Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၇ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၂


ရန်ကုန်မြို့မှာ ရာအိမ်မှူး ၂ ဦး ပစ်ခတ်လုပ်ကြံခံရ၊ ဒလမှာ လက်လုပ်မိုင်းမတော်တဆ ပေါက်ကွဲ၊ အိမ်သုံး သဘာဝဓာတ်ငွေ့ရည် ပြတ်လပ်

ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်က ရာအိမ်မှူး ၂ ဦး လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ YUGA က ပစ်ခတ်လုပ်ကြံခဲ့ပြီး ၂ ဦးစလုံး သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ရွှေပြည်သာ ၁၅ ရပ်ကွက်က ရာအိမ်မှူးတွေ ဖြစ်ပြီး သတင်းတွေထဲမှာတော့ ပျူစောထီး အဖွဲ့ဝင်တွေဖြစ်တယ်၊ ရပ်ကွက်ထဲမှာ ဧည့်စာရင်းစစ်ရင် စစ်တပ်ကဖမ်းဆီးမှုတွေလုပ်တဲ့အခါ မှာ လိုက်ပါလာလေ့ရှိတယ်လို့ သတင်းဆို့စ် တချို့ကို ကိုးကားဖော်ပြထားပါတယ်။ 

ရန်ကုန်မြို့မှာ အခုလို ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နဲ့ စစ်တပ်သတင်းပေးလို့ ယူဆသူတွေကို မြို့ပြပြောက်ကျားအဖွဲ့တွေက လုပ်ကြံသတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မရမ်းကုန်းမြို့နယ် သမိုင်းရပ်ကွက်မှာ တဦး လုပ်ကြံသတ်ဖြတ်ခံရသလို အဲမတိုင်ခင် ရက်သီတင်းပတ် အနည်းငယ်ကလည်း သင်္ဃန်းကျွန်းမြို့နယ်မှာ ရာအိမ်မှူး ၂ ဦးလုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှာ ဒီလို လုပ်ကြံသတ်ဖြတ်တာတွေက နေ့စဥ် ဖြစ်နေကျဖြစ်ရပ်သဖွယ် ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဒေါက်တိုင်လို့ သတ်မှတ်ပြီး အုပ်ချုပ်ရေးရဲ့ အောက်ဆုံးအဆင့်က ရပ်ကွက် အုပ်ချုပ်ရေးမှူးလိုမျိုး နောက်ထပ်အောက်တဆင့်ဖြစ်တဲ့ ရာအိမ်မှူးလို အဆင့်မျိုးတွေကို လုပ်ကြံသတ်ဖြတ်တာဟာ အမှန်တကယ်စစ်ကောင်စီရဲ့ ယန္တရားကို ရပ်တန့်စေနိုင်မလားဆိုတာလည်း သုံးသပ်ဖို့ လိုအပ်နေပြီလို့ထင်ပါတယ်။ စစ်ကောင်စီရဲ့ ယန္တရားက လက်နက်ကိုင်တပ်တွေက အဓိကဖြစ်ပြီး စီမံသုံးစွဲခွင့်ရတဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေးအရင်းမြစ်တွေ၊ အုပ်ချုပ်ရေး ဆက်သွယ်ရေး ယန္တရားတွေကို သုံးပြီး အာဏာကို တည်ဆောက်ထားတာ ဖြစ်ပြီး  အုပ်ချုပ်ရေးထဲက အောက်ခြေအကျဆုံး ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးလို ရာအိမ်မှူးလို တာဝန်ယူလုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားရင် သောင်းဂဏန်း သိန်းဂဏန်းချီရှိတဲ့ လုပ်ကြံသတ်ဖြတ်ရေး ပစ်မှတ်အရေအတွက်ဖြစ်လာမှာ ဖြစ်ပါတယ်။ တချက်က ရာအိမ်မှူး ဖြစ်တိုင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်တိုင်း လုပ်ကြံသတ်ဖြတ်တာမဟုတ်ပဲ သတင်းပေးသူ ပျူစောထီးအဖွဲ့ဝင် ဖြစ်သူ၊ သွေးသောက်အဖွဲ့ဝင်ဖြစ်သူတွေကိုသာ လုပ်ကြံသတ်ဖြတ်တာလို့လည်း ဆိုကောင်းဆိုနိုင်ပါတယ်။ သို့သော်လည်း ပျူစောထီးအဖွဲ့ဝင် ၊ သွေးသောက်အဖွဲ့ဝင် ဖြစ်တယ်ဆိုတဲ့ အချက်တွေက တခါတရံ မှားယွင်းတာတွေ မလိုမုန်းထားမှုကြောင့် စွပ်စွဲမှုတွေ အခြားသော အကြောင်းများကြောင့် စွပ်စွဲမှုတွေ ဖြစ်နိုင်ပြီး လုပ်ကြံသတ်ဖြတ်သူ မြို့ပြပြောက်ကျားအဖွဲ့တွေ အနေနဲ့ အထက်က စွပ်စွဲချက်တွေကို စိစစ်တဲ့ အတည်ပြုတဲ့ ယန္တရားလည်း ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ နို့မဟုတ်ခဲ့ရင် ရာအိမ်မှူး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်ပေမယ့်လည်း လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ပျူစောထီး အဖွဲ့ဝင်မဟုတ်သော်လည်း သံသယနဲ့ ဖြစ်စေ စွပ်စွဲခံရလို့ ဖြစ်စေ လုပ်ကြံသတ်ဖြတ်ခံရတာတွေက မြန်မာနိုင်ငံရေး သမိုင်းမှာ နာကြည်းစရာတွေ နှစ်နဲ့ချီကျန်ရစ်မယ့် သမိုင်းအမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။ 

ကမ္ဘောဒီးယား နိုင်ငံရဲ့ ပိုပေါ့ အုပ်ချုပ်ခဲ့တဲ့ ခမာနီခေတ်လိုမျိုးနဲ့ မနှိုင်းယှဥ်သာပေမယ့်လည်း အချို့သော အခြေအနေတွေက အဲဒီခေတ်ကာလတုန်းက ခမာနီတွေ အလွန်အကျွံ လုပ်ဆောင်ခဲ့တာတွေနဲ့ အလားသဏ္ဌာန်တူတဲ့ ပြည်သူအချင်းချင်း လက်ညှိုးထိုးပြီး အသတ်ခံရတဲ့ အဖြစ်မျိုးဆီ ဦးတည်သွားနိုင်ပါတယ်။ 

ခမာနီခေတ်တွေတုန်းက ကျေးရွာထဲမှာ အတူတူ နေထိုင်ကြသူအချင်းချင်းကို ကျေးရွာအုပ်ချုပ်သူက လက်ညှိုးထိုးလို့ ခမာနီတွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရတဲ့ မိသားစုထဲက ကျန်ရစ်သူ မိသားစုဝင်အနေနဲ့ လက်ညှိုးထိုးသူ ကျေးရွာလူကြီးကိုမြင်တိုင်း သူ့ခင်ပွန်းသတ်ဖြတ်ခံရတာ ဒီကျေးရွာလူကြီးကြောင့်ဆိုတာမျိုး စိတ်ဒဏ်ရာနဲ့ ဆယ်စုနှစ်များစွာ နေထိုင်ကြရတဲ့ အဖြစ်တွေရှိတယ်လို့ သတင်းမှတ်တမ်းဗီဒီယိုတွေ ဆောင်းပါးတွေမှာ တွေ့နိုင်ပါတယ်။ 

မြန်မာနိုင်ငံအခြေအနေက ခမာနီ အနေအထားလည်းမဟုတ်သလို အဲဒီလောက် အစွန်းရောက်တဲ့ နိုင်ငံရေးအယူအဆ လူသိန်းနဲ့ သန်းနဲ့ချီ သတ်ဖြတ်ဖို့ အနေအထားလည်းမဟုတ်ပေမယ့်လည်း တရားမျှတမှုဆိုင်ရာ အခြေခံ အယူအဆတွေက လက်နက်ကိုင်အဖွဲ့အနေနဲ့ဆို ပြောက်ကျားတပ်ဖွဲ့ဖြစ်စေ၊ တပ်ဖွဲ့နဲ့ စစ်ဆင်ရေး လှုပ်ရှားမှုလုပ်ကိုင်တဲ့ နေရာယူတိုက်ခိုက်ရေးတပ်ဖွဲ့တွေဖြစ်စေ ရှိဖို့ လိုအပ်မယ်လို့ ထင်မြင်ယူဆပါတယ်။ 

နို့မဟုတ်ခဲ့ရင် လက်စားချေရေး ဟိုဘက်ထောက်ခံသူ နဲ့ ကိုယ့်ဘက်ထောက်ခံသူ ဆိုတဲ့ ၂ မျိုးခွဲခြားပြီး တရားမျှတမှု နိုင်ငံတကာစည်းမျဥ်းဥပဒေတွေ ဘာကိုမှ အလေးမထားပဲ တုံ့ပြန်သတ်ဖြတ်နေခြင်းသက်သက်နဲ့ နိုင်ငံတည်ဆောက်ဖို့ မဖြစ်နိုင်ဘဲ ပိုမိုရှုပ်ထွေးတဲ့ ပဋိပက္ခထဲ ပိုမိုနက်ရှိုင်းတဲ့ ရန်ဖက်စစ်ပွဲ လက်စားခြေမှုတွေဆီကိုသာ ဦးတည်သွားနိုင်ပါတယ်။ 

ဒီနေ့အခြားသတင်းတပုဒ်မှာတော့ ဒလဘက်မှာ ဆိုက်ကားပေါ်မှာ ဗုံးပေါက်ကွဲပြီး ဆိုက်ကားပေါ် စီးနင်းလာသူ သေဆုံးပြီး ဆိုက်ကားဆရာက ပြင်းထန်တဲ့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ မသိရှိရသေးသော်လည်း လက်လုပ်မိုင်းကို သယ်ဆောင်လာစဥ် မတော်တဆ ဖြစ်ပြီးပေါက်ကွဲမှုဖြစ်တာလို့ ယူဆစရာရှိပါတယ်။ ဒလမြို့နယ်ထဲက ရပ်ကွက်တရပ်ကွက်တည်း နေထိုင်သူတွေ ဖြစ်ပြီး ဘယ်လို အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်သလဲတော့ မသိရသေးပါဘူး။ 

လက်နက်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ပေါက်ကွဲမှုတွေ သတင်းအကြောင်းအရာအပြင် အခြားသတင်းတပုဒ်မှာတော့ မီးဖိုချောင်သုံး သဘာဝဓာတ်ငွေ့ရည် ရန်ကုန်မြို့မှာ ပြတ်လပ်တဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သဘာဝဓာတ်ငွေ့ ထွက်ရှိတဲ့နိုင်ငံဖြစ်ပေမယ့်လည်း သဘာဝဓာတ်ငွေ့ ရည်အဖြစ် ထုတ်လုပ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး အားနည်းတာကြောင့် သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံကုမ္ပဏီလို၊ နိုင်ငံခြားရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေကို တိုက်ရိုက်ရောင်းချပြီး ကုန်ချောကို ပြန်ဝယ်သုံးနေတဲ့ အနေအထားဖြစ်ပါတယ်။ အခုလို ပြတ်လပ်ရခြင်းအကြောင်းရင်းက သဲကွဲစွာမသိရသေးသော်လည်း ပြည်ပပို့ကုန်၊ ပြည်ပက မိခင်နိုင်ငံပြန်ပို့လာတဲ့ လုပ်အားခ၊ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီ အစရှိတဲ့ ဒေါ်လာငွေတွေကို ဗဟိုဘဏ်က ၂၄ နာရီအတွင်း မြန်မာငွေနဲ့ ဗဟိုဘဏ်က ၂၄နာရီအတွင်း မြန်မာငွေနဲ့ လဲယူပြီး ဗဟိုဘဏ်က ချုပ်ကိုင် ထားတဲ့ကော်မတီမှာ သွင်းကုန်တင်သွင်းသူတွေအနေနဲ့ ပြန်ဝယ်ယူရတာဖြစ်လို့ စစ်ကောင်စီရဲ့ ဒေါ်လာငွေ ထိန်းချုပ်တဲ့စီမံခန့်ခွဲမှု စည်းမျဥ်းစည်းကမ်းတွေအရ အခုလို ကုန်ပစ္စည်းပြတ်လပ်မှု တွေ စျေးနှုန်းမတည်ငြိမ်မှု ဂယက်တွေ ရိုက်ခတ်လာတာလို့ ယူဆရပါတယ်။ 

ကိုဗစ်ကပ်ဘေးကာလ စီးပွားရေး ထိခိုက်မှုတွေအပြင် စီမံခန့်ခွဲမှုအလွဲလွဲအမှားမှားကြောင့် သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးပြိုကျလုနီးနီးဖြစ်ပွားအပြီး စစ်ကောင်စီအနေနဲ့ အခုလို ဒေါ်လာငွေကို တင်းကျပ်စွာ ထိန်းချုပ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar