Breaking News

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ


အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ 
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၂

အပိုင်း (၁)
တလောက ကျနော့်ပို့စ်တခုမှာ ကျနော် ဗီယက်နမ် မှတ်တမ်းရုပ်ရှင်တခု ကြည့်နေတဲ့အကြောင်း မိတ်ဆက်ရေးခဲ့တယ်။ 

ကျနော်တို့အသိ မြန်မာပညာရှင်တဦးက ဒီမှတ်တမ်းခွေတွေကို အကြိမ်ကြိမ် ပြန်ကြည့်နေမိတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒအပြောင်းအလဲတွေနဲ့ပတ်သက်လို့ အတော့်ကိုသင်ခန်းစာယူစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ ဒါနဲ့ပဲ အပိုင်း ၁၀ ပိုင်းကို ကျနော် အတော့်ကို သည်းညည်းခံ အပင်ပန်းခံကြည့်ဖြစ်တယ်။ 

အမေရိကန် ရုပ်မြင်သံကြားကုမ္ပဏီတခုဖြစ်တဲ့ PBS က ထုတ်လွှင့်ခဲ့တဲ့ The Vietnam War documentary ပဲ။ ၁၀ ပိုင်း ရှိတယ်။ တပိုင်းကို ပျမ်းမျှ ၂ နာရီလောက်ကြာတယ်။ ၁၀ ပိုင်းဆိုတော့ ၁၈ နာရီကြာတယ်။ ဂျက်ဖရီ ဆီးဝါ့ဒ် Geoffrey Seward က ရေးသားပြီး၊ ကင် ဘန်းစ် (Ken Burns) နဲ့ လင်း နိုဝစ်ခ် (Lynn Nowick) တို့က ညွှန်ကြားရိုက်ကူးတယ်။ အမှန်တကယ် ထုတ်လွှင့်မှုလုပ်ခဲ့တာ မကြာသေးဘူး။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာမှ ထုတ်လွှင့်ခဲ့တယ်လို့ သိရတယ်။ 

အနီးကပ် အာရှ/ကမ္ဘာ့ သမိုင်းမှာ ကျနော်တို့ မသိခဲ့တာတွေ၊ ကျနော်တို့ အပေါ်ယံသိတာတွေ အများကြီးပဲ။ အခုမှတ်တမ်းခွေတွေက သင်ခန်းစာတွေ၊ လေ့လာစရာတွေ အများကြီးပေးတယ်။ သူဗီဒီယိုမှတ်တမ်းအတိုင်း ပြန်ပုံနှိပ်ရင်တောင် အတော်ထူတဲ့စာအုပ်ဖြစ်ဖွယ် ရှိတယ်။ ကျနော်ကတော့ ကျနော့်ဘဝ ကြီးပြင်းလာပုံနဲ့ယှဉ်ပြီး၊ မှတ်မိသိရှိတာတွေ ပြန်ရေးပြချင်ပါတယ်။ 

ကျနော်က ၁၉၆၅ မှာမွေးတယ်။ (ကြီးပြီ)
ဗီယက်နမ်စစ်ပွဲက ကျနော်မမွေးခင် နှစ်တွေမှာ စဖြစ်တာ။ ဒီလို ကျနော့်မွေးနှစ်ကို ထည့်ပြောရတာက အော်.. ဒါတွေက ငါ မမွေးခင်မှာ ဖြစ်သွားတာပါလား၊ ဒါတွေက ငါငယ်ငယ်မှာဖြစ်ခဲ့ပြီး မသိလိုက်ရပါလား၊ ဒါတွေက ငါလူပျိုဘဝမှာ ဖြစ်ပျက်ခဲ့တာတွေ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မြန်မာပြည်မှာနေထိုင်ပြီး ကမ္ဘာကြီးကို မငဲ့ကြည့်မိဘဲ၊ ဘေးအိမ်နီးချင်းနိုင်ငံတွေမှာ ဘာတွေဖြစ်နေခဲ့တာတွေကို မငဲ့ကြည့်မိဘဲ ကြီးပြင်းခဲ့တာတွေကို ဖော်ပြချင်လို့ပါ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ ဗီယက်နမ်စစ်ပွဲ အထိမ်းအမှတ် (Vietnam war memorial) ကို ကျနော် ခနခန ရောက်ခဲ့ဖြစ်တယ်။ ပြောရရင် ၁၉၈၂ ခုနှစ်ကမှ ဆောက်လို့ပြီးစီးခဲ့တယ်။ (ကျနော် ၁၀ တန်းအောင်တဲ့နှစ်)။ ဒီကြားထဲမှာ စစ်ပွဲကြောင့် လူမှု- စီးပွား ဘဝတွေ မုန်တိုင်းထန်ခဲ့တာ၊ ဒေသတွင်း နိုင်ငံရေး/ မဟာမိတ်ဖွဲ့မှုတွေကို မသိခဲ့ဘူး။ အဲဒီလူငယ်ကာလက စိတ်ဝင်စားရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကထုတ်တဲ့ “နိုင်ငံတကာ ရေးရာစာစောင်” ဖတ်လို့ရတယ်။ အီသီယိုပီးယားဆိုတာ ဆင်းရဲစုတ်ပြတ်နေတဲ့နိုင်ငံလို့ သိတယ်။ ဘာကြောင့်မှန်းမသိ၊ ဒုက္ခရောက်နေတဲ့ ဗီယက်နမ်လှေစီးပြေးဒုက္ခသည်တွေကို သတင်းစာထဲ ဖတ်ရတယ်။ ကျနော်တို့ကတော့ “သား စာကြိုးစား… ဆယ်တန်းအောင်တဲ့အခါ အမှတ်ကောင်းရင် ဆေးကျောင်းတက်၊ ဆရာဝန်ကြီး ဖြစ်မယ်” ဆိုတာနဲ့ ကြီးပြင်းခဲ့တာ။ အခုမှ မအအောင်၊ သမိုင်းကို ပြန်ကြည့်မိတဲ့ သဘော။ 

နောက်ခံသမိုင်း
အရင်ကတော့ အင်ဒိုချိုင်းနားဒေသဟာ ၁၉ ရာစုနှောင်းပိုင်းကာလတွေမှာ ပြင်သစ်ကိုလိုနီပဲ။ ပြင်သစ်က အုပ်ချုပ်ထားခဲ့ တယ်။ သိကြတဲ့အတိုင်း ဒုတိယ ကမ္ဘာစစ်ဖြစ်လာတော့ ဂျပန်က အင်ဒိုချိုင်းနားဒေသကို ဝင်လာတယ်။ (မြန်မာပြည်ကိုလည်း ကျူးကျော်ခဲ့တယ်)။ ဂျပန်ကျူးကျော်စစ်ကာလမှာ ဟိုချီမင်းဦးဆောင်တဲ့ ကွန်မြူနစ်ပြောက်ကျားတွေက ဂျပန်တော်လှန်ရေးလုပ်ကြတယ်။ အဲဒီအချိန်က ယူအက်စ်၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်တို့က ဗီယက်မင်းတွေဖက်က ကူညီခဲ့ကြတယ်။ နောက်ပိုင်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးလို့ ဂျပန်လက်နက်ချတော့ ဂျပန်လက်နက်တွေကို ဗီယက်မင်းတွေ ရလိုက်ကြတယ်။ စစ်ပြီးတော့ မြန်မာပြည်မှာ ဗြိတိသျှတို့ အုပ်ချုပ်ရေး ပြန်လာသလို၊ ဗီယက်နမ်မှာလည်း ပြင်သစ်တွေက ပြန်ရောက်လာကြတယ်။ ၁၉၄၅  စက်တင်ဘာလ ဂျပန်တွေလက်နက်ချတဲ့နေ့မှာပဲ ဟိုချီမင်းက ဗီယက်နမ်နိုင်ငံ လွတ်မြောက်ကြောင်းနဲ့ ဒီမိုကရက်တစ် ဗီယက်နမ် သမ္မတနိုင်ငံ Democratic Republic of Vietnam (DRV) အဖြစ် ကြေညာတယ်။ အရင်က ပြောက်ကျား ဗီယက်မင်းတပ်ဖွဲ့တွေက ပုံမှန် တပ်မတော် ဖြစ်လာတယ်။ ပြင်သစ်တွေက ပြန်ဝင်လာပြီး အုပ်ချုပ်ရေး ပြန်ချဖို့ ကြိုးစားကြတယ်။ 

ဒီလိုနဲ့ နာမည်ကျော် ဒိန်ဘင်ဖူး တိုက်ပွဲကြီး (၁၉၅၄) ချရပြန်တယ်။ ပြင်သစ်တွေက စစ်ဆင်ရေးလုပ်ပြီး ဒိန်ဘင်ဖူး တောင်တန်းမှာ တပ်စွဲတယ်။ အကြောင်းကတော့ ဗီယက်မင်းတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ပဲ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး ဝင်းဇပ် ဦးဆောင်မှုအောက်က ဗီယက်နမ်တပ်တွေက ပြင်သစ်တွေကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတယ်။ (ဒီနေရာမှာ ကျနော်တို့က ဗိုလ်ချုပ်ကြီး ငုယင် ဂီယက် Nguyen Giap လို့ အသံထွက်ခေါ်ပေမယ့်၊ အသံထွက် အမှန်က “ဝင်းဇပ်” နဲ့ ပိုနီးတယ်)

ဒိန်ဘင်ဖူးကို ဝိုင်းပတ်ထားတာ ၂ လကြာတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောင်ကုန်း၊ လျှိုမြောင်တွေကြားက လက်နက်ကြီးတွေရအောင်သယ်၊ နေရာချတယ်။ တူးမြောင်းတွေ တူးတယ်။ နောက်ပိုင်း ပြင်သစ်တွေနေရာကို လက်နက်ကြီး စုပြုံပြီးခတ်တာ မခံနိုင်တော့ဘူး။ ပြင်သစ်တပ်သား ၁၁,၀၀၀ ကျော် ဖမ်းမိတယ်။ ဒီနောက်ပိုင်းမှာတော့ စစ်ပြေငြိမ်းရေးစာချုပ် (ဂျီနီဗာ သဘောတူညီချက်- ၁၉၅၄) ကို ပြင်သစ်က သဘောတူရတော့တယ်။ အင်ဒိုချိုင်းနား ကိုလိုနီတွေက ပြန်လည်ဆုတ်ပေးရေးကို သဘောတူရတယ်။ ဒါပေမယ့် ဗီယက်နမ်ကိုတော့ သူက တဝက်တပျက်ပဲ ဆုတ်ပေးတယ်။ ၁၇ မျဉ်းပြိုင် (17th parallel) မှာ တောင်ဗီယက်နမ်- မြောက်ဗီယက်နမ် ခြားစေတယ်။ မြောက်မှာတော့ ဟိုချီမင်းဦးဆောင်တဲ့ Democratic Republic of Vietnam ရှိမယ်။ တောင်ဖက်မှာတော့ အင်ပိုင်ယာဘုရင် ဘောင်ဒိုင်း (Bảo Đại) ဦးဆောင်တဲ့ State of Vietnam ရှိမယ်။ ပြင်သစ်တပ်တွေကလည်း တောင်ပိုင်းမှာ မဆုတ်သေးဘဲ ဆက်ပြီးရှိဦးမယ်။ 


အမေရိကန်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်အပြီးမှာ နိုင်ငံအများအပြား လွတ်မြောက်ရေးကို ထောက်ခံတယ်။ ဒါကြောင့် နိုင်ငံအများအပြား လွတ်မြောက်လာကြတယ်။ ဒါပေမယ့် ဗီယက်နမ်မှာတော့ တမျိုးတဘာသာ။ ၁၉၅၀ ခုနှစ်တွေကတည်းက စပြီး၊ ဗီယက်နမ်မှာ ပြင်သစ်ကို စစ်ရေးကူညီခဲ့တယ်။ ဖော်ပြချက်တွေအရ ပြင်သစ်စစ်ရေး ကုန်ကျစရိတ်ရဲ့ ၈၀ % ကို ယူအက်စ်က ပခုံးထမ်းပေးခဲ့တယ်လို့ ဆိုတယ်။ ဒေါ်လာ ၁ ဘီလီယံလောက်တောင် ရှိနိုင်တယ်။ ၁၉၅၀ ခုနှစ်များ ကတည်းက စစ်ရေးကျွမ်းကျင်သူတွေ၊ အကြံဉာဏ်၊ မဟာဗျူဟာ ကူညီမှုတွေ ပေးခဲ့တယ်။ ဗီယက်နမ်ဖက်ကလည်း တရုတ်၊ ဆိုဗီယက် ယူနီယံတို့က ကူပါတယ်။ ဒိန်ဘင်ဖူး တိုက်ပွဲကာလမှာတောင် တုန်ကင်ပင်လယ်ကွေ့ထဲရှိနေတဲ့ အမေရိကန်လေယာဉ်တင် သင်္ဘောတွေက ကင်းထောက်လေယာဉ်တွေ ပျံပြီး ကူညီခဲ့ဖူးတယ်လို့ ဖော်ပြတယ်။ 

၁၇ မျဉ်းပြိုင်မှာ ဗီယက်နမ် ၂ ခြမ်းပိုင်းခဲ့ရတာကလည်း အကြောင်းရှိတယ်။ ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ ဆိုဗီယက်ယူနီယံက သိမ်းပိုက်ထားတဲ့ ဒေသတွေနဲ့၊ အမေရိကန်ပြည်ထောင်စုက သိမ်းပိုက်ထားတဲ့ ဒေသတွေအကြား ၃၈ မျဉ်းပြိုင် (38th parallel) မှာ တောင်ကိုရီးယား- မြောက်ကိုရီးယားအဖြစ် ခွဲခြမ်းဖို့ သဘောတူခဲ့ကြတယ်။ နောက်ပိုင်းတော့ ၁၉၅၀ ခုနှစ် အဆန်းပိုင်း နှစ်များမှာ မြောက်-တောင်ကိုရီးယားစစ်ပွဲ ဖြစ်ခဲ့တယ်။ 

အခု ၁၇ မျဉ်းပြိုင်မှာ ဗီယက်နမ် ၂- ခြမ်းပိုင်းခဲ့ရတာကလည်း နိုင်ငံတကာက အရင်လုပ်ခဲ့ဖူးတဲ့ ပုံစံကို ပြန်အဆိုပြုတာပါပဲ။ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကတော့ ဟိုချီမင်းကို နားချတယ်။ လက်ခံလိုက်ပါ။ သူတို့က ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေဖြစ်ပြီး ကိုရီးယားစစ်ပွဲမှာ ပန်းနေတာနဲ့ နောက်ထပ် စစ်တပွဲ မဆင်နွှဲချင်သေးဘူး။ အရင် ကိုရီးယားမှာ တောင်-မြောက် ခွဲသလို၊ ဗီယက်နမ်ကိုလည်း ၁၇ မျဉ်းပြိုင်မှာ ဗီယက် နမ် ၂ ခြမ်းပိုင်းခဲ့တယ်။ ဟိုချီမင်းဦးဆောင်တဲ့ မြောက်ဗီယက်နမ်ကိုတော့ တရုတ်နဲ့ ဆိုဗီယက်ယူနီယံက တရားဝင် အသိအမှတ်ပြုတယ်။ ဘုရင်စနစ် တောင်ဗီယက်နမ်ကိုတော့ ယူအက်စ်၊ ဂရိတ် ဗြိတိန်တို့က အသိအမှတ်ပြုတယ်။ ပြင်သစ်တပ်တွေကလည်း တောင်ပိုင်းမှာ ရှိနေကြတုန်း။ 

တခြားနောက်ခံကားကတော့ စစ်အေးတိုက်ပွဲ (အယူဝါဒရေးရာတိုက်ပွဲ) က တဖြည်းဖြည်း ပြင်းထန်လာတယ်။ အင်ဒိုချိုင်းနားဒေသ စစ်ပွဲတွေက ဆိုဗီယက်ယူနီယံက ညွှန်ကြားနေတဲ့ ကွန်မြူနစ်ဝါဒ ချဲ့ထွင်ရေးအဖြစ် ဝါရှင်တန်ဒီစီမှာရှိတဲ့ မူဝါဒချမှတ်သူတွေက မြင်ကြတယ်။ 

အခြားတဖက်မှာတော့ ၁၉၆၀ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဂျွန် အက်ဖ် ကနေဒီက သမ္မတ ဖြစ်လာခဲ့တယ်။ အသက် ၄၄-နှစ်မှာ သမ္မတဖြစ်လာပြီးတော့ အမေရိကန်သမ္မတထဲမှာ အသက်အငယ်ဆုံး ရွေးချယ်ခံရသူ ဖြစ်လာတယ်။ သူ့မှာက ကွန်မြူနစ်ခြိမ်းခြောက်မှုကို အန္တရာယ်လို့ မြင်ထားပြီး၊ ပြင်းထန်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးသမားလို့ ဆိုကြတယ်။ သူ့အုပ်ချုပ်ရေးကာလမှာပဲ စစ်အေးတိုက်ပွဲ ပိုပြင်းထန်လာခဲ့တယ်။ သူ့မတိုင်မီကလည်း အမေရိကန်မှာ လွှမ်းမိုးထားတဲ့ အယူအဆတွေ ရှိကြတယ်။ ဒုတိယကမ္ဘာစစ်ပြီးကတည်း က အရှေ့ဥရောပကို ဆိုဗီယက်ယူနီယံက လွှမ်းမိုးထားတယ်။ အမေရိကန်က ကျန်ဥရောပနိုင်ငံတွေကို ကွန်မြူနစ် ဖြစ်မသွားစေချင်ဘူး။ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီက ၁၉၄၆ မှာ “သံမဏိ ကန့်လန့်ကာ (Iron curtain)” အယူအဆကို ပြောခဲ့တယ်။ ဒီလိုနဲ့ အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းက ၁၉၄၇ ခုနှစ်မှာ ဂရိ၊ တူရကီအစိုးရတွေကို ကွန်မြူနစ်တွေ အနိုင်မရနိုင်အောင် ပြည်တွင်းစစ်မှာ ကူခဲ့တယ်။ နောက်ပိုင်း အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်းဝါးက ၁၉၅၄ ခုနှစ်မှာ “ဒိုမီနို သက်ရောက်မှု သီအိုရီ” ကို ပြောခဲ့တယ်။ သဘောက ဒိုမီနိုတွေ တခုပြိုလဲရင် နောက်တခု ပြိုလဲသလို၊ နိုင်ငံတခုပြီးတခု ကွန်မြူနစ်ဖြစ်သွားနိုင်တဲ့ အရေးကို ပြောခဲ့တာ။

ဒီလို လွှမ်းမိုးမှုတွေနဲ့ ၁၉၆၁ မှာ အသက်ငယ်ရွယ်သူ သမ္မတ ကနေဒီဖြစ်လာတယ်။ ဒီကိစ္စတွေ ဖြစ်ပေါ်နေစဉ်မှာ ကျနော် မမွေးသေးဘူး။ 

အပိုင်း (၂)
ဗီယက်နမ်စစ်ပွဲဟာ အမေရိကန်သမ္မတ ၅ ဆက်တိုင်တိုင် ပါဝင်ပတ်သက်ခဲ့ပြီး တန်ဖိုးကြီးခဲ့တယ်။ ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်စစ်သား ၅၈,၀၀၀ ကျော် သေကြေခဲ့တယ်။ ဒီထက်ပိုပြီး အများအပြား ဒဏ်ရာရခဲ့တယ်။ ဗီယက်နမ်ဖက်ကတော့ တောင်နဲ့‌ မြောက်ဗီယက်နမ်ပေါင်းမှာ လူထုပေါင်း ၃ သန်းလောက် သေကြေပျက်စီးခဲ့မယ်လို့ ယူဆတယ်။ 

အမှန်ကတော့ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းဟာ အမေရိကန်ကို သဘောကျပါတယ်။ သူက ဒုတိယကမ္ဘာစစ်အပြီး စစ်နိုင်တဲ့နိုင်ငံတွေ သဘောတူညီချုပ်ဆိုတဲ့ အတ္တလန်တစ် စာချုပ် (Atlantic charter) အရ စစ်ကြီးပြီးရင် နိုင်ငံအများကို လွတ်လပ်ရေး ရစေမယ်ဆိုတာ သဘောကျတယ်။ အမေရိကန် သမ္မတ ဖရင်ကလင် ဒီ၊ ရုစဗဲ့က လူတိုင်းဟာ “သူတို့နေထိုင်တဲ့အတိုင်း အစိုးရရဲ့ ပုံသဏ္ဌာန်ကို ရွေးချယ်ခွင့်ရစေမယ်” (all people had a right “to choose the form of government under which they will live.”) လို့ မိန့်ခွန်းပြောခဲ့တာကိုလည်း သဘောကျတယ်။ ဂျပန်တော်လှန်ရေးကာလ ဗီယက်မင်းတပ်ဖွဲ့တွေက တချိန်မှာ စီအိုင်အေဖြစ်လာမယ့် တင်ကြိုအဖွဲ့ဆီကလည်း အကူအညီတွေ ရယူခဲ့တယ်။ ဂျပန်တပ်တွေနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေ၊ လေကြောင်းကနေချပေးတဲ့ လက်နက်အကူအညီတွေ ရယူခဲ့တယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ဂျပန်တွေလက်နက်ချတော့ “ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေး” ကြေညာခဲ့တဲ့ မိန့်ခွန်းမှာလည်း ဟိုချီမင်းက အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အပိုဒ်အချို့ကို ထည့်သွင်းကိုးကား ပြောခဲ့သေးတယ်။ 

ဒါပေမယ့် ရုစဗဲ့ကိုဆက်ခံတဲ့ အမေရိကန်သမ္မတ ထရူးမင်းကာလမှာကျတော့ အရင် ကိုလိုနီတွေ လွတ်မြောက် ရေးရပ်တည်ချက်တွေ မရှိတော့ဘူး။ သူက တကျော့ပြန် ကိုလိုနီပြုလာတဲ့ ပြင်သစ်တွေကို စစ်ရေးအရ ကူညီတယ်။ ထရူးမင်းလက်ထက်မှာ အမေရိကန်နိုင်ငံခြားရေး မူဝါဒက “ကွန်မြူနစ်ဝါဒ ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေ တည်ငြိမ်ရေးအတွက် ကူညီဖို့” ဖြစ်လာတယ်။ ဒီလိုနဲ့ ၁၉၅၀ ခုနှစ်များမှာ ကိုရီးယားကျွန်းဆွယ် စစ်ပွဲတွေ တိုက်ခဲ့တယ်။ မြောက်ကိုရီးယားဖက်က ဆိုဗီယက်ယူနီယံနဲ့ တရုတ်တို့က ကူပြီး၊ တောင်ကိုရီးယားဖက်က ကုလသမဂ္ဂ နာမည်အောက်မှာ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့ ကူညီခဲ့ကြတယ်။ အဲဒီအချိန်လောက်မှာပဲ ဗီယက်မင်း (အခုတော့ လွတ်လပ်တဲ့ ဗီယက်နမ်သမ္မတနိုင်ငံ) ဆီကို တရုတ်နဲ့ ဆိုဗီယက်ယူနီယံက အကူအညီတွေ ဆင်းလာခဲ့ကြတယ်။ ထရူးမင်းအဖို့ ဗီယက်နမ်အပေါ် သူကြည့်တဲ့မျက်မှန်က ပြောင်းသွားတယ်။ “စစ်အေးတိုက်ပွဲ အမြင်နဲ့” ကြည့်မြင်တာမျိုး ဖြစ်လာတယ်။ 

ထရူးမင်းကာလမှာ ပြင်သစ်တပ်တွေအတွက် အမေရိကန်က စစ်ရေးအကြံပေး ၃၅ ယောက် စလွှတ်တယ်။ ဒေါ်လာသန်းနဲ့ ချီ စစ်ရေးအကူအညီတွေ ပေးတယ်။ ထရူးမင်း သမ္မတသက်တန်းကုန်ခါနီးကျတော့ ဗီယက်နမ်မှာ ပြင်သစ် စစ်စရိတ်ရဲ့ သုံးပုံ တပုံ လောက်ကို အမေရိကန်က ကျခံနေသလိုမျိုး ဖြစ်နေခဲ့ပြီ။ နောက်ပိုင်း ပြင်သစ် စစ်စရိတ်ရဲ့ ၈၀% လောက်အထိကို အမေရိကန်က ကျခံခဲ့တယ်။ 

ထရူးမင်းနောက်ပိုင်း သမ္မတဖြစ်လာတဲ့ အိုင်ဆင်ဟောင်းဝါး လက်ထက်မှာပဲ ပြင်သစ်တပ်တွေ အလဲအကွဲဖြစ်ရတဲ့ “ဒိန်ဘင်ဖူး တိုက်ပွဲကြီး” ဖြစ်တာ။ သမ္မတ အိုင်ဆင်ဟောင်းဝါးက အမေရိကန်အနေနဲ့ ဗီယက်နမ်မှာ စစ်ရေးအရ ထပ်ပြီး ထဲထဲဝင်ဝင် မပတ်သက်လိုဘူး။ ကိုရီးယားစစ်ပွဲလည်း ပြီးထားတာ မကြာသေးတော့ နောက် ထပ်စစ်တပွဲ မဆင်နွှဲချင်ဘူး။ ဒါပေမယ့် ဒိန်ဘင်ဖူးတိုက်ပွဲမှာ အမေရိကန်က အနုမြူဗုံးသုံးဖို့အထိ စဉ်းစားခဲ့တဲ့ အထောက်အထားတွေလည်း တွေ့ရတယ်။ အမေရိကန်က လေကြောင်းစစ်ကူပေးရင်း၊ ဗီယက်နမ်တပ်တွေအပေါ် အနုမြူဗုံး အငယ်စားကျဲချစေဖို့ပဲ။ ဒါပေမယ့် တပ်တွေ သိပ်နီးကပ်ရောထွေး နေတာရယ်၊ နိုင်ငံအချို့ ကန့်ကွက်တာတွေကြောင်း မဖြစ်ခဲ့ဖူး။ 

ကိုလိုနီဟောင်းနိုင်ငံတွေ စဉ်းစားပုံက သိပ်စိတ်ဝင်စားစရာကောင်းတယ်။ တခါက ကျနော် ပို့စ်တခုတင်ခဲ့ဖူးတယ်။ ယူဗဲ နိုအာ ဟာရာရီရဲ့ Yuval Noah Harari- 21 Lessons for the 21st Century ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု စာအုပ်ထဲက ဖတ်မိလို့ ကြိုက်မိတာလေး။ 
(သီဟဝင့်အောင် ဘာသာပြန်) သင်ခန်းစာ -၁ မှ 
“၁၉၁၈ တွင် [ပထမကမ္ဘာစစ်ကြီးအပြီးမှာ] အောင်ပွဲရ ဗြိတိန်နှင့် ပြင်သစ်တို့ အားကြိုးမာန်တက် လွတ်လပ်မှုအကြောင်း ဆွေး‌နွေးကြသောအခါ သူတို့၏ နယ်ချဲ့အင်ပါယာကြီးများအတွင်းမှ ကျေးတော်မျိုး ကျွန်တော်မျိုးများကို ထည့်သွင်းစဉ်းစားခြင်း မရှိချေ။ ဥပမာ — အိန္ဒိယ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုမှုကို ၁၉၁၉ တွင် ဗြိတိသျှစစ်တပ်က လက်နက်မဲ့ ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သော အမ္မရစ်ဆာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးဖြင့် အဖြေပေးခြင်းမျိုး ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်ပင် အနောက်လစ်ဘရယ်များမှာ သူတို့၏ ကမ္ဘာလုံးဆိုင်ရာဟုဆိုကြသော စံတန်ဖိုးများကို အနောက်ကမ္ဘာမှ မဟုတ်သော လူများကိုပေးဖို့ရန် ဝန်လေးနေကြဆဲ ဖြစ်သည်။ ဆိုတော့ကား နာဇီများ၏ ရက်စက်ကြမ်းကြုတ်သော ၅ နှစ်ကြာ သိမ်းပိုက်အုပ်စိုးမှုမှ ဒတ်ချ်များ ၁၉၄၅ တွင် လွတ်လာပြီးပြီးချင်း ပထမဆုံးလုပ်သည်မှာ စစ်တပ်ပြန်ထူထောင်ပြီး ကမ္ဘာတဝက်လောက်ခြားသော သူတို့၏ ကိုလိုနီဟောင်း အင်ဒိုနီးရှားကို ပြန်သိမ်းဖို့ လွှတ်လိုက်ခြင်းဖြစ်၏။ ၁၉၄၀ တုန်းက တော့ ဒတ်ချ်များမှာ သူတို့လွတ်လွပ်ရေးကို လေးရက်လောက်ကြာ ခုခံတိုက်ခိုက်ပြီး အရှုံးပေးလိုက်သော်လည်း အင်ဒိုနီးရှား လွတ်လပ်ရေး လှုပ်ရှားမှုကိုမူ ၄ နှစ်ကျော်ကြာ ခါးခါးသီးသီး တိုက်ပွဲဆင်နွှဲ ဖိနှိပ်လေသည်။” အဲသည်လိုမျိုးပါ။ 


ဗီယက်နမ်-ပြင်သစ် “ဂျီနီဗာ သဘောတူညီချက်” အရ ၁၇ မျဉ်းပြိုင်မှာ အပစ်ရပ်ပြီး နိုင်ငံခွဲတာ သဘောတူညီပြီးနောက် ရက်ပေါင်း ၃၀၀ အတွင်း ပြင်သစ်တပ်တွေက မြောက်ပိုင်းက ဆုတ်ပေးရတယ်။ ၁၉၅၆ ခုနှစ်မှာ တနိုင်ငံလုံး (တောင်- မြောက် အပါအဝင်) ရွေးကောက်ပွဲ ကျင်းပပေးပြီး ဗီယက်နမ်ကို ပြန်ပေါင်းစည်းနိုင်ဖို့ စဉ်းစားထားကြတယ်။ မြောက်ပိုင်းမှာ ဟိုချီမင်းက ဦးဆောင်နေတယ်။ တောင်ပိုင်းမှာ ဟိုချီမင်းနိုင်မှာကို စိုးရိမ်လို့ အမေရိကန်ပြည်ထောင်စုက တောင်ပိုင်းမှာ ငိုဒင်ဇင်း (Ngo Dinh Diem) ကို ကျောထောက် နောက်ခံပေးခဲ့ကြတယ်။ [ ဒီနေရာမှာလည်း Diem လို့ ပေါင်းပေမယ့် အသံထွက်က “ဇင်း” နဲ့ ပိုတူတယ်။] အမေရိကန်က တောင်ပိုင်းမှာ ငိုဒင်ဇင်းအတွက် စီးပွားရေး ပြန်လည်နာလံထရေး အထောက်အပံ့၊ ငွေကြေးနဲ့ လက်နက်တွေထောက်ပံ့ပေးခဲ့ကြတယ်။ ၁၉၅၅ ခုနှစ်ကနေ ၁၉၆၀ အထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်နဲ့ အမေရိကန် စစ်ရေးအကြံပေး ၁,၀၀၀ လောက် ရောက်လာကြပြီ။ တောင်-မြောက် ဗီယက်နမ် ၁၇ မျဉ်းပြိုင်မှာခွဲတော့ မြောက်ဖက်ခြမ်းမှာမနေချင်တဲ့ ဗီယက်နမ်ဒုက္ခသည် ၉၀၀,၀၀၀ လောက်က တောင်ဖက်ကို သင်္ဘော၊ လှေ စတာတွေနဲ့ ထွက်ပြေး လာခဲ့ကြတယ်။ (ဗီယက်နမ်ဒုက္ခသည်က အဲဒီကတည်းကစတာ)  

သမ္မတ အိုင်ဆင်ဟောင်းဝါး လက်ထက်မှာပဲ “ဒိုမီနို သက်ရောက်မှု သီအိုရီ” ကို ပြောခဲ့တာ။ သူ့ကာလ အမေရိကန်နိုင်ငံခြားရေး မူဝါဒဖြစ်ဖို့ ရှိတယ်။ သမ္မတ အိုင်ဆင်ဟောင်းဝါး သက်တန်းကုန်ခါနီးလောက်မှာ ဗီယက်နမ်တောင်ပိုင်းမှာ တိုက်ခိုက်မှုတွေ ထင်ထင်ပေါ်ပေါ် ဖြစ်လာခဲ့ပြီ။ ငိုဒင်ဇင်းရဲ့ တပ်တွေ (ဒီနေရာမှာ ARVN – Army of Republic of Vietnam) ဗီယက်နမ် သမ္မတနိုင်ငံရဲ့ တပ်မတော် (အာဗင်) နဲ့ ဗီယက်ကောင်းတွေကြား တိုက်ပွဲတွေ ဖြစ်လာတယ်။ ဗီယက်ကောင်းဆိုတာကတော့ တောင်ဗီယက်နမ်အစိုးရကို ဆန့်ကျင်ပုန်ကန်ကြတော့ တောင်ဗီယက်နမ် တော်လှန်ရေးသမားတွေပဲ။ သူတို့က ကိုယ်ပိုင်စုဖွဲ့မှုပုံစံရှိပေမယ့်၊ မြောက်ဗီယက်နမ်ဖက်က ထောက်ပံ့မှုပေးတယ်။ ရက်စက် ညစ်ပတ်တဲ့ စစ်ပွဲတွေလို့ ဆိုတယ်။ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်တာ၊ ရက်စက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ဒလန်ဆိုပြီး ရှင်းပစ်တာ နှစ်ဖက်စလုံးက လုပ်ခဲ့ကြတယ်။ တောင်ဗီယက်နမ်အစိုးရနဲ့ စစ်တပ်ကလည်း လာဘ်စားတာ နာမည်ကျော်တယ်။ သမ္မတ ငိုဒင်ဇင်းရဲ့ညီ၊ လက်စောင်း ထက်လှတဲ့ ငိုဒင်နု (Ngo Dinh Nhu) က ကန်လောင်ဝ် (Can Lao) လို့ခေါ်တဲ့ လျှို့ဝှက်တပ်ဖွဲ့ ဖွဲ့ထားတယ်။ ထောက်လှမ်းရေးလိုမျိုး၊ အစိုးရဌာနတွေထဲ၊ စစ်တပ်ယူနစ်ထဲ ကျယ်ကျယ်ပြန့်ပြန့် ပါနေကြတယ်။ ကျောင်းတွေ၊ သတင်းစာတွေ၊ စီးပွားရေးလုပ်ငန်းတွေထဲလည်း ပါကြတယ်။ ငွေညှစ်တာ၊ အကျပ်ကိုင်တာ၊ အာဏာအတွက် အလုပ်လုပ်ပေးကြတယ်။ နောက်ပိုင်းမှာ သမ္မတထက် ငိုဒင်နုက ပိုဩဇာကြီးခဲ့တယ်။ 

ပြင်သစ်တွေကလည်း တောင်ပိုင်းမှာ သူတို့ လက်မရွံ့ (ပြူစောထီးလို) အင်အားစုတွေက လက်ကျန်ရှိနေတုန်းပဲ။ “ဘင်ဆွင်” (Bình Xuyên) လို့ ခေါ်တယ်။ ပြင်သစ်တပ်တွေက ပြည်သူ့စစ်လက်နက်ကိုင်တွေလိုမျိုး ၁၉၂၀ ခုနှစ်တွေကတည်းက လေ့ကျင့်ပေးခဲ့တာ။ သူတို့က လူမိုက်ဂိုဏ်းလိုပြုမူတယ်။ ပြန်ပေးဆွဲတယ်၊ ငွေညှစ်တယ်၊ မှောင်ခိုလုပ်တယ်။ အတိုက်အခံတွေကို ရက်ရက်စက်စက် လက်စဖျောက်တဲ့ လုပ်ငန်းတွေမှာ ပါတယ်။ တောင်ဗီယက်နမ်ဘုရင် ဘောင်ဒိုင်း (Bảo Đại) လက်ထက်မှာ ဗီယက်ကောင်းတွေကို အာခံဖို့ ဗီယက်နမ်တပ်မတော်က အားမကောင်းလေတော့ ဘုရင်က ကွန်မြူနစ်မဟုတ်တဲ့ ပုဂ္ဂလိကစစ်တပ်လေးတွေကိုလည်း ခွင့်ပြုထားပေးရတယ်။ ၁၉၅၅ ခုနှစ်လောက်အထိ ပြည့်တန်ဆာခန်းထောင်တာ၊ လူမိုက်ဂိုဏ်းလို သက် မွေးတာတွေနဲ့ ဩဇာကြီးနေကြတယ်။ နောက်ပိုင်း တောင်ဗီယက်နမ် စစ်တပ် (အာဗင်) နဲ့ ဘင်ဆွင် ညိကြတော့တယ်။ တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီး ဘင်ဆွင် ဖျက်သိမ်းခံရတယ်။ ဘင်ဆွင်ခေါင်းဆောင် ဗီယန် (Vien) က ငိုဒင်ဇင်းအစိုးရကို ဖြုတ်ချဖို့ ကြံသေးတယ်။ မအောင်မြင်တဲ့အခါ ပါရီကို ထွက်ပြေးရတယ်။ ပြောရရင် အစပိုင်းမှာ တကယ့်ကို ရှုပ်ထွေး၊ ညစ်ပတ်တဲ့ စစ်ပွဲကြီးပဲ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar