်မှုအခြေအနေအရ ကျောင်းတွေ မဖွင့်နိုင်ခဲ့တဲ့ ကာလတွေရှိခဲ့ပြီး ယမန်နှစ်က စစ်ကောင်စီက ပြန်ဖွင့်ဖို့လုပ်ဆောင်ခဲ့ပေမယ့် မကြာခင် ကိုဗစ်ကပ်ရောဂါ အမြင့်ဆုံးခံရချိန် ကူးစက်ခံရပြီး ပြန်ရပ်နားခဲ့ရကာ အခုပညာသင်နှစ်မှာ စစ်ကောင်စီဘက်က ဖွင့်လှစ်လာတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေအောက်မှာ ပညာသင်ကြားရေးက နယ်မြေဒေသအလိုက် အုပ်ချုပ်မှု စိုးမိုးမှုအလိုက်၊ ငွေကြေးတတ်နိုင်တဲ့ မိသားစု အလိုက် နိုင်ငံရေးခံယူချက်အလိုက် အမျိုးမျိုး ကွဲပြားပြီး သင်ယူမှု ဆက်လက်လုပ်နိုင်သူတွေ ရှိသလို အချို့ကျောင်းသားတွေလည်း ဘာမှ မသင်ယူနိုင်ပဲ ဒီအတိုင်းဖြတ်သန်းနေကြရတဲ့ ကလေးသူငယ်တွေလည်း အများကြီး ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ဒေသအချို့မှာ နကိုရှိပြီးသား ၄င်းတို့ တိုင်းရင်းသားဘာသာနဲ့ ပညာသင်ကြားရေးစနစ်တွေ လည်ပတ်နေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးမှ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာတဲ့ ဧရိယာတွေထဲက မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသအချို့မှာ သူတို့ဒေသက ပညာရေးဝန်ထမ်းတွေနဲ့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ လုံးလုံးမပတ်သက်တဲ့ ကြားကာလကျောင်းတွေ ထွက်ပေါ်လာပြီး သင်ကြားနေကြတာလည်း သတင်းတွေမှာ တွေ့ရပါတယ်။ ဒေသက စစ်ရေးအရ မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေ အောက်မှာ စီမံဆောင်ရွက်နေကြတာမျိုးဖြစ်လို့ အခက်အခဲတွေရှိနိုင်ပြီး တဆက်တစပ်တည်းတောက်လျှောက်သင်ကြားနိုင်ဖို့ တွေက စစ်ရေး အခြေအနေပေါ်မှာလည်း တည်မှီနေလိမ့်မယ်လို့ ယူဆရပါတယ်။ 

မြို့တွေမှာတော့  မိသားစုဝင်ငွေ နည်းပါးလာတာကြောင့် သားသမီး ပညာသင်ကြားရေးအတွက် ငွေကြေးကအစ အချိန်ပါမပေးနိုင်တော့တာမျိုး၊ ဝင်ငွေတစိတ်တပိုင်း ရဖို့ သားသမီးကိုပါ အလုပ်ခိုင်းစေကြရတာမျိုးက ဝင်ငွေ အနိမ့်ဆုံးအလွှာမှာ ဖြစ်ပျက်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ 

အထိုက်အလျောက် ဝင်ငွေရှိသူ သားသမီးတွေရဲ့ပညာရေးကိုလည်း အလေးထားသူတွေအနေနဲ့ ရှိတဲ့ စုဆောင်းထားတဲ့ငွေကိုသုံးပြီး ပုဂ္ဂလိကကျောင်းတွေ၊ ပုဂ္ဂလိကအွန်လိုင်းကျောင်းတွေ ထားကြသူတွေလည်း အရေအတွက်အားဖြင့် အတိုင်းအတာတခုထိ ရှိနိုင်ပြီး ပညာရေးအတွက် လစဥ်ကျောင်းလခ သောင်းနဲ့ သို့မဟုတ် သိန်းနဲ့ချီ မတတ်နိုင်တဲ့ မိဘတွေကတော့ စစ်ကောင်စီပညာရေးဝန်ကြီးဌာန လက်အောက်က ကျောင်းတွေကိုပဲ တက်ရောက်ဖို့ အပ်နှံကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ပညာရေးက ပညာရေးဝန်ထမ်းတွေ စီဒီအမ် လုပ်တာရဲ့ သက်ရောက်မှုကြောင့် ဆရာ၊ ဆရာမ မလုံလောက်မှုတွေရှိနေပြီး ပညာရေးရဲ့ အဆင့်အတန်းက စစ်အာဏာမသိမ်းမီကနဲ့စာရင် သိသိသာသာ ကျဆင်းသွားတဲ့အနေအထားကိုလည်း အပ်နှံကြတဲ့မိဘတွေ သိရှိကြပေမယ့် အခြားရွေးချယ်စရာ မရှိတဲ့အနေအထားမှာ ဒါကိုပဲ ရွေးကြရတဲ့သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ဒီနေရာမှာ စစ်အာဏာရှင်စနစ် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပညာရေးကို ဘယ်လောက်ထိ နိုင်ငံရေးနဲ့ ဆက်စပ်လုပ်ဆောင်သင့်သလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ 

ပညာရေးက နိုင်ငံရေးရဲ့ လက်အောက်ခံလို့ လက်ဝဲစကားလုံးနဲ့ ဆိုကောင်းဆိုကြပါလိမ့်မယ်။ ဒီစကား ဒီမှတ်ချက်ဟာ အတိုင်းအတာတခုထိ မှန်သော်လည်း ဒီစကားလုံးကို အလွန်အကျွံ အဓိပ္ပာယ်ဖွင့်ဆိုမှုလုပ်ဆောင်ကြတဲ့အခါမျိုးမှာ အစွန်းရောက်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထားကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စစ်ကောင်စီ ဖွင့်လှစ်တဲ့ကျောင်းတွေကို မဖွင့်လှစ်နိုင်အောင် ဗုံးခွဲတာ၊ အချို့သောဒေသမှာ CDM မလုပ်တဲ့ ပညာရေးဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာမျိုးတွေ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဥ်တွေက အထက်က စစ်ကျွန်ပညာရေး၊ စစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်ဆိုတဲ့ သတ်မှတ်စွပ်စွဲချက်တွေနဲ့ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အချို့က အလွန်အကျွံ လုပ်ဆောင်ခဲ့တာမျိုး ဖြစ်ပါတယ်။ 

ပညာရေးကို နိုင်ငံရေးအကျိုးအတွက် အသုံးချတာ၊ တနည်းအားဖြင့် နိုင်ငံရေး အရောင်ခွဲခြားကြည့်ပြီး ဘယ်ပညာရေးကို မသင်နဲ့ ဘယ်ပညာရေးကို သင်ဆိုတာထက် ကလေးသူငယ်တိုင်း ကျောင်းသားတိုင်းအတွက် ပညာသင်ကြားခွင့်ဟာ အခြေခံ မွေးရာပါအခွင့်အရေးဆိုတဲ့ အယူအဆပေါ် အခြေခံပြီး ပညာသင်ကြားရေးကို မတူတဲ့အခြေအနေအမျိုးမျိုးအောက်မှာ သင်ကြားခွင့်ရရှိဖို့ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအဖို့ လက်လှမ်းမီအောင် ကူညီပေးတဲ့အစီအစဥ်တွေ လုပ်ကြဖို့က အဓိကအရေးကြီးတဲ့ အချက်လို့ မြင်မိပါတယ်။ 

တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို၌က အားနည်းတဲ့မိသားစုတွေ အခွင့်အရေး မညီမျှမှုတွေကို တန်းတူရရှိနိုင်အောင် တတ်နိုင်သမျှ ညှိပေးဖို့၊ နိမ့်သူတွေကို ကူညီပေးခြင်းအားဖြင့် လူများစုရဲ့ လူနေမှု လူမှုအခွင့်အရေး တန်းတူအခွင့်အရေးတွေ မြင့်တက်လာအောင် လုပ်ဖို့ ဖြစ်တာကြောင့် ပညာသင်ကြားရေးလိုမျိုးဟာ ရေရှည်အရင်းအမြစ် ဖြစ်ပြီး လတ်တလော နိုင်ငံရေး ချိန်ခွင်လျှာမှာ ထည့်သွင်းချိန်ထိုးမကြည့်ကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar